အခြားသူတွေဆီက မမျှော်လင့်သင့်တဲ့အရာ ၁၀ခု

မျှော်လင့်ခြင်းဆိုတာက တိကျတဲ့ရလဒ်တစ်ခုခုကို လိုချင်တဲ့စိတ်နဲ့ ဆက်စပ်နေတာပါ။ အောက်မှာဖော်ပြထားတဲ့ အရာတွေကို မျှော်လင့်မိနေတယ်ဆိုရင် ရပ်တန့်ပစ်လိုက်တာက သင့်အတွက် ကောင်းမွန်တဲ့ရလဒ်တွေကို သင်ရနိုင်ပါတယ်။ အခြားသူတွေဆီက သင့်ဘဝပျော်ရွှင်ဖို့အတွက် မမျှော်လင့်သင့်တဲ့အရာတွေကို ဖော်ပြလိုက်ပါတယ်။


၁) ထောက်ခံအသိအမှတ်ပြုမှု
သင့်ရဲ့တန်ဖိုးကို ထောက်ခံဖို့ အခြားသူများဆီက မမျှော်လင့်နေပါနဲ့။ သင့်ရဲ့တန်ဖိုးက သင့်ကိုယ်တွင်းမှာပဲ ရှိတာပါ။ တစ်ခုခုဆို ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ့်ကိုထောက်ခံသူမရှိလို့ ရပ်တန့်ပစ်လိုက်တယ်ဆိုတာမျိုး မလုပ်ပါနဲ့။ အခြားသူတွေက သူတို့ကိုယ်ပိုင်ဘဝကို သူတို့ဟာသူတို့ဟန်ချက်ညီအောင်ကြိုးစားနေရတာနဲ့တင် အလုပ်ရှုပ်နေကြတာပါ။ စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုင်ရာအရကော သင့်ကို တကူးတကထောက်ခံဖို့ စိတ်မဝင်စားအားကြပါဘူး။ အဲဒါကြောင့် သင်သိထားရမှာက သင်လုပ်ကိုလုပ်သင့်တဲ့အလုပ်မျိုးကို ထောက်ခံသူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လုပ်ဖြစ်အောင်လုပ်ပါ။
၂) ချီးမွမ်းခြင်း
သင့်ကို အခြားသူများက ချီးကျူးသည်ဖြစ်စေ၊ မချီးကျူးသည်ဖြစ်စေ ထိုအရာကို အခြားသူများဆီက မျှော်လင့်ထားလို့မရပါဘူး ။ ကောင်းတဲ့အရာတွေကို သင်ကပြုလုပ်နေပေမယ့် အခြားသူများဆီက ချီးမွမ်းခြင်းခံရချင်မှလည်း ခံရမှာပါ။ သင်လုပ်တဲ့ ကောင်းသောအခြင်းအရာတွေနဲ့ ရိုးသားဖြောင့်မတ်မှုတွေအတွက် သင့်ကိုသင်ချီးကျူးပါ၊ အဲလိုကောင်းသောအရာတွေလုပ်နိုင်ခြင်းက အခြားသူများ အသိအမှတ်ပြုပြု ၊ မပြုပြု သင့်ရဲ့စိတ်ထဲမှာ ပိုကောင်းတဲ့ခံစားချက်ကိုတော့ ခံစားနိုင်မှာပါပဲ။ ဆိုးဝါးတဲ့အခြေအနေခံစားချက်တွေကနေ မှန်ကန်တဲ့ဦးတည်ချက်ကို လှမ်းနိုင်တဲ့အခါ ဒါမှမဟုတ် အခြားသူများအပေါ် ကြင်နာတဲ့အပြုအမူမျိုး၊ ကောင်းတဲ့အပြုအမူအတွက် သင့်ကိုသင် အသိအမှတ်ပြုပါ။ အခြားသူတွေ သင့်ကိုဘယ်လိုမြင်မြင်ကိစ္စမရှိပါဘူး။
၃) စိတ်ဓာတ် တက်ကြွစေခြင်း
ဘယ်သူကမှ အမြဲတမ်း သင့်ရဲ့စံပြပုဂ္ဂိုလ်ဖြစ်မနေနိုင်ပါဘူး။ အခြားသူများကြောင့် စိတ်ဓာတ်တက်ကြွခြင်းကို အမြဲတမ်းမျှော်လင့်နေလို့မရနိုင်ပါဘူး။ သင့်ကိုယ်တိုင်ပြုလုပ်မှရနိုင်တာပါ။ သင့်ကိုယ်တိုင် သင့်စိတ်ကိုပြုပြင်ဖို့ ပြောင်းလဲဖို့ကြိုးစားရမှာပါ။ သင်စိတ်ဓာတ်ကျနေတဲ့အချိန်မှာ သင့်သူငယ်ချင်းတွေက သင့်ကို စိတ်ဓာတ်တက်ကြွဖို့ ဘယ်လောက်တွန်းအားပေးပေး သင်ကိုယ်တိုင်က ပြန်လည်စတင်ဖို့ စိတ်ဓာတ်တက်ကြွမှုမရှိဘူးဆိုရင် ဘယ်သူ့ဆီကမှ စိတ်ဓာတ်တက်ကြွစေဖို့ မျှော်လင့်နေလို့မရပါဘူး။ သင်စိတ်ဓာတ်ကျနေတဲ့အချိန်မှာ သင့်ကို စိတ်ဓာတ်တက်ကြွစေတဲ့အရာတွေ ဥပမာ စိတ်ဓာတ်ခွန်အားပေးစာတွေဖတ်တာ၊ စိတ်ဓာတ်ကြံ့ခိုင်စေတဲ့သီချင်းမျိုးနားထောင်တာ၊ စသည်ဖြင့် ရှာဖွေပါ။ လုပ်ဆောင်ကြည့်ပါ။
၄) နားလည်ပေးမှု
သင့်ရဲ့ဘဝ၊ သင်လျှောက်ခဲ့တဲ့လမ်းကို ဘယ်သူမှ ထပ်တူလျှောက်ပြီး ကြီးပြင်းလာတာမဟုတ်ပါဘူး။ အတွေ့အကြုံချင်းမတူတဲ့အခါ အမြင်ချင်းလည်း မတူနိုင်ပါဘူး။ အဲဒါကြောင့်သင်မဟုတ်တဲ့အခြားတစ်ယောက် သင့်ကိုအပြည့်အဝနားလည်ပေးမယ်လို့များ လုံးဝမမျှော်လင့်လိုက်ပါနဲ့နော်။ မျှော်လင့်မိရင် သင်ပဲမောရပါလိ့မ်မယ်။
၅) အကောင်းမြင်စိတ်
သင့်ရဲ့ပေါင်းသင်းဆက်ဆံရေး၊ သင့်ရဲ့ဘဝ၊ သင့်ရဲ့နေ့ရက်တွေမှာ သင်လူပေါင်းစုံကို ကြုံတွေ့ရပါလိမ့်မယ်။ လူပေါင်းစုံရဲ့အမြင်ပေါင်းစုံကိုလည်း သင်လက်ခံနေရမှာပါပဲ။ ဒါပေမယ့် အဲဒါက သူတို့ရဲ့သင့်အပေါ်မြင်တဲ့ အပေါ်ယံအမြင်သက်သက်သာ ဖြစ်ပါတယ်။ သင့်အကြောင်းကို သင်ကလွဲပြီး ဘယ်သူကခရေစေ့တွင်းကျသိနိုင်ပါ့မလဲ။ အဲဒါကြောင့် အခြားသူတွေရဲ့ သင့်အပေါ်ထားတဲ့အမြင်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထိုအမြင်တွေက သင့်ကိုမပြောင်းလဲပစ်နိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်အပေါ်မကောင်းမြင်လည်း မခံစားပါနဲ့။ အကောင်းမြင်မယ်လို့လည်း မျှော်လင့်မထားပါနဲ့။
၆) ပြီးပြည့်စုံမှု
တစုံတယောက်က သင့်ကိုပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်မယ်ဆိုတာမျိုး မမျှော်လင့်မိပါစေနဲ့။ အခြားသူတစ်ယောက်က ပြီးပြည့်စုံအောင် လာမဖြည့်ဆည်းပေးနိုင်ပါဘူး။ အဲဒါက သင့်စိတ်ထဲက ခံစားချက်ပါပဲ။ သင့်အတွက် ပျော်ရွှင်နေတယ်ဆိုရင် သင့်စိတ်ထဲမှာ ပြီးပြည့်စုံတယ်လို့ခံစားနေရတယ်ဆိုရင် ပြီးပြည့်စုံခြင်းပါပဲ။ ရုပ်ဝတ္ထုတွေ၊ ငွေကြေးအရဖြည့်ဆည်းမှုတွေ၊ လိုချင်တပ်မက်မှုတွေ စသည်ဖြင့် ပြည့်စုံခြင်းနဲ့ မဆိုင်ပါဘူးနော်။ သင်လုပ်ချင်တာလုပ်နေရမယ်၊ သင်လုပ်နေရတာကိုလည်း သင်ချစ်မယ်၊ သင့်ဘဝကို သင်ကျေနပ်မယ်ဆိုရင် ပြီးပြည့်စုံနေတယ်လို့ ခံစားနေရမှာပါပဲ။
၇) ပျော်ရွှင်မှု
အခြားသူတွေက သင့်ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တယ်ဆိုတာ အခိုက်အတန့်လေးပဲဖြစ်မှာပါ။ သင့်ရဲ့အတွင်းစိတ်ထဲမှာ မပျော်ရွှင်ဘူးဆိုရင်တော့ ဘယ်သူကမှ သင့်ကို အမြဲလိုပျော်ရွှင်အောင် ထားနိုင်မှာမဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာက သင့်ဘဝထဲက ကောင်းတဲ့အရာတွေကို မြင်နိုင်ခြင်းကနေ ဖြစ်လာတာပါ။ သင့်ဘဝထဲမှာ ဆိုးတာတွေရှိသလို ကောင်းတာတွေလည်း ရှိနိုင်တာပဲလေ။ အမြဲလိုဆိုးတာတွေချည်း အာရုံရောက်နေရင်တော့ သင်ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ သင့်အပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်က သင့်ကိုပျော်ရွှင်စေမယ်ဆိုလည်း ခဏတဖြုတ်ပဲဖြစ်မှာပါ။ အဲဒါကြောင့် ပျော်ရွှင်မှုကို ဘယ်သူ့ဆီကမှ ရဖို့မမျှော်လင့်ပါနဲ့။ သင့်ဘဝထဲက ကောင်းတဲ့အရာတွေကိုသာ ပြန်တွေးပြီး ပျော်ရွှင်မှုဆိုတာကို သင့်ကိုယ်ထဲမှာသာ ရှာဖွေပါ။ အရှိကို အရှိအတိုင်းလက်ခံလိုက်ပါ။
၈) ဖြေရှင်းပေးမှု
လူတိုင်းမှာ ပြဿနာပေါင်းစုံရှိတတ်ကြတာပါပဲ။ တစ်ယောက်တစ်မျိုးတော့ ပြဿနာရှိကြတာချည်းပါပဲ။ အဲဒါကြောင့် ကိုယ့်ပြဿနာကို အခြားသူများဖြေရှင်းပေးနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးမထားပါနဲ့။ တကယ်တော့ သင့်ပြဿနာကို အခြားဘယ်သူကမှ အမြဲတမ်းလိုက်မဖြေရှင်းပေးနိုင်ပါဘူး။ အားလုံးဟာ သူ့ပြဿနာနဲ့သူရှုပ်နေကြတာမို့ပါ။
၉) ဝေဖန်ပိုင်းခြားနိုင်စွမ်း
အခြားသူများဆီက သင့်အပေါ် ဝေဖန်ပိုင်းခြားမှုနဲ့ပတ်သက်ပြီး အဆိုးတွေလည်း ရလာနိုင်တယ်ဆိုတာကို သတိထားသင့်ပါတယ်။ လူတိုင်းက သင့်အကြောင်းကို အကုန်မသိနိုင်သလို၊ သင်လုပ်နေသမျှလည်း အားလုံးကို သူတို့နားမလည်နိုင်ပါဘူး။ အဲဒါကြောင့်လည်း သင့်အပေါ်ဝေဖန်ပိုင်းခြားမှုနဲ့ပတ်သက်ပြီး အကောင်းတွေကော အဆိုးတွေကော ရလာနိုင်တယ်ဆိုတာ သတိထားပါ။ သင့်အပေါ်ဝေဖန်မှုနဲ့ပတ်သက်ရင် အကောင်းတွေချည်းမျှော်လင့်မထားမိပါစေနဲ့။ လူတိုင်းမှာ ကိုယ်မမြင်နိုင်၊ မသိနိုင်တဲ့ ကိစ္စတွေ၊ ဖြစ်ရပ်တွေရှိနေနိုင်ပါတယ်။ ကိုယ်မြင်တာလေးတစ်ခုထဲ ကြည့်ပြီး ကောင်းသည်ဆိုးသည်ဝေဖန်မနေသင့်ပါဘူး။ ပြီးတော့လည်း ကိုယ့်အလှည့်ကျရင် အကောင်းချည်း ချီးကျူးခံနေရလိမ့်မယ်လို့လည်း မမျှော်လင့်ထားလိုက်ပါနဲ့။ အဆိုးတွေဝေဖန်ခံလာရရင်လည်း လူတိုင်းက ကျွန်တော်အကြောင်းတော့ဘယ်သိနိင်ပါ့မလဲ ဆိုပြီးတွေးလိုက်ပါ။
၁၀) ရယ်စရာတွေ
တခါတရံ ကျွန်တော်တို့ဘဝမှာ စိတ်ညစ်စရာတွေမေ့ထားပြီး ရယ်မောပစ်ဖို့လိုပါသေးတယ်။ ရယ်စရာဖြစ်ရပ်တွေ၊ ပေါကြောင်ကြောင်လုပ်ရပ်တွေနဲ့ တစ်ခါတလေကြုံရမှာပါ။ သူငယ်ချင်းတွေနဲ့ ထိုကဲ့သို့ ရယ်စရာတွေ၊ ပေါကြောင်ကြောင်ဖြစ်ရပ်တွေကို မျှဝေရတာ ပျော်စရာကောင်းမှာပါ။ ဒါပေမယ့် အခြားသူများဆီကနေတော့ အမြဲလို ပျော်စရာ၊ ရယ်စရာတွေရနေလိမ့်မယ်ချည်းတော့ မမျှော်လင့်ထားလိုက်ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ်ချင်းမတူနိုင်တာကြောင့် စိတ်အခန့်မသင့်တာတွေ၊ အလိုမကျစရာတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေတော့ ကြုံရနိုင်တယ်ဆိုတာသတိရပါ။ ထိုကဲ့သို့ ပြောင်ချော်ချော်လုပ်ရပ်တွေကို မှန်ရှေ့မှာ လုပ်ကြည့်တာမျိုးဖြစ်ဖြစ်၊ အိပ်ရာပေါ်မှာ ကခုန်တာမျိုးဖြစ်ဖြစ်၊ ကြောင်နဲ့အတူဆော့ကစားတာဖြစ်ဖြစ် လုပ်ကြည့်ရင် ကိုယ်ပျော်ရွှင်ဖို့ကိုယ့်ဟာကိုယ် ဟာသလုပ်ရပ်တွေလုပ်ကြည့်တာက အကောင်းဆုံးပါပဲ။
ဒီနေ့ကစပြီး အထက်ကဖော်ပြထားတဲ့အချက်တွေကို အခြားသူများဆီကမျှော်လင့်နေတာတွေ ရပ်ပစ်လိုက်ပါတော့။ အတိတ်ကလုပ်တဲ့အမှားတွေအတွက် ကိုယ့်ကိုကိုယ်ခွင့်လွှတ်ပေးပါ။ ပြုပြင်ပါ။ ဒီနေ့ကစပြီး ကိုယ်တိုင်ပြုလုပ်မှ ရမယ့်အရာတွေအတွက် ကိုယ်တိုင်ပြုပြင်ကြိုးစားကြည့်လိုက်ပါတော့နော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။