ပျင်းရိခြင်းကိုဘယ်လိုကျော်လွှားနိုင်မလဲ။

ပျင်းရိခြင်းကို လူတိုင်းကြုံဖူးကြမှာပါ။ ဘာမှမလုပ်ချင်လောက်အောင်ဖြစ်နေတာ၊ ဘာမှကြိုးစားအားထုတ်ချင်စိတ်မရှိတာမျိုးတွေဖြစ်နေတဲ့အခါ ဘာလုပ်တတ်ကြပါသလဲ။ တခါတရံမှာ ကျွန်တော်တို့တွေက ပျင်းရိငြီးငွေ့တာမျိုးဖြစ်တတ်ကြပါတယ်။ နာရီပေါင်းများစွာ အလုပ်ကိုချည်း အာရုံစိုက်ပြီလုပ်လိုက်ရတာမျိုး၊ မိုးအေးတဲ့နေ့ကို အိပ်ရာထဲကမထချင်တာမျိုး၊ ဘယ်လိုဖြစ်ဖြစ် ဘာကိုမှလုပ်ချင်စိတ်မရှိတော့တာမျိုးက တခါတရံဖြစ်တတ်ပါတယ်။


ဖြစ်လေ့ဖြစ်ထရှိတတ်ပေမယ့် အလုပ်တွေပြီးမြောက်အောင်လုပ်နိုင်ဖို့၊ ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းတွေမပျက်ကွက်ဖို့၊ အောင်မြင်မှုကိုဆုပ်ကိုင်နိုင်ဖို့က ပျင်းရိခြင်းကိုကျော်လွှားနိုင်မှဖြစ်မှာပါ။ အဲဒါကြောင့် ပျင်းရိခြင်းကိုဘယ်လိုကျော်လွှားမလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။

၁) သင့်လုပ်ငန်းဆောင်တာတွေကို အသေးစိတ်ပြန်စီမံလိုက်ပါ။
တခါတရံမှာ လုပ်ဆောင်စရာရှိတာတွေကို လုပ်ချင်စိတ်မရှိတော့တာမျိုးက လုပ်စရာတွေအရမ်းများနေတာမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။ လုပ်စရာအလုပ်တွေအများကြီးစုပုံနေခြင်းကို တွေးလိုက်တာနဲ့တင် အလုပ်လုပ်ချင်တဲ့စိတ်က ပျောက်ဆုံးသွားတာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့် သင့်မှာအလုပ်တွေစုပုံနေတယ်ဆိုရင် ထိုအလုပ်တွေထဲက အရင်ပြီးသင့်တာတွေ၊ နောက်မှလုပ်သင့်တာတွေကို အရင်ခွဲတမ်းချပြီး နည်းနည်းချင်းစီခွဲပြီးလုပ်ဖို့စီမံသင့်ပါတယ်။ အလုပ်တွေနည်းနည်းချင်းစီ ပြီးလေလေ သင့်လည်းပြန်ပြီး စိတ်ဓာတ်တွေပြန်ပြီးတက်ကြွလာပါလိမ့်မယ်။

၂) အနားယူခြင်း၊ အိပ်စက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်တာမျိုးလုပ်ပါ။
တခါတလေမှာတော့ အင်အားမရှိသလိုခံစားရခြင်းကလည်း သင့်ကိုပျင်းရိစေနိုင်ပါတယ်။ သင့်ကိုသင်အနားယူဖို့လိုအပ်နေတယ်၊ အိပ်ရေးမဝခြင်းနဲ့ လေ့ကျင့်ခန်းမလုပ်ဖြစ်ဘဲ တက်ကြွမှုပျောက်ဆုံးနေတယ်လို့ခံစားရတယ်ဆိုရင် အပြည့်အဝအနားယူတာမျိုး၊ အိပ်ရေးဝအောင်အိပ်ပစ်လိုက်တာမျိုး၊ လေကောင်းလေသန့်ရမယ့် အပြင်ဘက်ထွက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်တာမျိုးတွေလုပ်သင့်ပါတယ်။

၃) တက်ကြွလန်းဆန်းမှုရှိဖို့လိုပါတယ်။
တခါတရံမှာတော့ ပျင်းရိရခြင်းက လေးလံထိုင်းမှိုင်းနေခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် သင့်စိတ်ရောကိုယ်ပါတက်ကြွလန်းဆန်းစေဖို့လုပ်ဆောင်သင့်ပါတယ်။ သင့်စိတ်ကို တက်ကြွစေမယ့်သီချင်းတွေနားထောင်တာမျိုး၊ သင့်အလုပ်ပြီးဆုံးဖို့ အရေးကြီးတဲ့အကြောင်းပြန်တွေးလိုက်တာမျိုး၊ သင့်ခန္ဓာကိုယ်တက်ကြွလန်းဆန်းစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုး၊ လေကောင်းလေသန့်ရှုရှိုက်လိုက်တာမျိုး စသဖြင့် လုပ်သင့်ပါတယ်။

၄) ဘာဖြစ်ချင်တာလဲ၊ ဘာလုပ်သင့်တာလဲပြန်တွေးပါ။
ခုလက်တလော အရေးတကြီးလုပ်စရာရှိတာက ဘာလဲ၊ ဒါမှမဟုတ် ကိုယ်ဖြစ်ချင်တာကဘာလဲ ။ ဒါမှမဟုတ် မဖြစ်မနေ လုပ်သင့်တာကဘာလဲဆိုတာမျိုးကို ပြန်တွေးလိုက်ခြင်းက သင့်ကို လှုပ်နိုးလိုက်သလိုဖြစ်စေပါတယ်။

၅) အကျိုးဆက်ကို ထည့်တွေးလိုက်ပါ။
သင်ပျင်းနေတာတွေကို ကျော်လွှားပြီး သင်လုပ်စရာရှိတာတွေကိုလုပ်ဆောင်လိုက်မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်သလဲ၊ ဘာတွေအကျိုးရှိနိုင်သလဲ ဆိုတာကို ကြိုတွေးလိုက်ပါ။ အဲဒါကလည်း သင့်ရမယ့်အကျိုးကျေးဇူးတွေကို ပြန်တွေးမိစေပြီး သင့်ကိုစိတ်ဓာတ်တက်ကြွစေပါတယ်။ ပျင်းရိခြင်းကိုကျော်ဖြတ်နိုင်ခြင်းကနေ ရနိုင်မယ့်ကောင်းကျိုးတွေကိုကြိုတွေးလိုက်ပါ။ အခက်အခဲတွေကိုတော့ အာရုံမစိုက်မိပါစေနဲ့။ အကျိုးရလဒ်ကို အာရုံစိုက်ခြင်းက စိတ်ဓာတ်တက်ကြွစေပြီး အခက်အခဲတွေကိုအာရုံစိုက်ခြင်းက စိတ်ဓာတ်ကျစေပါတယ်။

၆) အောင်မြင်အောင်လုပ်ဆောင်ခဲ့တာတွေကို ပြန်တွေးလိုက်ပါ။
သင်အရင်က ပျင်းရိခြင်းကို ကျော်လွှားပြီး အောင်မြင်အောင်လုပ်ဆောင်ခဲ့တာတွေကို ပြန်တွေးလိုက်ခြင်းကလည်း သင့်ကို ပျင်းရိခြင်းကနေ ရုန်းထွက်စေနိုင်ပါတယ်။

၇) တစ်ပြိုင်တည်းအလုပ်အများကြီးမလုပ်မိပါစေနဲ့။
တစ်ခုပြီးမှ တစ်ခုလုပ်ခြင်းက အလုပ်လည်းမြန်မြန်ပြီးသလို၊ သင့်စိတ်ထဲမှာလည်း ဝန်ပေါ့ပြီး စိတ်လက်ပေါ့ပါးစွာ လုပ်ဆောင်နိုင်လို့ အလုပ်လုပ်ရတာ သွက်တယ်လို့ခံစားရစေပါတယ်။

၈) အောင်မြင်နေတဲ့သူတွေဆီကနေ သင်ယူပါ။
အောင်မြင်တဲ့သူတွေက ဘယ်လိုမျိုး ပျင်းရိခြင်းတွေကိုကျော်လွှားနိုင်ခဲ့သလဲ။ ဘယ်လို စိတ်ဓာတ်တက်ကြွအောင်လုပ်သလဲ ဆိုတာကို သူတို့ဆီကတဆင့်ပြန်လည်သင်ယူနိုင်ပါတယ်။

ပျင်းရိခြင်းကိုကျော်လွှားနိုင်ဖို့ ဘယ်လိုလုပ်သင့်သလဲ၊ ဘယ်လိုလုပ်ဆောင်ချက်တွေက ပျင်းရိခြင်းမဖြစ်လာအောင် ကူညီပေးသလဲဆိုတာတွေကို သိပြီးတဲ့အခါမှာ သင်တကယ်လုပ်ဆောင်ကြည့်ပါ။ ပျင်းရိတတ်တဲ့အကျင့်ကို ကျော်လွှားနိုင်တဲ့အခါ သင့်ရဲ့အလုပ်တာဝန်တွေပိုပြီး ပြီးမြောက်နိုင်သလို ၊ သင်ရည်မှန်းထားတာတွေလည်း ဖြစ်လာဖို့ အထောက်အကူဖြစ်စေပါတယ်။ သင့်ဘဝလည်း ဒီထက်ပိုတိုးတက်လာပါလိမ့်မယ်။
https://www.successconsciousness.com/overcoming-laziness.htm လင့်မှ ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။