ကိုယ်ကျင့်တရားပျက်စီးစေသောအကြောင်းအရာများ

လူနဲ့တိရိစ္ဆာန်ကို ခြားနားထားတဲ့စည်းက ကိုယ်ကျင့်တရားရယ် တရားဓမ္မရယ်ပဲဖြစ်ပါတယ်။ တိရိစ္ဆာန်အတွက်ကတော့ ကိုယ်ကျင့်တရားကိုစောင့်ထိန်းစရာမလိုသလို တရားဓမ္မဆိုတာကိုလည်း နားမလည်နိုင်ပါဘူး။ လူကတော့ လူရယ်လို့ဖြစ်လာရင် ကိုယ်ကျင့်တရားကို စောင့်ထိန်းရပါမယ်၊ တရားဓမ္မကို လုံးဝနားမလည်ဘူးဆိုတာထက်တော့ အနည်းအကျဉ်းနားလည်ပြီး ကိုယ်ကိုးကွယ်ရာဘာသာတရားကို လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီနေ့လို နည်းပညာတွေ၊ အတတ်ပညာတွေ၊ ပညာတွေ တိုးတက်လွန်းတဲ့ခေတ်မှာ ထိုကဲ့သို့ တိုးတက်လာခြင်းတွေရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ်ကတော့ ငွေကိုလိုအပ်ခြင်းနဲ့ ကိုယ်ကျင့်တရားကို စောင့်ထိန်းဖို့ မကြိုးစားခြင်းပဲဖြစ်ပါတယ်။


ဒီနေ့ခေတ်မှာ အရာအားလုံးတိုးတက်လာခြင်းနဲ့အတူ လိုချင်တပ်မက်စိတ်တွေကပါတိုးလာကြပါတယ်။ လိုချင်တပ်မက်စိတ်ကို ဦးစားပေးလိုက်တဲ့အခါ လောဘတွေနဲ့ အတ္တကြီးလာပါတော့တယ်။ အဲဒီ့အခါ ကိုယ်ကျင့်တရားဖောက်ဖျက်ဖို့လည်း ဝန်မလေးတော့ပါဘူး။ အဲဒါကြောင့် ဆင်ခြင်နိုင်အောင် ကိုယ်ကျင့်တရားပျက်ပြားစေသောအကြောင်းတရားတွေက ဘာတွေဖြစ်နိုင်မလဲဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။
၁) လိုချင်တပ်မက်စိတ်များလာခြင်း
တော်တေ်ာများများကတော့ လိုချင်တပ်မက်စိတ်များလာတာကြောင့် နောက်ဆုံး ကိုယ်ကျင့်တရားကိုပါ ငွေနဲ့လဲလာတဲ့အခြေအနေမျိုးဖြစ်လာတော့တာပါပဲ။ များသောအားဖြင့် နောက်ဆုံးပေါ်ပစ္စည်းတွေလိုချင်မှုကြောင့် မိန်းမပျိုလေးတွေဆိုရင်လည်း မလုပ်သင့်တာလုပ်ရဲလာကြပါတယ်။ ယောကျာ်းပျိုလေးတွေဆိုရင်လည်း ပိုင်ဆိုင်ရလိုချင်စိတ်တခုတည်းနဲ့ လွယ်လွယ်လိမ်ညာလာတတ်ကြပါတယ်။

၂) ပတ်ဝန်းကျင်
အချို့တွေကတော့ ထိုကဲ့သို့ အသစ်အဆန်းမှန်သမျှ ပေါ်တာနဲ့လိုချင်၊ အသစ်ပေါ်တာနဲ့ ကိုယ်ပေါ်တင်တတ်တဲ့ ပတ်ဝန်းကျင်မျိုးမှာ ကျင်လည်ရတဲ့အခါ ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘဲ အားကျတာမျိုးဖြစ်လာပါတယ်။ ကောင်းခြင်း ၊ မကောင်းခြင်းထက် ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်လို ဝတ်ပြဆင်ပြစားပြနေတဲ့အခါမှာ ကိုယ့်မှာ မဝတ်နိုင်မဆင်နိုင်မစားနိုင်တဲ့အခါ အားငယ်လာသလိုလို၊ လူစဉ်မမီတော့သလိုလိုမျိုးခံစားချက်တွေဖြစ်လာပါတော့တယ်။ ထိုခံစားချက်တွေနောက်ကို လိုက်ရင်းနဲ့ ကိုယ်ကျင့်တရားကို မသိမသာဖျက်ဆီးတတ်လာနိုင်ပါတယ်။

၃) မိဘအသိုင်းအဝိုင်း
ကိုယ့်ရဲ့မိဘကလည်း ကိုယ့်ဘဝကို အမှားအမှန်ခွဲခြားနိုင်စေဖို့ နည်းပေးလမ်းပြနိုင်တဲ့သူတွေမို့ သူတို့ရဲ့ ပြုစုပျိုးထောင်မှုက အရေးကြီးပါတယ်။ တချို့သောမိဘတွေကိုယ်တိုင်က ကလေးရှေ့မှာတင် ဘာမဟုတ်တာလေးနဲ့တင် လိမ်ညာပြတာမျိုးကနေတဆင့် ကလေးစိတ်ထဲမှာ လွယ်လွယ်လိမ်ညာတတ်တဲ့အကျင့်မျိုးမသိလိုက်ဘဲ ဖြစ်လာနိုင်ပါတယ်။ ကိုယ်လိုချင်တာရဖို့သာ အရေးကြီးတယ်လို့ သင်တတ်တဲ့မိဘမျိုး၊ ကိုယ့်ကိုလာလုပ်ရင် ပြန်သာလုပ်ဆိုတဲ့မိဘမျိုး၊ ကိုယ်အသာရဖို့ ဘာမဆိုလုပ်ရမှာပဲလို့ သင်တတ်တဲ့မိဘမျိုးကနေ ဆင်းသက်လာတဲ့သားသမီးတွေမှာလည်း ကြီးလာတဲ့အခါ ကိုယ်ကျင့်တရားပျက်ပြားဖို့လွယ်ပါတယ်။

၄) ဆင်းရဲမှုဒဏ်
အချို့တွေက ဆင်းရဲမှုဒဏ်ကို ကြံ့ကြံ့ခံရင်း ပိုပြီး ဘဝမှာ သန်မာလာကြသလို ဆင်းရဲမှုကို နှိမ်ချင်တဲ့သူတွေကြောင့်ပဲ ပိုပြီး ရိုးသားမှုကို ကိုးကွယ်လာကြပါတယ်။ တချို့လူတွေကကျပြန်တော့ ဆင်းရဲမှုဒဏ်ကို မခံနိုင်ဘဲ ငွေနောက်လိုက်ရင်း ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာကို ကိုယ်တိုင်ချနင်းပြီး ကိုယ့်ဘဝကို အရောင်ဆိုးတတ်ကြပါတယ်။ အဲဒီလိုလူမျိုးတွေကတော့ ကိုယ်ကျင့်တရားပျက်စီးရခြင်းက ဆင်းရဲတာကြောင့်လို့ ပုံချတတ်ကြပါတယ်။

၅) ကြွားဝါချင်စိတ်
အချို့ကျပြန်တော့ လူကသာ အကြွေးပတ်လည်ဝိုင်းချင်ဝိုင်းနေမှာဖြစ်ပေမယ့်မသိသူ သူစိမ်းများကြားထဲမှာတော့ အထင်ကြီးခံချင်စိတ်၊ ကြွားဝါလိုစိတ်နဲ့ နေတတ်ကြပါတယ်။ အဲဒါကြောင့်ပဲ ကိုယ်ကျင့်တရားကိုတန်ဖိုးမထားတော့ဘဲ ထိုကဲ့သို့ ကြွားဝါချင်စိတ်၊ အထင်ကြီးခံချင်စိတ်က လွှမ်းမိုးသွားတဲ့အခါ ကိုယ်ကျင့်တရားကို လွယ်လွယ်ဖျက်ဆီးလိုက်ကြတာပါပဲ။
အထက်ကအချက်တွေက ကိုယ်ကျင့်တရားကိုပျက်ပြားစေတဲ့ အခြေခံအကြောင်းတရားတွေပဲဖြစ်ပါတယ်။ ကိုယ့်မှာသာ ထိုထဲကအချက်မျိုးရှိနေခဲ့မယ်ဆိုရင် အချိန်မီ ဆင်ခြင်ပြီး ကိုယ့်ကိုကိုယ်ထိန်းချုပ်သင့်ပါတယ်။ လူရယ်လို့ဖြစ်လာရင် ဆင်းရဲခြင်း ချမ်းသာခြင်းထက် ကိုယ့်ကျင့်တရားကိုစောင့်ထိန်းနိုင်ခြင်းကသာ ထိုလူရဲ့တန်ဖိုးပဲဖြစ်ပါတယ်လို့ သတိပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။