သင့်ဘဝကိုခက်ခဲစေသည့်အရာများ

ကိုယ့်အလှည့်ကျမှ ခက်ခဲလိုက်တာဆိုပြီး ညည်းညူဖူးသလား။ တော်တော်များများကတော့ အဲဒီလိုညည်းညူဖူးမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်၊ ကိုယ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒီလိုမျိုးကိုယ့်အလှည့်ကျမှ ခက်ခဲလိုက်တာလို့ထင်နေတယ်၊ တကယ်လည်း ကိုယ့်အလှည့်ကျမှ ခက်ခဲနေတယ်ဆိုရင် အောက်ကအချက်တွေထဲမှာများ ကိုယ့်အကျင့်တွေထဲပါနေသလား တိုက်ကြည့်လိုက်ပါနော်။ တခါတလေ ကိုယ်သတိမထားမိလိုက်တဲ့ ကိုယ့်အရဲ့အကျင့်အချို့က ကိုယ့်ဘဝကို ပိုပြီးခက်ခဲလာစေပါတယ်။


၁) ဘယ်အရာကိုမဆို စတင်ဖို့ တွန့်ဆုတ်နေခြင်း
တစ်ခုခုကို ကိုယ်တိုင်ကရည်ရွယ်ထားတာမျိုး၊ လုပ်မယ်လို့ တွေးထားတာမျိုးရှိပေမယ့် အတွေးပေါ်တာနဲ့ထလုပ်လိုက်တာမျိုးမဟုတ်ဘဲ ဖြစ်ပါ့မလား၊ လုပ်နိုင်ပါ့မလားဆိုတဲ့အတွေးတွေနဲ့ စတင်ဖို့တွန့်ဆုတ်နေတာမျိုးပါ။ အဲဒီ့အကျင့်က ဘယ်တော့မှ မစတင်ဖြစ်တော့ဘဲ စိတ်အားထက်သန်နေတဲ့အချိန်မှာတောင် တွန့်ဆုတ်နေတာကြောင့် အချိန်ကြာလေ စိတ်အားထက်သန်မှုလျှော့လေနဲ့ လုပ်ဖို့အခွင့်အရေးနည်းသွားတတ်ပါတယ်။ အဲဒါကြောင့် သင့်ရည်မှန်းချက်နဲ့ဖြစ်စေ၊ သင်ဆုံးဖြတ်ချက်နဲ့ဖြစ်စေ၊ သင့်အတွက်တိုးတက်ရာတစ်ခုခုကိုဖြစ်စေ လုပ်မိဖို့ခက်ခဲသွားစေပါတယ်။ အဲဒါကြောင့်ကိုပဲ သင့်မှာ တိုးလာရမယ့်စွမ်းရည်၊ အရည်အချင်း၊ လုပ်လိုက်ရမယ့်အရာဟာ နောက်ကျသွားတတ်ပါတယ်။ အချိန်လွန်မှ နောင်တရမိတယ်ဆိုတာမျိုးပေါ့။

၂) အကောင်းမမြင်ခြင်း
ဘာလုပ်လုပ် ဖြစ်နိုင်ပါ့မလား၊ နင်နဲ့မအပ်စပ်ပါဘူး၊ နင့်အလုပ်မဟုတ်ဘူး၊ နင်လုပ်လို့မဖြစ်ပါဘူး။ စတဲ့အဖျက်သဘောအတွေးတွေက အကောင်းမမြင်ခြင်းနဲ့အလားတူပါပဲ။ အဲဒီ့စိတ်ထားကြောင့်ပဲ ဖြစ်အောင်လုပ်ချင်စိတ်အားနည်းလာပါတယ်။ အဲဒါကြောင့်ကိုပဲ လုပ်မိဖို့မသေချာတော့ပါဘူး။ အဲဒါကြောင့် သင့်ဘဝတိုးတက်ဖို့လည်း ပိုခက်ခဲသွားစေပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းက ဘာလုပ်လုပ် သေချာကြိုးစားရင်ဖြစ်နိုင်တာပေါ့..ဆိုတဲ့စိတ်မျိုးကနေ တကယ်လုပ်ကြည့်၊ အခါခါပြန်ကြိုးစားကြည့်ရာကနေမှ “ငါလုပ်နိုင်သားပဲ” ဆိုတဲ့အထိဖြစ်တည်လာတာပါ။

၃) အစီအစဉ်တကျမရှိခြင်း
အရေးကြီးတာကို သတ်မှတ်ထားခြင်း၊ အရေးမကြီးတာကိုသတ်မှတ်ထားပြီး အစီစဉ်တကျလုပ်တတ်ခြင်းဟာ သင့်ဘဝအတွက် အချိန်ကုန်သက်သာ၊ အလုပ်ပြီး၊ ထိရောက်မှုရှိစေပါတယ်။ အဲဒါကြောင့် သင့်အတွက်အရေးကြီးခြင်းမကြီးခြင်းကိုခွဲခြားနားလည်ပြီး အစီစဉ်တကျလုပ်တတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဝရုန်းသုန်းကားနဲ့လုပ်ခြင်းက အလုပ်ပြီးနိုင်ပေမယ့်ထိရောက်မှုမရှိသလို၊ အချိန်တွေအလကားဖြစ်စေပါတယ်။ အဲဒီ့အခါ သင့်အတွက် အချိန်ပိုမထွက်လာတော့ဘဲ အခြားအရာတွေကို လေ့လာသင်ယူဖို့အချိန်နည်းပါးစေပါတယ်။ အဲဒါကြောင့် သင့်ဘဝကို ပိုတိုးတက်စေမယ့် ပညာဗဟုသုတတွေရှာဖွေဆည်းပူးဖို့မလွယ်ကူတော့ဘဲ သင့်ဘဝကို အခြားသူနဲ့ယှဉ်ရင်ကို ပိုခက်ခဲနေသလိုခံစားလာရပါလိ့မ်မယ်။

၄) အချိန်မလေးစားခြင်း
ဒါလည်းအဓိကအချက်ပါပဲ။ အချိန်ကို မလေးစားတဲ့အတွက် အချိန်ကိုမစီမံနိုင်ပါဘူး။အချိန်ပိုမထွက်လာတဲ့အခါ အထက်ကအချက်လိုပဲ ဖရိုဖရဲနဲ့ ဘာလုပ်လုပ် ထိရောက်မှုမရှိ၊ အခြားတိုးတက်ရာတိုးတက်ကြောင်းကို မလေ့လာနိုင်တော့ပါဘူး။ အဲဒါက သင့်ဘဝကို ပိုပြီးခက်ခဲလာစေပါတယ်။

၅) အစရှိပြီးအဆုံးမရှိခြင်း
ဘယ်အရာမဆို စတင်လိုက်ဖို့တော့ ဝန်မလေးပေမယ့် လမ်းတစ်ဝက်မှာတင် ဆက်လုပ်ဖို့အင်အားမရှိတာ၊ စိတ်မပါတာ၊ ကောက်ရိုးမီးလို ဝုန်းခနဲတောက်ပြီး ငြိမ်းသွားတဲ့စိတ်ထားက ဘယ်နေရာမှာမဆို ထူးချွန်အောင်၊ တဖက်ကမ်းခတ်အောင်တော်တာမရှိနိုင်ပါဘူး။ ဟိုစပ်စပ်ဒီစပ်စပ်မို့ သင့်ဘဝက သေချာလေ့လာသင်ယူထားတဲ့သူတွေထက်စာရင် ပိုခက်ခဲတယ်လို့ခံစားရပါလိမ့်မယ်။

၆) ဆက်ဆံရေးအဆင်မပြေခြင်း
ပေါင်းသင်းဆက်ဆံရေးကလည်း ကိုယ့်ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ skill ပါပဲ။ ပေါင်းသင်းဆက်ဆံရေးအဆင်ပြေပြီးလူတကာချစ်ခင်တဲ့လူမျိုးအတွက်က အခွင့်အလမ်းအများကြီးပေါ်လာနိုင်ပြီး ကိုယ့်မှာသာ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အခွင့်အရေးပေါင်းများစွာကို လက်ခံလိုက်ရုံပါပဲ။ လူချစ်လူခင်မများဘဲ သီးသန့်နေတတ်တဲ့အပြင် ပေါင်းသင်းဆက်ဆံရေးကပါအဆင်မပြေတဲ့အခါ ပိုပြီးသီးခြားဖြစ်လာသလို ကိုယ့်ဘဝတိုးတက်မယ့်အခွင့်အလမ်းတွေကိုလည်း များများမကြုံတွေ့နိုင်ပါဘူး။

၇) Comfort Zone ထဲမှရုန်းထွက်ချင်စိတ်မရှိခြင်း
ဒါသည်လည်း ဘဝကိုခက်ခဲစေပါတယ်။ ပုံမှန်သမရိုးကျဖြတ်သန်းနေတဲ့ဘဝကို ဖက်တွယ်ပြီး သက်တောင့်သက်သာနဲ့ အေးဆေးနေတဲ့ဘဝက မရုန်းထွက်ချင်ရင် အချိန်တန် ကိုယ့်ဘဝအတွက် ခွန်အားမရှိနိုင်တော့တဲ့အချိန်မှာ ကိုယ်ပဲဒုက္ခရောက်ရပါလိမ့်မယ်။ အဲဒီ့အခါကျမှ ကိုယ့်ဘဝက အခြားသူတွေထက်ကိုခက်ခဲပါလားလို့ ညည်းညူနေလို့အလကားပါပဲ။ အချိန်ကိုနောက်ပြန်ဆုတ်လို့မရနိုင်ပါဘူး။ အဲဒါကြောင့် ခွန်အားရှိတုန်း စိတ်အားထက်သန်တုန်း၊ မှတ်ဉာဏ်ကောင်းတုန်းမှာ comfort zone ထဲကနေရုန်းထွက်ပြီး အစွမ်းရှိသလောက် ရုန်းကန်လှုပ်ရှားပါ။ အတွေ့အကြုံကောင်းတွေယူပါ။ ပညာသင်ပါ။ ကိုယ့်စွမ်းရည်ကိုမြင့်တင်ပါ။ အဲဒါမှ ကိုယ့်ဘဝအတွက် ခွန်အားနည်းလာချိန်မှာ ထိုအသီးအပွင့်ကိုခံစားရပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။