လဲကျပေမယ့် ပြန်ထပါ။

လမ်းမလျှောက်တတ်သေးတဲ့အရွယ်လောက်ကပေါ့၊ လမ်းမှမလျှောက်တတ်သေးဘဲ စမ်းတဝါးဝါးလျှောက်ရင်း လဲကျလိုက် ငိုလိုက်ပြန်ထလိုက်နဲ့ နောက်ဆုံး လမ်းလျှောက်တတ်သွားတာပါ။ လဲကျနေတိုင်းသာ ပြန်မထဘဲ ငိုပြီး ထိုင်နေလိုက်မယ်၊ နောက်လဲ လမ်းလျှောက်မသင်တော့ဘူးဆိုရင် လမ်းလျှောက်တတ်ပါ့အုံးမလား။ မိဘဖြစ်သူကလည်း လဲကျလည်း မထနဲ့တော့… သားသမီးနာကျင်မှာစိုးလို့ မိဘတွေကိုယ်တိုင် ဝင်ပြီးလမ်းလျှောက်ပေးလိုက်ပေးလို့လည်း မရပြန်ပါဘူး။ အဲလိုပါပဲ ငယ်စဉ်ကတည်းက ကိုယ်တိုင်လမ်းလျှောက်တတ်အောင် လဲကျလိုက် ပြန်ထလိုက်နဲ့ အနာခံပြီး သင်ယူခဲ့လို့ ဒီနေ့မှာ သင်လမ်းလျှောက်တတ်လာတာပါ။


ဘဝရဲ့လမ်းကိုလျှောက်လှမ်းတဲ့အခါမှာလည်း ထို့အတူပါပဲ။ ဘဝမှာ သင်တစ်ယောက်တည်း အခက်အခဲတွေ၊ ဒုက္ခတွေ ကြုံနေရတယ်လို့ မထင်လိုက်ပါနဲ့။ ရှင်သန်နေသရွေ့ လူတိုင်းလိုလိုဟာ သူတို့လျှောက်နေတဲ့လမ်းမှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဒုက္ခတွေ၊ နာကျင်မှုတွေ၊ တိုက်ခိုက်မှုတွေ မကြုံရတဲ့သူဆိုတာမရှိပါဘူး။
လူတိုင်းလိုလို ထိုကဲ့သို့ အခက်အခဲမျိုးစုံ၊ ဒုက္ခပေါင်းစုံကို ကြုံနေရပေမယ့် ပြန်ရတဲ့ ရလဒ်ကတော့ မတူကြပြန်ပါဘူး။ တုံ့ပြန်တဲ့သူအပေါ်မူတည်ပြီး ရလဒ်တွေက အကောင်း၊ အဆိုးကွဲပြားသွားပါတယ်။
ပြောချင်တာက ကိုယ့်ရဲ့ဘဝမှာလည်း လဲကျမယ့်အချိန်တွေအများကြီး ကြုံရအုံးမှာပါပဲ။ လဲကျတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ…..။ ဘယ်လိုရလဒ်မျိုးကိုကော လိုချင်တာပါလဲ။ အဓိကက ကိုယ်လိုချင်တဲ့အဖြေကို သိဖို့ပါပဲ။ ကိုယ့်ရဲ့အဖြေကို သိနေတဲ့သူက လဲကျတဲ့အခါတိုင်း အချိန်ကြာကြာလဲကျနေမှာမဟုတ်တော့ပါဘူး။ ကိုယ်လဲကျတဲ့အချိန်မှာ နာကျင်မယ်၊ ခံစားရမယ်၊ စိတ်ညစ်မယ်၊ ဘာဆက်လုပ်ရမယ်မှန်းမသိဘူးဆိုတာမျိုးတွေဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ဘဝဆိုတာ ခရီးလမ်းတစ်ခုဖြစ်ပြီး ကိုယ်သွားချင်တဲ့နေရာမရောက်မချင်း လဲကျတဲ့နေရာမှာပဲ ရပ်နေလို့မဖြစ်ပါဘူး။ လဲကျတိုင်းပြန်ထပြီး ဆက်လျှောက်မှသာလျှင် ကိုယ်သွားချင်တဲ့ပန်းတိုင်၊ ကိုယ်လိုချင်တဲ့နေရာကို ရောက်နိုင်မှာပါ။
Henry Ford ရဲ့စကားတစ်ခုရှိပါတယ် “ကျရှုံးမှုဆိုတာ နောက်တစ်ကြိမ်ပြန်စဖို့ ရိုးရှင်းတဲ့အခွင့်အရေးတစ်ခုပါပဲ။ ဒါပေမယ့် ထိုအချိန်မှာတော့ ပိုပြီး အသိဉာဏ်နဲ့ပြည့်ဝနေရမှာပေါ့” တဲ့။
လူတိုင်းလိုလို ကျရှုံးရတဲ့၊ လဲကျတဲ့အခိုက်အတန့်ဆိုတာ ရှိကြမှာပါပဲ။ ဒါပေမယ့် ထိုလဲကျစေတဲ့အခိုက်အတန့်မှာ ဘာကြောင့်လဲကျရတာလဲ….ဆိုတဲ့ သင်ခန်းစာရအောင်ယူပါ။ ထိုသင်ခန်းစာက သင့်အတွက် နောက်တစ်ကြိမ်ပြန်စတဲ့အခါ နောက်တစ်ခါ ပြန်လဲမကျစေဖို့ အသိဉာဏ်တစ်ခုတိုးလာစေတာပဲဖြစ်ပါစေ။ အခါခါ လဲကျခြင်းက အခါခါ အသိဉာဏ်တိုးလာစေပြီး လဲကျလိုက်ပြန်ထလိုက်နဲ့ သင်လိုချင်တဲ့နေရာကို ရောက်ဖို့ နီးသထက်နီးလာစေမှာပါ။ လဲကျတဲ့နေရာမှပဲ နေရင်တော့ သင်လိုချင်တဲ့နေရာ၊ သင်သွားချင်တဲ့နေရာကို ဘယ်လိုမှမရောက်နိုင်ဘူးဆိုတာကို လဲကျနေတဲ့အချိန်မှာတွေးမိပါစေ။ လဲကျခြင်းက သင့်အတွက် အတွေ့အကြုံတစ်ခု၊ ပညာတစ်ခုတိုးလာစေပြီး လဲရာကပြန်ထလို့ သင်အလိုရှိရာကို ဆက်လျှောက်သွားပါ။
လဲကျခြင်းက အပြီးတိုင် အဆုံးသတ်မဟုတ်သေးပါဘူး၊ သင်ဆက်လျှောက်ဖို့ ကြိုးစားနေသရွေ့ပေါ့။
အဲဒါကြောင့် ဒီနေ့က စပြီး လဲကျခြင်းတွေကို စိန်ခေါ်လိုက်ပါ။ လဲကျခြင်းတွေကပဲ သင့်ကို အဆုံးတိုင်အပြီးသတ်နိုင်မလား၊ သင်ကပဲ ခရီးလမ်းကို အဆုံးထိရောက်အောင် လျှောက်နိုင်မလားလို့ စိန်ခေါ်လိုက်ပါ။ တကယ်တော့ လဲကျခြင်းတွေကို ပြန်ပြီးတိုက်ထုတ်နိုင်တဲ့စွမ်းအားတွေက သင်ကိုယ်တိုင်ဆီမှာသာ ရှိနေတာပါ။ အဲဒါကြောင့် အခုကစပြီး လဲကျတိုင်း ပြန်ထလို့ ဘဝကိုစိန်ခေါ်လိုက်ပါတော့။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။