စာဖတ်ဖို့အချိန်မရှိဘူးဆိုတဲ့သူတွေ လုပ်ကြည့်သင့်တဲ့နည်းလမ်းများ

စာဖတ်ခြင်းက လူတစ်ယောက်ရဲ့အတွေးအခေါ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ သိပြီးဖြစ်ကြမှာပါ။ လူတစ်ယောက်ရဲ့အတွေးအခေါ်ပြောင်းလဲသွားတဲ့အခါ ထိုသူရဲ့ဘဝလည်း လိုက်ပါပြောင်းလဲသွားနိုင်ပါတယ်။ အဲဒါကြောင့် ပုံမှန် စာဖတ်ခြင်းရဲ့အကျိုးက လူတစ်ယောက်ရဲ့ဘဝကိုအများကြီးသက်ရောက်နိုင်ပါတယ်။ စာဖတ်ခြင်းကို ဝါသနာပါပါတယ်၊ စာလည်းဖတ်ချင်ပါတယ်၊ ဒါပေမယ့် အလုပ်တွေများလို့၊ အချိန်မရလို့၊ စာအုပ်မသယ်ချင်လို့ စတဲ့အကြောင်းအမျိုးမျိုးနဲ့ စာဖတ်ဖို့ ပျက်ကွက်တတ်ကြပါတယ်။ ဖေ့ဘုတ်သာ တစ်နေ့ ၂၄နာရီမှာ မသုံးလိုက်ရမရှိပေမယ့် စာဖတ်ဖို့ကျတော့ နည်းမျိုးစုံနဲ့ အကြောင်းပြပြီး မေ့နေတတ်ကြပါတယ်။ အဲဒါကြောင့် စာဖတ်ဖို့ အချိန်မရှိဘူးလို့ မညည်းရတော့ဘဲ စာဖတ်ဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်။


၁) ကိုယ့်ကိုကိုယ် သတ်မှတ်ချက်ထားပါ။
စာဖတ်ဖြစ်ဖို့ အဓိက အချက်ကတော့ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ထားပြီး သေချာလိုက်နာဖို့ပါပဲ။ ကိုယ်တစ်ကယ်စာဖတ်ဖြစ်ချင်တယ်ဆိုရင် ကိုယ်လည်းလိုက်နာနိုင်မယ့် စည်ကမ်းမျိုး သတ်မှတ်ထားပါ။ ဥပမာ။ တစ်လမှာ စာအုပ်တစ်အုပ်ပြီးအောင် ဖတ်ဖြစ်အောင်ဖတ်မယ်လို့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတာမျိုးပါ။ အလုပ်ဘယ်လောက်များများ တစ်လမှာ စာအုပ်တစ်အုပ်လောက်တော့ ဖတ်ဖြစ်အောင်ဖတ်မယ်လို့ သတ်မှတ်ပြီးရင် သတိရတိုင်း စာဖတ်ဖြစ်ဖို့ ကြိုးစားပါ။
၂) PDF ဒါမှမဟုတ် E – Book တွေဖုန်းထဲထည့်ထားပါ။
စာအုပ်သယ်ရတာက စာမဖတ်ဖြစ်တဲ့ ပြဿနာတစ်ခုဖြစ်နေတယ်ဆိုရင်တော့ မပူပါနဲ့။ E-book တွေကို ဖုန်းထဲထည့်ထားပါ။ အရမ်း update ဖြစ်တဲ့စာအုပ်တွေတော့ စာအုပ်ဝယ်ဖတ်မှရမှာဖြစ်ပေမယ့် တစ်ချို့စာအုပ်အဟောင်းတွေကျတော့ E – Book နဲ့ ရှာတာ ပိုလွယ်ပါတယ်။ ပေါ့ပေါ့ပါးပါးလည်း သယ်သွားလို့ရတာမို့ အဆင်ပြေမှာပါ။
၃) တစ်နေ့လျှင် အနည်းဆုံး တစ်နာရီခန့်တော့ စာဖတ်ဖို့အချိန်သတ်မှတ်လိုက်ပါ။
တစ်နေ့လျှင် တစ်နာရီဆိုတဲ့အချိန်က မသိသာပါဘူးနော်။ သင်ကအရမ်းအလုပ်ရှုပ်တဲ့သူဖြစ်နေပါစေအုံး တစ်နာရီလောက်ကတော့ သင်ဖေ့ဘုတ်သုံးမယ့်အချိန်ထဲက ဖဲ့ယူလိုက်ရင်တောင် မသိသာပါဘူးနော်။ အဲဒါဆို သင်လည်း အချိန်အများကြီး မလိုဘဲ စာဖတ်ဖြစ်သွားပါလိမ့်မယ်။ ဖတ်စရှိရင် စာအုပ်တွေက နောက်နေ့ထပ်ဖတ်ချင်လာအောင် ဆွဲဆောင်နေမှာပါ။ တစ်ပတ်လောက် အကျင့်လုပ်ကြည့်လိုက်ရင် ပုံမှန်စာဖတ်ဖို့ အာရုံရသွားမှာပါ။
၄) ကိုယ့်ကိုကိုယ်သတိပေးပါ။
ဖုန်းဖွင့်ပြီး ဖေ့ဘုတ်သုံးမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ “ငါ….စာဖတ်ရအုံးမှာပဲ…” ဆိုပြီး ကိုယ့်ကိုကိုယ်သတိပေးပါ။ ဘတ်စ်ကားပေါ်မှာပဲဖြစ်ဖြစ်၊ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောနေတဲ့အချိန်မှာပဲဖြစ်ဖြစ် ထိုအချိန်လေးတွေမှာ ကိုယ့်ကိုကိုယ် စာဖတ်ဖို့ သတိပေးလိုက်ပါ။ ဘတ်စ်ကား ကြပ်လို့ စိတ်ညစ်မနေဘဲ တစ်ယောက်စာလွတ်တဲ့နေရာလေးမှာ ရပ်ပြီး ဖုန်းထဲက E – book နဲ့ စာဖတ်ကြည့်လိုက်ပါ။ ကားကြပ်လို့စိတ်ညစ်နေတာတွေ မေ့သွားပါလိမ့်မယ်။ ကားက ပွိုင့်မိနေလည်း သာသာယာယာပါပဲ။ ဖုန်းဖွင့်ပြီး စာသာဖတ်နေလိုက်ပါ။ အဲဒီလို ဘတ်စ်ကားပေါ်မှာ ပိုထွက်လာတဲ့အချိန်တွေက သင့်အတွက် စာဖတ်ဖြစ်သွားတဲ့အခါ ဘယ်လောက်ကောင်းလိုက်သလဲ။ စာဖတ်ဖြစ်ဖို့ သတ်မှတ်ထားတဲ့အချိန်တစ်နာရီက ဘတ်စ်ကားပေါ် ကားပိတ်နေတုန်းဖတ်တာနဲ့တင် ပြည့်မှန်းမသိပြည့်သွားပါလိမ့်မယ်။ ထမင်းစားချိန် တစ်နာရီလောက်မှာလည်း ထိုနည်းလည်းကောင်းပါပဲနော်။ ထမင်းစားပြီးလို့ ပိုနေတဲ့ အချိန် နာရီဝက်၊ ဆယ့်ငါးမိနစ်ခန့်မှာ စာဖတ်လို့ရပါသေးတယ်။
၅) အလကားကုန်သွားတဲ့အချိန်တွေကို ပြန်ဆန်းစစ်ပါ။
အပေါ်ကပြောခဲ့သလိုပဲ ထမင်းစားပြီး ပိုနေတဲ့အချိန်ကို စကားပြောရင်းကုန်ပစ်လိုက်သလား၊ ဖေ့ဘုတ်သုံးရင်း ကုန်ပစ်လိုက်သလား၊ အိပ်နေမိသလား၊ စသည်ဖြင့် ပြန်ဆန်းစစ်ပါ။ ဘတ်စ်ကားစီးရင်ကော လူကြပ်ကြပ်ကို ချွေးတလုံးလုံးနဲ့ စိတ်ညစ်ညူးပြီး အညောင်းခံမတ်တပ်ရပ်တိုးစီးနေရသလား။ အချိန်ကုန်၊ လူပင်ပန်းမယ့်အတူတူ မတ်တပ်ရပ်ရင်း ဖုန်းဖွင့်ပြီး စာဖတ်တဲ့အခါ ညောင်းနေတာတွေ အာရုံမရှိ၊ စိတ်ညစ်နေတာတွေ အာရုံမရှိတော့ဘဲ စာထဲသာ အာရုံရောက်သွားပါလိမ့်မယ်။ စာလည်း ဖတ်ဖြစ်ပြီး အချိန်ကုန်ရကျိုးနပ်စေမှာပါ။
အထက်ကအချက်လေးတွေက တစ်နေ့တာမှာ ကိုယ်အလဟဿကုန်ဆုံးမယ့်အချိန်တွေမှာ စာဖတ်ခြင်းနဲ့အစားထိုးလိုက်ရုံပါပဲ။ သင်လည်း စာဖတ်ဖြစ်သွားမယ်၊ အချိန်ကုန်ရကျိုးလည်း နပ်သွားမယ်ဆိုတော့ စာဖတ်သူတွေ လိုက်နာကြည့်လိုက်ပါအုံး။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။