စစ်မှန်သော ပျော်ရွှင်မှုဆိုတာ။

လောကမှာ မပျော်ရွှင်ချင်တဲ့သူဆိုတာ ရှိမယ်မထင်ပါဘူးနော်။ လူတိုင်းက ပျော်ရွှင်မှုကို အမျိုးမျိုးလည်း အဓိပါ္ပယ်သတ်မှတ်တတ်ကြပါသေးတယ်။ တစ်ချို့က ကိုယ်လိုချင်တာလေးတွေ ရသွားတာမျိုး၊ တစ်ချို့က ရာထူးတိုးသွားတာမျိုး၊ တစ်ချို့က ကိုယ်အောင်မြင်ချင်တဲ့စာမေးပွဲ အောင်မြင်သွားတာမျိုးလိုပေါ့။ အက်မင်လည်း စဉ်းစားဖူးပါတယ်။ အဲဒီ့ပျော်ရွှင်မှုဆိုတာ ဘာလဲ၊ အထူးသဖြင့် ကိုယ်လိုချင်နေတဲ့ ပျော်ရွှင်မှုက ဘာလဲဆိုတာမျိုးပေါ့။ လူတိုင်းလိုလိုလည်း တွေးဖူးကြမလားမသိပါဘူး။ ရယူပိုင်ဆိုင်ရတဲ့ပျော်ရွှင်မှု့က ရလိုက်တုန်းလေးသာ ပျော်ရွှင်ရတာပါနော်။ အသစ်အဆန်းတစ်ခုအနေနဲ့ပေါ့။


တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုမျိုးလို့
မခံစားရပါဘူး။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုဆိုတာက စပြီး ပိုင်ဆိုင်တဲ့အချိန်မှာသာ ပျော်ရွှင်သွားနိုင်ပေမယ့် ကြာလာတဲ့အခါ ထိုရုပ်ဝတ္ထုပစ္စည်းတွေအပေါ် ရိုးသွားတတ်ပြန်ပါတယ်။ ပြန်တွေးတိုင်း ပျော်ရွှင်နေတာမျိုး၊ ဘယ်အချိန်ပြန်တွေးလိုက် စိတ်ထဲမှာ တသိမ့်သိမ့်နဲ့ ပီတိနဲ့ပေါင်းစပ်ပြီး ရရှိလာတတ်တဲ့ ပျော်ရွှင်မှုမျိုးကတော့ အကောင်အထည်ဖော်ပြစရာမရှိပေမယ့် တွေးလိုက်တိုင်း သစ်လွင်တဲ့ပျော်ရွှင်မှုကိုပေးတတ်ပါတယ်။
အဲဒါဆိုရင် အဲဒါက ဘာကို ပိုင်ဆိုင်ရတဲ့ပျော်ရွှင်မှုမျိုးလဲ ဆိုတော့ အဲဒါက ပိုင်ဆိုင်မှုထက် ပေးဆပ်မှုကြောင့် ပြန်ရလာတဲ့ ပီတိနဲ့ပေါင်းစပ်ထားတဲ့ ပျော်ရွှင်မှုလို့ အက်မင်က ပြောချင်ပါတယ်။ (ဒါပေမယ့် လူအမျိုးမျိုးစိတ်အထွေထွေမို့ ပျော်ရွှင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုမှုချင်းတော့ တူချင်မှ တူပါလိမ့်မယ်)
အက်မင်ကတော့ ဘယ်တော့မှ မကုန်ဆုံးနိုင်၊ မရိုးသွားနိုင်တဲ့ ပျော်ရွှင်မှု့ကို စစ်မှန်တဲ့ပျော်ရွှင်မှုလို့ ပြောချင်တာပါပဲ။ အဲဒါက ဘာလဲဆိုတော့ မေတ္တစိတ်နဲ့ ပရဟိတ စိတ်ဓာတ်ပါပဲ။
ပရဟိတ အဖွဲ့ကြီးထဲ ဝင်ပြီး အလှူငွေတွေ အများကြီးထည့်၊ ဟိတ်ကြီးဟန်ကြီးနဲ့ အိန္ဒြေကြီးတစ်ခွဲသားနဲ့ အလှူကြီးအတန်းကြီးတွေ ပေးနေတာမှ ပရဟိတမဟုတ်ပါဘူးနော်။ ကားလမ်းမကူးရဲတဲ့အဖိုးအို အဖွားအိုကို လက်တွဲပြီး လမ်းကူးပေးလိုက်တာကလည်း ပရဟိတစိတ်ဓာတ်ပါပဲ။ ဘာမှ ပိုင်ဆိုင်လိုစိတ်မပါပေမယ့် ထိုအဖိုးအဖွားက သင့်ကို သာဓုတွေ တသီတန်းကြီးပေးလိုက်တဲ့အခါ ရလိုက်တဲ့ ပျော်ရွှင်မှုက နောက်တစ်နေ့ပြန်တွေးလိုက် သင်ပျော်နေမှာပါပဲ။ အဲဒါ ပရဟိတစိတ်ဓာတ်ကြောင့် ရလာတဲ့ ပျော်ရွှင်မှုပါ။ အဲဒါက မကုန်ဆုံးနိုင်ပါဘူး။ တနည်းအားဖြင့် မေတ္တာစိတ်နဲ့ ပရဟိတစိတ်လေးဖြစ်ပေါ်လာတယ်။ ထိုကနေ ရလာတဲ့ပီတိက တန်ကြေးမသတ်မှတ်နိုင်ဘဲကို တန်ဖိုးရှိပါတယ်။
လမ်းဘေးမှာ ချက်ကြိုးတန်းလန်းနဲ့ သေအံ့ဆဲဆဲကလေးငယ်ကို မိဘမဲ့ရိပ်သာအချိန်မှီပို့ပေးလိုက်နိုင်တာလည်း ပရဟိတစိတ်ဓာတ်ပါပဲ။ လမ်းဘေးမှာ အိုကြီးအိုမနဲ့ ဈေးရောင်းနေရတဲ့အဖိုးကြီးအဖွားကြီးကို ကူညီပေးလိုက်နိုင်တာလည်း ပရဟိတပါပဲ။ ဘတ်စ်ကားပေါ် တက်လာတဲ့ အမယ်အို၊ အဖိုးအိုကို ကိုယ်ထိုင်နေတဲ့ထိုင်ခုံလေး ဖယ်ပေးလိုက်ရတာလည်း ပရဟိတပါပဲ။ အဲဒါက လူတစ်ဦးနဲ့တစ်ဦး မေတ္တာထားရာကနေ ဖြစ်ပေါ်လာတာပါ။ လူတစ်ဦးကို တစ်ဦးမေတ္တာထားတယ်ဆိုမှတော့ ဘယ်လောက်လှပတဲ့ကိစ္စပါလဲ။
ထိုတန်ဖိုးကလည်း ရင်နဲ့သတ်မှတ်ရပြီး ရင်ထဲမှာပဲ မှတ်ကျောက်တင်ထားတာမျိုးမို့ ဘယ်တော့မှ မရိုးသွားနိုင်ပါဘူး။ ပေးလိုက်ရတဲ့သူကလည်း လိုချင်တဲ့သူ၊ လိုအပ်နေတဲ့သူ၊ အကူအညီလိုအပ်သူအတွက် ပေးသင့်တာပေးလိုက်ရလို့ ကျေနပ်ပီတိနဲ့ ပျော်ရွှင်ရသလို၊ ရသွားတဲ့သူကလည်း လိုအပ်တာ၊ လိုနေတာ ရသွားလို့ ပျော်ရွှင်ရပါတယ်။ အဲဒီ့စိတ်က တစ်ခါလောက်ဖြစ်ပေါ်ဖူးရင် နောက်အခေါက်တွေဖြစ်ပေါ်ဖို့လည်း လွယ်လာပါတယ်။ ရလာတဲ့ပီတိကလည်း စားမကုန်နိုင်ပါဘူး။ ပြန်တွေးတိုင်းလည်း ကြည်နူးရပါတယ်။ လူသားချင်း စာနာ နားလည်ထောက်ထားခြင်း၊ ကူညီခြင်းက တန်ဖိုးအရှိဆုံး ပျော်ရွှင်မှုဖြစ်သလို ကမ္ဘာလောကကြီးကိုလည်း ပိုပြီးလှပလာစေနိုင်ပါတယ်။
အဲဒါကြောင့် အက်မင်ကတော့ စစ်မှန်တဲ့ပျော်ရွှင်မှုရဖို့ နောက်နေ့မှာ ယူမယ်၊ ဒီနေ့မှ ယူမယ် မတွေးနေပါဘူး။ ရရင်ရသလို ပရဟိတစိတ်လေးမွေးပြီး ပရဟိတဆန်ဆန်လုပ်နိုင်တာလေးတွေလုပ်ပါတယ်။ အဲဒီ့က ရတဲ့ပီတိရယ်၊ အဲဒီ့က ရတဲ့ပျော်ရွှင်မှုရယ် ငွေတွေအများကြီး မချမ်းသာစေနိုင်ပေမယ့် လောကကြီးမှာ ပိုပြီးနေပျော်စရာကောင်းလာတယ်လို့ ထင်မိစေပါတယ်။ မယုံကြည် စာဖတ်သူများလည်း ခုကစပြီး စစ်မှန်တဲ့ပျော်ရွှင်မှုရအောင် ပရဟိတ တစ်ခုခုလောက် အစပျိုးကြည့်လိုက်ပါလို့ တိုက်တွန်းရင်း အားလုံးပဲ စစ်မှန်တဲ့ပျော်ရွှင်မှုလေးတွေ ရနိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။