single mom တစ်ယောက်ဖြစ်လာတဲ့အခါ…..

Single mom ဆိုတာကို ဘယ်သူကမှမဖြစ်ချင်ကြပါဘူး။ မဖြစ်ချင်ပေမယ့် ဖြစ်လာရတဲ့အခါ ဖြစ်လာတဲ့ဘဝကိုအကောင်းဆုံးရပ်တည်သွားဖို့သာ လုပ်နိုင်ပါတယ်။ မဖြစ်ချင်တဲ့ဘဝဖြစ်လာလို့ လက်လျော့အရှုံးပေးမယ်ဆိုရင်ကော နဂိုကမှ ကိုယ့်တစ်ယောက်တည်းရှိတဲ့သားသမီးလေးတွေ ဘယ်လိုလုပ်ကြမလဲ။ လောကမှာ အဖေရယ်ခေါ်စရာမရှိခဲ့တာကို ကိုယ်ကပါ အမေနေရာမှာ ရှိမနေနိုင်တော့ဘဲ ဘဝကို လက်လျော့အရှုံးပေးလိုက်တော့မှာလား။ ဒီလိုပြောနေတာက single mom ဖြစ်တာကောင်းတယ်ဆိုပြီး single mom ဖြစ်ဖို့ အားပေးနေတာမဟုတ်ပါဘူးနော်။ မဖြစ်ချင်ဘဲ ဖြစ်လာခဲ့ရတဲ့ဘဝကို အကောင်းဆုံးရပ်တည်သွားဖို့ ပြောပြပေးချင်တာပါ။


၁) အရှုံးမပေးပါနဲ့။
အဆိုးမြင်တတ်သူတွေဘယ်လိုပြောပြော ကိုယ့်ဘဝကို ကိုယ်တိုင်ပဲဖန်တီးရတာပါ။ အဆိုးမြင်တတ်သူတွေပြောတာကို ဂရုမစိုက်ပါနဲ့။ မခံစားပါနဲ့။ တခါတလေမှာ တချို့သူတွေက သူတို့ကိုယ်တိုင် ကိုယ့်လိုအခြေအနေမျိုးမကြုံဖူးဘဲ ဝေဖန်တတ်ကြတာထုံးစံပါ။ ကိုယ်သာရှင်သန်ရမှာမို့ ကိုယ့်ဘဝကို အရှုံးမပေးဘဲ ဘယ်လိုဆက်ပြီးရှင်သန်မလဲလို့ တွေးတာအကောင်းဆုံးပါပဲ။ ရှုံ့ချတဲ့သူတွေကလည်း အမြဲရှုံ့မချနိုင်ပါဘူး။ ကိုယ့်အတွက်၊ ကိုယ့်သားသမီးအတွက် ကိုယ့်ဘဝကို ဘယ်လိုရပ်တည်မလဲ ဆိုတာလောက် ကိုယ့်အတွက်ဘယ်ဟာမှအရေးမကြီးပါဘူး။ အရေးကြီးတာပဲ အာရုံစိုက်ပါ။
၂) စိတ်ဓာတ်ကို ပြင်ဆင်ပါ။
ကိုယ့်ဘဝမှာ ဒါမျိုးဖြစ်လာမယ်လို့များ ဘယ်သူကကြိုတွေးထားနိုင်ပါ့မလဲ။ ကိုယ်မလိုချင်ဘဲ လက်သင့်ခံရတတ်တာမျိုး ဘဝမှာ အများကြီးပါ။ ဘဝက ကိုယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်တော့ဘာဖြစ်လဲ။ ဖြစ်ချင်ရာဖြစ်နေတဲ့ဘဝကို အကောင်းဆုံဖြစ်အောင် ရပ်တည်ပစ်လိုက်ပါ။ အဲလိုမျိုး သင့်စိတ်ဓာတ်ကို ပြင်ဆင်လိုက်ပါ။ လူတွေရဲ့ ချီးမွမ်း ၇ရက်၊ ကဲ့ရဲ့ ၇ရက်ကို နားလည်ပါ။ အချိန်တန် ပြီးသွားပါလိမ့်မယ်။ သင့်ဘဝက single mom တစ်ယောက်ဖြစ်လာရုံနဲ့ မပြိုလဲသွားနိုင်ကြောင်း ပြသပါ။ သင့်စိတ်ဓာတ်ကို မာကြောအောင် သင့်ဟာသင်ပြုပြင်လိုက်ပါ။
၃) အတိတ်ထဲမှာပဲ ဝမ်းနည်းမနေပါနဲ့။
သူများမိသားစုတွေ ပျော်ရွှင်နေတာကြည့်ပြီး စိတ်မကောင်းတော့ဖြစ်မိမှာပဲပေါ့။ ဒါပေမယ့် အမြဲလိုလို ခုလက်ရှိအချိန်တွေ နဲ့ အနာဂတ်မှာ ဘာတွေဆက်ပြီး လုပ်သင့်သလဲဆိုတာမျိုးတွေ ထိခိုက်လောက်တဲ့အထိတော့ ထိုင်ငိုနေလို့မဖြစ်သေးပါဘူး။ သင်ငိုနေတဲ့အချိန်မှာ သင့်ကိုထိခိုက်အောင်လုပ်ခဲ့သူတွေက ငိုနေပါ့မလား။ သင့်မျက်ရည်က သင့်သားသမီးအတွက်ပဲဖြစ်ပါစေ။ သင့်သားသမီးမှာ သင့်တစ်ယောက်ပဲရှိတဲ့အတွက် သင်က၂ဆလောက်ပိုသန်မာနေမှဖြစ်မှာလေ။ အဲဒီ့တော့ လုပ်သင့်တာကိုပဲ တွေး၊ ချက်ချင်းထလုပ်၊ အတိတ်တွေပြန်တွေးပြီး ခုလက်ရှိဘာမှမလုပ်ဖြစ်ပဲ ထိုင်ငိုနေတော့ ဘယ်သူ့ကိုပဲထိခိုက်မှာလဲ။ အချိန်ကုန်ပါတယ်။ သင်ကသူများထက်ကို ၂ဆသန်မာဖို့လိုတာမမေ့ပါနဲ့။ ဝမ်းနည်းသမျှအားလုံး မေ့သွားလောက်တဲ့အထိ ပြန်ကြိုးစားပါ။ အချိန်ကိုကောင်းကောင်းအသုံးချပါ။ ဝမ်းနည်းဖို့ အချိန်မရှိတော့တဲ့အထိပေါ့။ အတိတ်ကိုအတိတ်မှာထားခဲ့ပါ။ ခုလက်ရှိအချိန်ကို ကောင်းကောင်းအသုံးချပါ။
၄) အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုသင်ပါ။
သင့်သားသမီးတွေရဲ့အနာဂတ်က သင့်လက်ထဲမှာလေ။ သင်ရပ်တည်ဖို့အတတ်ပညာတစ်ခုခုသင်ပါ။ စက်ချုပ်သင်တာမျိုး ပေါ့။ သေချာလေ့လာသင်ယူပြီး သင့်ဘဝအတွက် ရပ်တည်နိုင်အောင်လုပ်ပါ။ သင့်ဘဝတိုးတက်မှုကိုပဲ အာရုံစိုက်ပါ။ ပတ်ဝန်းကျင်ရဲ့အထင်အမြင်တွေကို အာရုံမထားပါနဲ့။ သင့်ဘဝရပ်တည်နိုင်လောက်တဲ့အထိ ကျွမ်းကျင်လာအောင် သေချာသင်ယူလေ့လာပါ။ ကိုယ်တိုင်စပြုပြင်မယ်ဆိုရင် ဘယ်အရာမှ နောက်ကျတယ်မရှိပါဘူး။
၅) စာဖတ်ပါ။
သင့်သားသမီးကို စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေးနိုင်အောင် အားတဲ့အချိန်စာဖတ်ပါ။ သင့်ကိုယ်သင်အတွက်စာဖတ်ပါ။ သင့်ကလေးကို ခုလိုမဖြစ်အောင် သွန်သင်နိုင်ဖို့ စာဖတ်ပါ။ သားသမီးဘဝကို ပညာအမွေပေးနိုင်အောင်စာဖတ်ပါ။ သင့်ကလေးကို အကောင်းဆုံးမိဘအဖြစ်ထိန်းကျောင်းနိုင်ဖို့ သင်အားလပ်ချိန်မှာ စာဖတ်ပါ။ ငွေမပေါလို့ အားငယ်စရာမလိုပါဘူး။ စာဖတ်တဲ့မိဘက စာဖတ်ပြီး ပညာပြည့်ဝတဲ့ကလေးဖြစ်အောင် ပြုစုပျိုးထောင်နိုင်ပါတယ်။ ငွေတွေပေါများပြီး သားသမီးကိုမပျိုးထောင်နိုင်တဲ့မိဘထက် ငွေမရှိပေမယ့် စာဖတ်အောင် ပျိုးထောင်နိုင်တဲ့မိဘက ပိုပြီး တန်ဖိုးရှိပါတယ်။ ငွေမပေါပေမယ့် သင်ကတန်ဖိုးရှိတဲ့မိဘဖြစ်လာနိုင်ပါသေးတယ်။
၆) သင့်ကိုသင်ညံ့ဖျင်းတယ်မထင်ပါနဲ့။
လူတိုင်းမှာ မမြင်နိုင်တဲ့ အစွမ်းတွေရှိပါတယ်။ အသုံးချတာနဲ့ အသုံးမချတာပဲကွာတာပါ။ သင်ဟာ single mom ဖြစ်လို့ သူများထက် နိမ့်ကျသွားတာမဟုတ်ပါဘူး။ သင်က မတတ်သာလို့ဖြစ်လာတဲ့အခြေအနေမှာ သင့်ဘဝကို ရဲဝင့်စွာရင်ဆိုင်ရဲတဲ့သတ္တိရှိတဲ့သူပါ။ အဲဒီ့တော့ သင့်ရဲ့အစွမ်းကို အားကုန်ထုတ်သုံးဖို့ပြင်ဆင်ပါ။ သင်ယူသင့်တာ သင်ယူပါ။ ဖတ်မှတ်သင့်တာဖတ်မှတ်ပါ။ သင့်ကလေးအတွက် ၂ယောက်စာ ဉာဏ်ပညာရှိဖို့လိုပါတယ်။ သင်ဟာ သူများထက် အစွမ်းပိုရှိဖို့လိုပါတယ်။ အဲဒါကြောင့်သင့်ရဲ့အစွမ်းကို ပိုပြီး ပြင်းထန်စွာထုတ်သုံးနိုင်ပါတယ်။ သင်က မညံံ့ဖျင်းပါဘူးနော်။
စာလေးတွေဖတ်ပြီးခွန်အားလေးတစ်ခုတိုးသွားတယ်ဆိုရင်ပဲရေးရကျိုးနပ်ပါပြီ။ လူတိုင်းမလိုချင်ဘဲဖြစ်လာရတဲ့ဘဝကို အကောင်းဆုံးရင်ဆိုင်ရတဲ့ single mom ဘဝများကို စာနာအားပေးနိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။