စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတွေထံမှ အတုယူသင့်တဲ့အကျင့်များ

စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတွေဆီကနေ ကိုယ့်အတွက်ပြန်လည်အတုယူသင့်တဲ့အချက်တွေရှိပါတယ်။ သူတို့တွေဘာကြောင့်တော်တန်ရုံကိစ္စလောက်နဲ့ စိတ်ထိခိုက်တာ၊ စိတ်ဓာတ်ကျတာမျိုးမဖြစ်ဘဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတွေဖြစ်လာသလဲ။ ကိုယ်ကရော ဘယ်လိုနေရာတွေမှာ စိတ်ထိခိုက်ခံစားနေတတ်သလဲစသဖြင့် ကိုယ့်ရဲ့စိတ်ကို သိထားခြင်းက ကိုယ့်စိတ်ကိုကုစားဖို့ရာအသုံးဝင်စေပါတယ်။ အဲဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ထင်ရတဲ့လူတွေမှာ အများဆုံးတွေ့ရတတ်တဲ့အချက်တွေကတော့အောက်ပါအတိုင်းပါပဲ။


၁) အခြားသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်မနှိုင်းယှဉ်ခြင်း
ကိုယ့်ကိုယ်ကိုယ် အခြားသူတွေနဲ့ မနှိုင်းယှဉ်တတ်ပါဘူးတဲ့။ အခြားသူတွေက ဘယ်လိုတိုးတက်အောင်မြင်နေပြီ၊ ကိုယ်ကတော့ဘယ်နေရာမှာမှ မအောင်မြင်ဘူးဆိုတဲ့ ကိုယ့်စိတ်ကို ဆုတ်ယုတ်စေတဲ့အတွေးမျိုးတွေ တွေးဖို့ ကိုယ့်ကိုယ်ကိုယ်အချိန်မပေးကြပါဘူး။ ကိုယ်လုပ်စရာရှိတာကိုသာ တစိုက်မတ်မတ်လုပ်ဖို့သာ အာရုံစိုက်တတ်ကြပါတယ်။ အဲဒါကြောင့်လည်း အခြားလူတွေနဲ့ နှိုှုင်းယှဉ်ဖို့အချိန်မရှိဘဲ မနေ့က ကိုယ်နဲ့ဒီနေ့ကိုယ် ဘာတွေတိုးတက်ထူးခြားလာသလဲဆိုတာကိုသာ နှိုှု်င်းယှဉ်သူတွေဖြစ်ပါတယ်။

၂) အခြားသူတွေရဲ့အောင်မြင်မှုအပေါ် မနာလိုတဲ့စိတ်ခံစားချက်မျိုးမရှိခြင်း
အခြားသူတွေအောင်မြင်နေလည်း မနာလိုစိတ်မဖြစ်သလို၊ ကိုယ့်ကိုယ်ကိုယ်စိတ်ဓာတ်ကျခြင်း၊ အားငယ်ခြင်း၊ ဝမ်းနည်းခြင်း စတဲ့အသုံးမဝင်တဲ့ခံစားချက်တွေကို ကိုယ့်စိတ်ထဲကြာကြာမထားတတ်ကြပါဘူး။ အဲဒီ့ ခံစားချက်တွေက ဖြစ်လာမိပြီဆိုရင် ပျောက်ဖို့ခက်သလို၊ လူရဲ့သဘောကိုက မကောင်းတဲ့စိတ်ခံစားချက်ဆို ကြာကြာခံစားတတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ထဲ မကောင်းတဲ့ခံစားချက်မျိုးစတင်ခံစားမိတာနဲ့ အခြားကိုအာရုံလွှဲပစ်တာမျိုး၊ ကိုယ့်လုပ်စရာရှိတာတွေကိုသာ အာရုံပြောင်းလိုက်တာမျိုးလုပ်ပြီး ကိုယ့်ရဲ့တိုးတက်မှု့ကိုသာအာရုံစိုက်သင့်ပါတယ်။ အဲဒါဆို ဝမ်းနည်းဖို့၊ အားငယ်ဖို့အချိန်မရှိတော့ဘူးပေါ့။

၃) အခြားသူတွေရဲ့ အကြောင်းအရာတွေကို အာရုံမထားခြင်း
နောက်တစ်ခုကတော့ အခြားသူတွေဘာဖြစ်နေသလဲ၊ ဘယ်သူတွေကဘယ်လို၊ ဘယ်သူကတော့ ကိုယ့်ကိုဘယ်လိုပြောတယ်ဆိုတဲ့ အာရုံနောက်စရာအကြောင်းအရာတွေကို အာရုံမထားလို့ပါပဲတဲ့။ ဘယ်သူက ကိုယ့်ကို မကောင်းပြောနေတယ်ဆိုတာမျိုးကို အာရုံစိုက်လိုက်ခြင်းက ကိုယ့်ကမှန်နေပေမယ့် ကိုယ့်ရဲ့စိတ်ခံစားချက်ကို လာပြီးထိခိုက်နိုင်တာပါပဲ။ “ဟယ်….ငါ့ကိုမဟုတ်တာတွေပြောနေတယ်၊ ငါ့ကိုမနာလိုဖြစ်နေတယ်၊” စတဲ့အတွေးတွေနဲ့ ဒေါသထွက်မယ်၊ စိတ်တိုမယ်၊ ပေါက်ကွဲမယ်၊ ဝမ်းနည်းမယ် စတဲ့ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါ သင့်စိတ်ကိုထိခိုက်လာစေတာပဲလေ။ အဲဒါကြောင့် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အခြားလူတွေရဲ့ အကြောင်းအရာတွေကို လုံးဝအာရုံထဲမထည့်တာအကောင်းဆုံးပါ။

၄) ကိုယ့်ရဲ့အားနည်းချက်ကိုချည်းတွေးပြီး မသိမ်ငယ်ခြင်း
နောက်ထပ် စိတ်အားငယ်စေတဲ့အချက်ကတော့ ကိုယ့်ရဲ့အားနည်းချက်ကိုသာ အမြဲတွေးနေတာပါ။ လူတိုင်းဟာ ပြီးပြည့်စုံတဲ့လူတွေမဟုတ်ကြပါဘူး။ အားနည်းချက်၊ အားသာချက်ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် တော်တော်များများက အားနည်းချက်ကိုသာအာရုံထားတတ်ကြပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကိုအာရုံထားလိုက်တဲ့အခါ ကိုယ့်စိတ်အားငယ်၊ သိမ်ငယ်စိတ်များလာပြီး တခုခုဆိုရင် ကိုယ့်အားနည်းချက်ကြောင့်လို့ပဲ တွေးကာ စိတ်ပျော့ညံ့လာတတ်ပါတယ်။ အဓိကက ကိုယ့်ရဲ့အားနည်းချက်ကြောင့်ပဲ ကိုယ့်ရဲ့အားသာချက်ကို ပိုအာရုံစိုက်ပြီး ပိုထက်မြင်လာအောင်ကြိုးစားသင့်တာပါ။ အဲဒါမှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း အကူအညီဖြစ်စေတာပါ။

၅) ကိုယ်ပိုင်အောင်မြင်မှုအတွက်သတ်မှတ်ချက်ရှိခြင်း
ကိုယ့်ရဲ့ကိုယ်ပိုင်အောင်မြင်မှုဆိုတာဘာလဲ။ ကိုယ်ဖြစ်ချင်တာဘာလဲ၊ အဲဒီ့အပေါ်အခြေခံပြီး သူများနဲ့မတူတဲ့ လမ်းကြောင်းတစ်ခုမှာ ကိုယ့်ဟာကိုယ်တိုးတက်အောင်ကြိုးစားရင်း အောင်မြင်လာဖို့ သတ်မှတ်ချက်ထားတာပါပဲ။ အဲဒီ့အောင်မြင်မှုဖြစ်လာအောင် ကိုယ့်အတွက်ကိုယ် သတ်မှတ်ချက်တွေထားမယ်၊ အဲဒီ့သတ်မှတ်ချက်အတိုင်း လိုက်နာမယ်၊ ကြိုးစားမယ် ။ ကိုယ့်ရည်မှန်းချက်ပိုအောင်မြင်လာဖို့သာ အာရုံထားတဲ့အခါ အခြားသော ဘေးပတ်ဝန်းကျင်က အာရုံနောက်စရာတွေကို အာရုံထဲမထည့်နိုင်တော့ပါဘူး။ အဲဒီ့အတွက်လည်း စိတ်အားငယ်၊ ဝမ်းနည်းဖို့အချိန်မရှိတော့တာဖြစ်ပါတယ်။

တကယ်လို့များ ကိုယ်က စိတ်အားငယ်တတ်တယ်လို့ ထင်တယ်ဆိုရင် ကိုယ့်အာရုံထဲမှာအမြဲလိုလို အားငယ်တဲ့အတွေးတွေဝင်လာတဲ့အခါ ဒီအချက်လေးတွေကို သတိရလိုက်ပါ။ အာရုံထဲဝင်လာတဲ့အချက်တွေကို သတိလေးထားပြီး ဖယ်ထုတ်ရင်း ကိုယ့်တိုးတက်မှုအတွက်ကြိုးစားဖို့သာ အာရုံပြောင်းလိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။