ပျင်းရိလေးတွဲနေတဲ့စိတ်ကို ပြန်လည်တက်ကြွစေနိုင်မည့်နည်းလမ်းများ

တခါတလေ ဘာမှမလုပ်ချင်လောက်အောင် ပျင်းရိလေးတွဲနေတာမျိုးတွေဖြစ်နေတတ်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်ကဖြစ်နေတာမို့ ကိုယ့်စိတ်ပြန်ပြီးတက်ကြွစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးသင့်တာပါ။ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတက်ကြွအောင်ကြိုးစားမယ်ဆိုတာမျိုးပေါ့။ အဲဒီ့လိုဖြစ်နေတဲ့အချိန်မျိုးမှာ လုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးပါ။
ကိုယ့်စိတ်ကို ပြန်ပြီးတက်ကြွလာစေဖို့က ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတွန်းအားပေးမှဖြစ်မှာပါ။ အဲဒါကြောင့် ကိုယ့်စိတ်ပြန်လည်တက်ကြွလာစေဖို့ လုပ်သင့်တဲ့အရာတွေကို လုပ်ကိုလုပ်မယ်လို့ဆုံးဖြတ်မှဖြစ်မှာပါ။ ဥပမာ။ တချို့တွေက ရယ်မောစရာတွေကြည့်ပြီး စိတ်ဓာတ်ပြန်လည်တက်ကြွလာတတ်ပါတယ်။ တချို့က သဘာဝပတ်ဝန်းကျင်ကိုခံစားလိုက်ပြီး စိတ်ဓာတ်ပြန်လည်တက်ကြွလာစေပါတယ်။

၂) အသေးဆုံးကနေ စတင်လုပ်ဆောင်ပါ။
ကိုယ့်စိတ်ကိုပြန်ပြီးတက်ကြွစွာနဲ့ လုပ်စရာရှိတာတွေကိုပြန်လုပ်မယ်လို့ဆုံးဖြတ်ပြီးတဲ့အခါမှာတော့ အသေးဆုံးလို့သတ်မှတ်နိုင်တာကနေ စတင်လုပ်ဆောင်ပါ။ အသေးအဖွဲလေးတွေကို ခပ်မြန်မြန်လုပ်ဆောင်နိုင်တဲ့အခါ အလုပ်များများပြီးတယ်လို့အထင်ရောက်စေတာမို့ ပိုပြီး စိတ်ဓာတ်တက်ကြွဖို့အထောက်အကူဖြစ်စေပါတယ်။

၃) ကိုယ့်ကိုအနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပစ်ပါ။
ကိုယ်ပြန်ပြီး အလုပ်လုပ်ဆောင်ဖို့အတွက် ကိုယ့်ရဲ့နေရာမှာ ကိုယ့်အလုပ်ကိုနှောင့်ယှက်မယ့်အရာတွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။ ဥပမာ။ ဖုန်း က နိုတီတက်နေတာတွေကို ဖွင့်ကြည့်နေရင်း တခြားဆက်လုပ်မယ့်အလုပ်ကိုမေ့သွားတာမျိုးတွေဖြစ်နိုင်သလို၊ လက်ရှိအလုပ်လုပ်မယ့်စိတ်ကနေမှ အာရုံပြောင်းသွားနိုင်ပါတယ်။

၄) သင့်ပတ်ဝန်းကျင်က အမြဲတက်ကြွပြီး ဖြတ်လတ်နေတဲ့သူကိုနမူနာယူပါ။
အလုပ်တွေဘယ်လောက်များများ အမြဲတက်ကြွနေပြီး အလုပ်မရှုပ်အောင် အမြဲလို စီမံခန့်ခွဲတတ်တဲ့ သင့်ပတ်ဝန်းကျင်ကလူတွေကို အတုယူပါ။ သူတို့တွေ ဘယ်လိုများ စီစဉ်ပြီးအလုပ်လုပ်နေသလဲ၊ အလုပ်တွေများပေမယ့် ဘယ်လိုစီမံခန့်ခွဲနေသလဲ၊ ဘာကြောင့်အမြဲတက်ကြွနေသလဲဆိုတာမျိုးကို လေ့လာပြီး ကိုယ်တိုင်ကျင့်သုံးကြည့်ပါ။

၅) သီချင်းမြူးမြူးလေးတွေနားထောင်ပေးပါ။
မြူးကြွတဲ့သီချင်းတွေက သင့်စိတ်ကိုတက်ကြွလာစေပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ကိုပြန်လည်တက်ကြွအောင်ကြိုးစားပြီး ကိုယ်ရဲ့အလုပ်တွေကိုပြန်စတင်မယ်လို့ဆုံးဖြတ်ထားရင် သီချင်းမြူးမြူးလေးတွေဖွင့်ပြီး နားထောင်ပေးကြည့်ပါ။

၆) မနေ့ကနဲ့ ဒီနေ့ကို နှိုင်းယှဉ်ပါ။
မနေ့က ကိုယ့်ရဲ့စိတ်က တက်ကြွနေခဲ့တယ်ဆိုရင် ဒီနေ့ရဲ့စိတ်နဲ့နှိုင်းယှဉ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ “ပျင်းရိလေးတွဲနေလို့မဖြစ်ဘူး….လုပ်စရာရှိတာတွေရှိသေးတယ်” လို့ပြန်တွေးပြီး ကိုယ့်စိတ်ကို တွန်းအားပေးပါ။ မနေ့က ကြိုးစားမှုတွေကိုပြန်နှိုင်းယှဉ်ကြည့်ပြီး ဒီနေ့မှာတော့ဘာမှမလုပ်ဖြစ်သေးဘူးဆိုတဲ့စိတ်ကလည်း ကိုယ့်ကိုတပ်လှန့်နေသလိုဖြစ်စေပြီး ပြန်လည်တက်ကြွစေဖို့အထောက်အကူဖြစ်စေမှာပါ။

၇) သဘာဝပတ်ဝန်းကျင်ကို ခံစားရင်း စိတ်ကြည်နူးမှုရှာပါ။
အရမ်း လေးလံထိုင်းမှိုင်းနေပြီး ဘယ်လိုအိုင်ဒီယာအသစ်တွေမှ မရနိုင်တော့ဘဲ စိတ်ထဲအုံဖွဲ့နေတာမျိုးဆိုရင် လတ်ဆတ်တဲ့လေ၊ စိမ်းလန်းတဲ့ပတ်ဝန်းကျင်မျိုးကို လမ်းလျှောက်သွားလိုက်တာပဲဖြစ်ဖြစ် လူရှင်းပြီးတိတ်ဆိတ်တဲ့နေရာမျိုးကိုသွားတာမျိုးဖြစ်ဖြစ် လုပ်ပြီး သဘာဝပတ်ဝန်းကျင်ကိုခံစားသင့်ပါတယ်။ တခါတလေ သဘာဝပတ်ဝန်းကျင်ကနေရလာတဲ့ လန်းဆန်းမှုကလည်း သင့်ကိုတက်ကြွလာစေပါတယ်။

၈) ကိုယ့် Plan တစ်ခုပြီးမြောက်တိုင်း မိနစ်အနည်းငယ်အနားယူပေးပါ။
ကိုယ်စီစဉ်ထားတဲ့ Plan တစ်ခု ပြီးဆုံးအောင်လုပ်ဆောင်နိုင်တဲ့အခါ မိနစ်အနည်းငယ်ပြန်ပြီး အနားယူပေးပါ။ အလုပ်တွေချည်းဆက်တိုက်လုပ်မိတဲ့အခါမျိုးမှာလည်း ထူပူနေပြီး ဘာတွေဆက်လုပ်ရကောင်းမှန်းမသိတော့အောင်ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် အလုပ်တစ်ခုပြီးတိုင်း ဘယ်နှစ်မိနစ်နားမယ်ဆိုပြီးသတ်မှတ်ထားကာ အနားယူပေးပါ။ သတ်မှတ်ချိန်ပြီးတဲ့အခါမှာတော့ နောက်ထပ်စီစဉ်ထားတဲ့ အလုပ်တွေကို ဆက်လုပ်ပါ။

လူတစ်ယောက်မှာ အဓိကက စိတ်ဆောင်တာဖြစ်တဲ့အတွက် ကိုယ့်စိတ်ကအဓိကပဲဖြစ်ပါတယ်။ ဘယ်လောက်ပျင်းရိလေးတွဲနေပါစေ ကိုယ့်စိတ်ကိုပြန်ပြီး တွန်းအားပေးပြီး ကိုယ့်စိတ်လန်းဆန်းတက်ကြွစေမယ့်အရာတွေကို ရွေးပြီးလုပ်ကြည့်ပေးခြင်းက ပြန်ပြီးတက်ကြွစေပါလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကတော့ စိတ်ဓာတ်ပြန်လည်တက်ကြွစေတဲ့အရာတွေ မတူညီနိုင်တာမို့ ကိုယ့်စိတ်ကိုယ်သိဖို့ကလည်း အရေးကြီးပါတယ်လို့ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။