စာဖတ်ပြီး ဘာလို့ မတိုးတက်တာလဲ။

“ကိုယ့်ဘဝကြီးတိုးတက်ချင်တယ်....အဲဒါကြောင့် တက်ကျမ်းတွေချည်းဖတ်တယ်” ဆိုတဲ့ လူငယ်လေးတွေမြင်ဖူးပါတယ်။ နောက်တော့ စိတ်ပျက်လက်ပျက်ပြောတာကြားရပြန်ပါတယ်။ တက်ကျမ်းတွေချည်းဖတ်ပေမယ့် ထင်သလောက်လည်း မတိုးတက်လာပါဘူးဆိုတာမျိုးတွေပါ။ ကျွန်တော်တို့ သိထားတာတော့ “စာဖတ်သောလူမျိုးက တိုးတက်သည်။ တိုးတက်သောလူမျိုးသည် စာဖတ်ကြသည်” ဆိုတဲ့စကားနဲ့အလားတူတဲ့စကားတွေပါ။ စာဖတ်လို့ တိုးတက်သွားပြီး ဘဝမှာ အဆင်ပြေအောင်မြင်သွားတဲ့လူမျိုးပဲ ကြုံဖူးပါတယ်။ စာဖတ်ပြီး ဘာမှမတိုးတက်ပါဘူး….ဆိုတဲ့လူမျိုးနဲ့တွေ့တော့ စာဖတ်ခြင်းကပဲ မှားနေသလိုလိုဖြစ်နေပြန်ပါတယ်။


တကယ်တော့ စာဖတ်ခြင်းက မှားတာမဟုတ်ပါဘူး။ စာဖတ်တဲ့သူက စာဖတ်တဲ့ပုံစံမှားနေတာဖြစ်ပါတယ်။ စာဆိုရင် ဘာစာပဲဖြစ်ဖြစ် ဖတ်သင့်တယ်။(တက်ကျမ်းဆိုရင် တကယ်မဖြစ်နိုင်ဘဲ လေကြီးလေကျယ်နဲ့ရေးထားတာလို့တွေးတာမျိုး၊ ရသစာပေဆိုရင် လူငယ်တွေအတုမြင်အတတ်သင်မှားကုန်မယ်လို့ တွေးတာမျိုးတွေက မှားပါတယ်နော်)

စာဖတ်နာလာတဲ့အခါ ဘယ်စာကတော့ ဖတ်သင့်ပြီး ပညာယူုသင့်တဲ့စာမျိုးဖြစ်တယ်၊ ဘယ်စာကတော့ ကိုယ့်အတွက်မအပ်စပ်တဲ့စာမျိုးဖြစ်တယ်ဆိုတာကို နားလည်လာပါတယ်။ အဲဒီလိုမျိုးစာဖတ်နာဖို့အတွက်က စာကိုများများဖတ်မှာပဲဖြစ်မှာပါ။ စာမှန်သမျှ အကုန်ဖတ်တာပဲ ….. ဆိုတိုင်းလည်း စာဖတ်ပြီး ဖတ်ထားပြီးသမျှ စာအုပ်စာရင်းကိုပြနေရုံနဲ့ “ဟာ….စာတွေတော်တော်ဖတ်ထားတာပဲ….” လို့ သတ်မှတ်လို့မရနိုင်ပါဘူး။
ပြောချင်တာက စာမှန်ရင် အကုန်လုံးဖတ်သင့်ပါတယ်။ ဒါပေမယ့် ကြွားဝါချင်ရုံသက်သက်နဲ့တော့ စာမဖတ်ပါနဲ့။ “ကိုယ်ကတော့ ဘယ်စာအုပ်အသစ်ထွက်တာဖတ်ပြီးပြီ၊ ဘယ်စာအုပ်ကတော့ ဈေးကွက်ထဲမှာ မပြတ်ခင် ဝယ်လိုက်ပြီးပြီ” ဆိုတာမျိုးတွေ ပြောနိုင်ဖို့အတွက်တော့ စာမဖတ်ပါနဲ့။ အဲဒီလို ရည်ရွယ်ချက်အတွက်နဲ့ စာဖတ်ရင်လည်း ဘာစာဖတ်ပါစေ….ဘယ်လိုမှတိုးတက်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့…..ဖတ်ထားတဲ့စာအုပ်ထဲက သင်ခန်းစာယူသင့်သော ပညာတွေ၊ ဗဟုသုတတွေ၊ ပြန်လည်စဉ်းစားသုံးသပ်နိုင်တဲ့အတွေးတွေ ဘာဆိုဘာမှ သင့်မှာ ရလိုက်မှာမဟုတ်ပါဘူး။ စာကို အရေအတွက်ပြချင်စိတ်နဲ့ဖတ်တာက ဖတ်လိုက်တဲ့စာထဲက ရသင့်ရထိုက်တာတွေ ဘာမှမရနိုင်တော့ပါဘူး။ အဲဒီ့အခါ စာအုပ်ထဲက ယူသင့်တဲ့ပညာတွေဘာမှမရနိုင်တော့ပါဘူး။ စာဖတ်ပြီး ဘာပညာမှမရနိုင်တော့တဲ့အတွက် “စာဖတ်ပြီး မတိုးတက်ပါဘူးကွာ…..” ဆိုတဲ့ စကားမျိုးတွေဖြစ်လာရတာပါပဲ။
အဲဒီ့တော့ လူတစ်ယောက် ဘယ်လိုစာဖတ်သလဲ….ဆိုတဲ့အပေါ်မူတည်ပြီး ထိုလူရဲ့ ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတဲ့အတွေးတွေ မတူတော့ပါဘူး။

တက်ကျမ်းဖတ်တဲ့လူငယ်တစ်ယောက်က “သင့်ဘဝအောင်မြင်တိုးတက်ချင်ရင်….ဘာလုပ်ပါ….” ဆိုပြီး ရေးဖွဲ့ထားတဲ့ဆောင်းပါးတစ်စောင်ကို ဖတ်လိုက်တယ်ဆိုပါစို့။ ပထမအဆင့်မှာ ထိုစာကို သေချာဖတ်လိုက်တယ်။ ဒုတိယအဆင့်မှာ နားလည်သွားတယ်။ တတိယအဆင့်မှာ တိုးတက်ချင်တဲ့လူနဲ့ မတိုးတက်ချင်တဲ့လူက ဒီအဆင့်မှာ ကွဲသွားပါတယ်။ ဘယ်အရာကွဲပြားသွားသလဲဆိုတော့ တက်ကျမ်းဖတ်တာခြင်းတူပေမယ့် တကယ်တိုးတက်ချင်တဲ့သူက ထိုဆောင်းပါးထဲက ပါတဲ့အချက်တွေမှာ ကိုယ်တကယ်လိုက်နာနိုင်တဲ့၊ တကယ်လိုက်နာသင့်တယ်ထင်တဲ့အချက်တွေ တစ်ခုချင်းကို သူ့ဘဝရဲ့နေ့ရက်တွေမှာ စတင်လိုက်နာပါလိမ့်မယ်။ ဥပမာ။ “သင့်ရဲ့တစ်နေ့တာမှာ လုပ်ဆောင်ချက်တွေသွက်လက်ထက်မြက်စေဖို့ မနက်စောစောထသင့်ပါတယ်” ဆိုတဲ့ ဆောင်းပါးဖတ်လိုက်တယ်ဆိုရင် သင်ကိုယ်တိုင်လည်း မနက်စောစောထပြီး ဆောင်းပါးထဲမှာပါတဲ့အတိုင်း စီစဉ်သင့်တာစီစဉ်၊ လုပ်သင့်တာလုပ်သင့်ပါတယ်။ အဲဒီ့အခါ သင့်စိတ်လည်း မနက်စောစောထတဲ့အတွက် တကယ်လန်းဆန်းတက်ကြွပြီး တစ်နေ့တာလုံးရဲ့ လုပ်ငန်းဆောင်တာမှန်သမျှ တက်ကြွစွာပြီးဆုံးအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါလိမ့်မယ်။ အဲလိုမဟုတ်ဘဲ စာသာဖတ်လိုက်တာရှိပြီး လက်တွေ့လိုက်နာသင့်တာ၊ လိုက်နာနိုင်တာလေးတွေကို ဘာမှမလိုက်နာနိုင်ဘဲနဲ့တော့ လက်တွေ့မှာတော့ ဘာမှ တိုးတက်လာမှမဟုတ်ပါဘူး။

ဒါပေမယ့် အထက်ကဖော်ပြထားသလို ဖတ်လိုက်တယ်ဆိုတဲ့အကြောင်း ကြွားဝါချင်တဲ့သူ ဒါမှမဟုတ် စာများများဖတ်ကြောင်း ပြချင်တဲ့သူအတွက်တော့ အဲဒီ့ဆောင်းပါးထဲက ကိုယ်နဲ့တိုက်ဆိုင်ပြီး၊ ကိုယ်တကယ်လိုက်နာနိုင်ပြီး တကယ်တိုးတက်မယ့်အချက်တွေ၊ ပညာယူသင့်တာတွေကို မမြင်နိုင်ပါဘူး။ အဲဒီ့အတွက် သူလိုက်နာနိုင်တာကိုလည်း မသိ၊ တကယ်လည်း မလိုက်နာ၊ မကျင့်သုံးပါဘူး။ အချိန်တန်လို့ စာအုပ်တွေထဲက ရတနာသိုက်ကို ရှာဖွေတတ်ပြီး ကိုယ်တိုင်လည်း အသုံးချ၊ ကျင့်သုံးရကောင်းမှန်းသိတဲ့သူက နေရာတစ်နေရာရောက်သွားနိုင်ပါတယ်။ စာကိုကြွားဝါချင်ရုံသက်သက် ဒါမှမဟုတ် အရေအတွက်ကို ပြချင်သူသက်သက်အတွက်ကတော့ ဘယ်နေရာမှာမှ မတိုးတက်နိုင်ပါဘူး။

တကယ်တော့ စာကိုဖတ်တဲ့အခါ စာထဲက သင်ယူရမယ့်ပညာ၊ ရတနာသိုက်ကို မြင်အောင်ကြည့်ပြီး သင်ယူတတ်ဖို့လိုပါတယ်။ အဲဒါအပြင် ကိုယ်ဖတ်တဲ့စာထဲက ကိုယ်တိုင်တကယ်လိုက်နာကျင့်သုံးသင့်တာကိုလည်း မှတ်ယူထားပြီး တဆင့်ချင်း တကယ်လိုက်နာနိုင်အောင် ကြိုးစားသင့်ပါတယ်။ အဲဒါမှသာ စာလည်းဖတ်၊ ကိုယ့်ဘဝလည်း တဖြေးဖြေးချင်း တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ photoshop အသုံးပြုပုံစာအုပ်တစ်အုပ်ကို သင်ဖတ်လိုက်တယ်ဆိုပါစို့။ tool သုံးပုံသုံးနည်းတွေ သင်မှတ်မိသွားတယ်ဆိုအုံး၊ တကယ်လက်တွေ့အသုံးမပြုရင် သင်တတ်တယ်လို့မဆိုနိုင်ပါဘူး။ အဲဒီ့သဘောပါပဲ။ စာအုပ်ထဲက စာတွေကိုအကုန်လုံး ကြေညက်အောင်ရပါစေအုံး၊ ကိုယ်တကယ်လိုက်နာနိုင်တာမျိုး ဒါမှမဟုတ် ကိုယ်တကယ်လိုက်နာသင့်တာမျိုးတွေကို လက်တွေ့မလုပ်ဘူး၊ လက်တွေ့မှာ မသင်ယူဘူးဆိုရင် စာအုပ်ထဲက ရတနာသိုက်ကို သင်ပိုင်ဆိုင်မှာမဟုတ်ပါဘူး။

အဲဒါကြောင့် စာများများဖတ်ခြင်းက ကောင်းပါတယ်။ အသိပညာဗဟုသုတတိုးစေပါတယ်။ စာဖတ်ရင်း စာအုပ်ထဲက လိုက်နာသင့်တာတွေကိုလည်း လက်တွေ့မှာ လိုက်နာကျင့်သုံးသင့်တာ ကျင့်သုံးတတ်ပါစေ။ အသုံးချသင့်တာကို အသုံးချတတ်ပါစေ။ ပညာယူသင့်တာကို ပညာယူတတ်ပါစေ။ အဲဒါမှသာ စာဖတ်များလေလေ၊ ပညာတွေများများ ရလေလေ၊ သင်ခန်းစာများများရနိုင်လေလေ၊ အတတ်ပညာဗဟုသုတတိုးပွားလေလေဖြစ်မှာပါ။ အဲဒါမှ စာဖတ်ပြီး အခြားသူထက် ခေါင်းတစ်လုံးပိုသာအောင် စဉ်းစားသုံးသပ်ဆင်ခြင်နိုင်မှာပါ။ အဲဒါမှလည်း သင့်ဘဝပိုတိုးတက်နိုင်မှာပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။