စွန့်လွှတ်ရဲတဲ့စိတ်ကလည်း သတ္တိပါပဲ။

တခါတလေ တချို့ဆုံးဖြတ်ချက်တွေက သင့်ရင်ကွဲခံပြီး ဆုံးဖြတ်လိုက်ရတာဖြစ်ပေမယ့် တကယ်တမ်းပြန်တွေးကြည့်ရင်တော့ သင့်စိတ်ချမ်းသာဖို့ဆိုတာ သတိရပါ။ တကယ်တော့ စွန့်လွှတ်ရဲတဲ့စိတ်ကလည်း သတ္တိပါပဲ။ အထူးသဖြင့် ကိုယ့်ကို ပူလောင်မှုတွေမဖြစ်စေတဲ့ စိတ်ချမ်းသာခြင်းမျိုးလည်းရစေပါတယ်။ တခါတလေမှာ မစွန့်လွှတ်ရဲဘဲ အတင်းဆုပ်ကိုင်ထားချင်တာ၊ အတင်းပိုင်ဆိုင်ထားချင်တဲ့စိတ်ကပဲ ကိုယ့်ကိုပြန်သတ်တဲ့စိတ်ဖြစ်နေတတ်ပါတယ်။ ဆုပ်လည်းစူး၊ စားလည်းရူးဆိုတဲ့အခြေအနေမျိုးပေါ့။


ဆုပ်ကိုင်ထားရင်လည်း ဆူးတွေနဲ့မို့ နာကျင်ရပြန်တယ်၊ အဲဒါကြောင့်ကိုပဲ ဆုပ်ကိုင်ထားဖို့ထက် ကိုယ့်နာကျင်မှုကို လျစ်လျူရှုထားလို့မဖြစ်ပါဘူးနော်။
ဥပမာ။ ဓားတစ်လက်ကို သင့်လက်နဲ့ မဖြစ်မနေဆုပ်ကိုင်ထားမယ်ဆိုရင် သင့်လက်ထဲသွေးစိမ်းရှင်ရှင်တွေထွက်နေသည့်တိုင်အောင် ဆုပ်ကိုင်ထားအုံးမှာလား။ သင်ဆုပ်ကိုင်ထားနိုင်တာ မှန်ပါတယ်၊ ဒါပေမယ့် ဆုပ်ကိုင်ထားလေလေ သင်သွေးစိမ်းရှင်ရှင်ထွက်ကာ နာကျင်ရလေလေပါပဲ။ အဲဒီ့အခါ အဲဒီ့နာကျင်မှုဒဏ်ရာကို သင်ပဲခံစားနေရတော့တာပါပဲ။ နေ့စဥ်နဲ့အမျှ ဆုပ်ကိုင်ထားလေ နာကျင်လေပါ။
အဲဒါဆိုရင် စွန့်လွှတ်လိုက်ပြီဆိုရင်ရော…..စွန့်လွှတ်လိုက်ရတဲ့အချိန်မှာသာ သင်နာကျင်ရပါလိမ့်မယ်။ အချိန်ကာလတစ်ခုကို အ‌ရောက်မှာတော့ သင့်အတွက် အမာရွတ်သာသာပဲ ပြန်စမ်းလိုက်တိုင်း ပြန်သတိရမိတာကလွဲပြီး ထပ်တူနာကျင်မှုမျိုးကနေ လျှော့နည်းသွားမှာပါပဲ။
အဲဒါက သင်တစ်ခါပဲ စူးနစ်စွာ နာကျင်ပြီးရင် သင့်အတွက် ခံသာသွားပါပြီ။ အဲဒါကြောင့် အထက်ရှဆုံးဓားက အနာကျင်ဆုံးဒဏ်ရာကိုပေးပေမယ့် တိတိရိရိဖြတ်ချပစ်နိုင်တယ်လေ။ နေ့တိုင်းနာကျင်ခံစားနေစရာမလိုတော့ဘူးပေါ့။

ဘဝမှာလည်း အဲဒီ့လို အခြေအနေမျိုးကြုံလာတဲ့အခါ နေ့တိုင်းဆုပ်ကိုင်ထားပြီး နာကျင်နေမလား။ တခါပဲ နာကျင်မှုကို ဆိုးရွားစွာခံစားပြီး လူသစ်စိတ်သစ်နဲ့နေမလားရွေးသင့်ပါတယ်။ ရခဲလှတယ်ဆိုတဲ့လူ့ဘဝမှာ နေ့တိုင်းနာကျင်မှုနဲ့ သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ဒဏ်ရာကြီးပိုက်ပြီး ဘာမှမလုပ်နိုင်၊ ဘာမှမကြိုးစားနိုင်၊ ရုန်းမထွက်နိုင်တာက လူဖြစ်ရှုံးလှပါတယ်။
အဲဒါကြောင့် တချို့အရာတွေကို ရင်နာခံပြီး ပြတ်သားစွာ စွန့်လွှတ်ပစ်ရဲတဲ့ သတ္တိလိုပါတယ်လို့ပြောရတာပါ။
ကိုယ့်ကိုနာကျင်စေတဲ့အရာကို ဆုပ်ကိုင်ထားတာက ဆုပ်ကိုင်ထားနိုင်တယ်လို့ ထင်ရပေမယ့် တစ်နေ့တစ်ခြား ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတွေဆုံးရှုံးလာမယ်၊ ကိုယ့်အနာဂတ်တွေဆုံးရှုံးလာမယ်၊ ကိုယ့်အောင်မြင်ခြင်းတွေဆ့ုးရှုံးလာမယ် စသဖြင့် တကယ်တမ်းက ကိုယ့်မှာ ရှိထားတာလေးတွေ တတိတိ ဆုံးရှုံးလာတာပါ။ ကိုယ်ဟာ လူအများအမြင်မှာ ဆုပ်ကိုင်ထားသူဖြစ်ပေမယ့် ကိုယ်ကချည်း မိအေးနှစ်ခါနာအဖြစ်‌ရောက်နေရတာပါ။
အဲဒါကြောင့် စွန့်လွှတ်ရဲတဲ့သတ္တိကို မွေးပြီး ကိုယ့်ဘဝရဲ့ သာယာမှုနေ့သစ်တွေကို ရဲရဲစွန့်လွှတ်ခြင်းနဲ့အတူ ပြန်မွေးဖွားဖို့ ကြိုးစားကြည့်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။ တစ်ခါထဲ သေလောက်အောင်နာကျင်နေရတယ်လို့ထင်ရပေမယ့် စွန့်လွှတ်ပြီးတဲ့အခါ ဘာနဲ့မှမတူတဲ့ လွတ်လပ်ခြင်းအရသာကို ကောင်းကောင်းကြီးခံစားလာရပါလိမ့်မယ်။ အဲဒီ့အတွက် ကိုယ့်အပေါ်မကောင်းတဲ့သူတွေ၊ ကိုယ့်ကို နာကျင်စေတဲ့လူတွေ၊ ကိုယ့်အတွက် ဘာကောင်းကျိုးမှမဖြစ်လာစေတဲ့လူတွေအားလုံးကို ရဲရဲဝင့်ဝင့် စွန့်လွှတ်ပစ်လိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။