နာကျင်စရာအတိတ်မှ လှပသော အနာဂတ်ဆီသို့……

လူတိုင်းမှာ နာကျင်စရာအတိတ်ကိုယ်စီရှိကြမယ်ထင်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ နာကျင်ဖူးကြမယ်ထင်ပါတယ်။ မိသားစုကြောင့်၊ ချစ်သူကြောင့်၊ မိဘကြောင့်၊ မောင်နှမကြောင့် စသဖြင့် ရင်ထဲထည့်တတ်သူမှန်သမျှက နာကျင်ရတဲ့သူချည်းပါပဲ။ တခါတလေဆို ဘယ်အရာကိုမှ ရင်ဘတ်ထဲမထည့်ခဲ့ရင်ကောင်းမယ်လို့ တွေးမိတဲ့အချိန်တွေတောင် ရှိကောင်းရှိမှာပါ။


လူဆိုတာက အတ္တကြီးတဲ့အမျိုးချည်းပဲမို့ လူတစ်ယောက်ရဲ့ ရလိုမှုစိတ်က အခြားလူတစ်ယောက်ကို ထိခိုက်ကောင်းထိခိုက်သွားစေနိုင်ပါတယ်။ ကိုယ့်ကြောင့် အခြားလူတစ်ယောက်ထိခိုက်မိခဲ့တာ ရှိနိုင်သလို၊ အခြားလူကြောင့် ကိုယ့်ကိုထိခိုက်သွားတာမျိုးကလည်း မရေမတွက်နိုင်အောင် ပါပဲ။ အတတ်နိုင်ဆုံးတော့ ကိုယ့်ကြောင့် အခြားသူတွေကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်သင့်ပါတယ်။
ပျော်စရာတွေကိုလည်း ပြန်လည်တွေးတိုင်း ပျော်ရွှင်မှုကို ခံစားရတတ်သလို၊ နာကျင်စရာဆိုလည်း ပြန်လည်တွေးတိုင်း ပြန်ပြီး နာကျင်ခံစားရတတ်ပါတယ်။ ဒါပေမယ့် ပျော်စရာတွေပြန်လည်တွေးတာက ပျော်ရွှင်မှုကို ပြန်လည်ကူးစက်နိုင်သလို၊ နကျင်မှု့ကိုပြန်တွေးတာက နာကျင်မှုကိုပြန်လည် တူးဆွသလိုဖြစ်နေတတ်ပါတယ်။ ပျော်စရာက ကိစ္စမရှိပေမယ့် နာကျင်စရာကတော့ ပြန်ပြီး နာကျင်ခံစားရတာမို့ ကိုယ့်အတွက် ရေရှည်မှာ မကောင်းနိုင်ပါဘူး။
နာကျင်မှုတွေ ပြန်ပြီး အစပေါ်လာတဲ့အခါ ကိုယ့်ရဲ့လက်ရှိအချိန်ကို မေ့သွားတတ်ပြီး အတိတ်လောကထဲကို ပြန်ရောက်သွားစေပါတယ်။ အတိတ်မှာဘာတွေဖြစ်ခဲ့တယ်၊ အတိတ်မှာ ဘာတွေကြုံခဲ့တယ်၊ ဘာတွေခံစားခဲ့ရတယ်ဆိုတဲ့အတွေးတွေ ပြန်လည်ဖြစ်ပေါ်စေတာမို့ အတိတ်လောကထဲမှာ တဝဲ၀ဲလည်ပြန်လည်ဖြစ်ပေါ်လာစေပါတယ်။ အတိတ်မှာ ပြန်လည်နေထိုင်မိခြင်းက စိတ်ပိုင်းဆိုင်ရာအရ တက်ကြွမှုပျောက်ဆုံးစေပြီး စိတ်ညစ်မှုကိုပြန်လည်ခံစားရစေပါတယ်။ ခုလက်ရှိအချိန်မှာ လုပ်စရာရှိတာတွေကို မေ့လျော့သွားစေတဲ့အထိ ဖြစ်စေလို့ ခုလက်ရှိလုပ်နိုင်တဲ့စွမ်းအင်ကို ဆုံးရှုံးစေပါတယ်။ ပြန်လည်စိတ်ဓာတ်ကျမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ခုလက်ရှိအချိန်မှာ လုပ်နိုင်စွမ်းရှိတာတွေ မလုပ်နိုင်တဲ့အတွက် လုပ်နိုင်စွမ်းလျော့ကျစေပါတယ်။ စိတ်ပြန်လည်ညစ်ညူးရတဲ့အတွက် စိတ်ဓာတ်တက်ကြွမှုလျော့ကျစေတဲ့အတွက် စွမ်းအင်လျော့ကျစေပါတယ်။ အတိတ်ထဲတဝဲ၀ဲလည်ဖြစ်နေခြင်းကြောင့် ခုလက်ရှိအချိန် အလဟဿဖြစ်စေပါတယ်။ ခုလက်ရှိအချိန်အလကားကုန်ဆုံးသွားခြင်းကြောင့် အနာဂတ်မှာလည်း ကောင်းမွန်တဲ့အကျိုးရလဒ်မရနိုင်တော့ပါဘူး။
တကယ်တော့ “your past never defines your future” ဆိုတဲ့စကားလိုပါပဲ။ သင့်ရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့ပါစေ၊ အတိတ်က သင့်ရဲ့အနာဂတ်ကို သတ်မှတ်ပေးလို့မရပါဘူး။ ခုလက်ရှိပစ္စုပ္ပာန်အချိန်ကသာ သင့်ရဲ့အနာဂတ်ကို သတ်မှတ်ပေးနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် ခုလက်ရှိသင့်ရဲ့ အချိန်ကိုသာ လုပ်စရာရှိတာလုပ်ဖို့၊ ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်အောင်လုပ်ဖို့သာ အရေးကြီးပါတယ်။ သင့်ရဲ့အတိတ်မှာ မှားယွင်းခဲ့တာတွေက သင့်အနာဂတ်မှာ ထပ်မမှားမိဖို့ပဲ အရေးကြီးပါတယ်။ သင့်အတိတ်မှာ နာကျင်ခဲ့တာတွေကို ခုလက်ရှိအချိန်မှာ ထပ်ပြီး နာကျင်မှုကိုခံစားနေလို့ တန်ရဲ့လား။ အဲဒါထက်မက နောင်အနာဂတ်မှာပါ ထပ်ပြီး ခံစားနေလို့ကော တန်ရဲ့လား။ အဲဒီလိုသာ ထပ်တလဲလဲ နာကျင်မှုကို ခံစားနေမယ်ဆိုရင် သင့်မှာ မိအေးနှစ်ခါနာ…ဆိုသလိုဖြစ်နေပါလိမ့်မယ်။

အတိတ်မှာ နာကျင်ပါစေ…..ဖြစ်ပြီးသွားပါပြီ၊ အတိတ်မှာ မှားယွင်းပါစေ…….ဖြစ်ပြီးသွားပါပြီ။ အဓိကအရေးကြီးတာက လက်ရှိအချိန်ထပ်မမှားဖို့လိုပါတယ်၊ အမှားတွေထဲက သင်ခန်းစာရအောင်ယူနိုင်ဖို့လိုပါတယ်။ အတိတ်မှာ နာကျင်ခဲ့တာတွေက ဖြစ်ပြီးသွားပါပြီ၊ လက်ရှိအချိန်မှာ ထပ်မနာကျင်ရဖို့လိုပါတယ်။ အနာဂတ်မှာ ထပ်ပြီး အလားတူမနာကျင်ဖို့လိုပါတယ်။
“Be brave to let go of the past. And fight for the present that your deserve. A better future is always yours.”
အဲဒါကြောင့် အတိတ်က နာကျင်မှုကို လက်ရှိအချိန်မှာ ထပ်ခံစားပြီး ထပ်မနာကျင်ပါစေနဲ့။ အတိတ်က သတ္တိရှိရှိ စွန့်ခွာခဲ့ပါ။ ခုလက်ရှိအချိန်မှာ သင်ဖြစ်ချင်တာတွေ၊ သင်ရည်မှန်းထားတာတွေအတွက် အကောင်းဆုံးတန်ဖိုးထားပြီး တိုက်ပွဲဝင်ပါ။ အကောင်းဆုံးအနာဂတ်၊ အလှပဆုံးအနာဂတ်က အမြဲသင့်အတွက်ဖြစ်နေပါလိမ့်မယ်တဲ့။ အရမ်းမှန်ပါတယ်။ သင့်ကို နာကျင်မှုပေးတဲ့အတိတ်ကို ရဲဝင့်စွာနဲ့ လွှတ်ချခဲ့လိုက်ပါ။ သင်ခန်းစာယူပြီး လက်ရှိအချိန်မှာ နောက်ထပ်အလားတူနာကျင်မှုမျိုး၊ အမှားမျိုးမခံစားရအောင် ရှေ့ဆက်တိုက်ပွဲဝင်ပါ။ လက်ရှိအချိန်ကို ကောင်းကောင်းအသုံးချပါ။ အဲဒါမှ အလှပဆုံးအနာဂတ်က သင့်အတွက် စောင့်ကြိုနေပါလိမ့်မယ်လို့ အားပေးလိုက်ပါတယ်။
ခုလက်ရှိအချိန်ကို သင်ကောင်းကောင်းအသုံးချနေရဲ့လားလို့….သင့်ကိုသင်ပြန်မေးကြည့်ပြီး အားပေးလိုက်ပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။