ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးများ

ခန္ဓာကိုယ်လှုပ်ရှားမှုကို လေ့ကျင့်ခန်းလို့ သတ်မှတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ရဲ့ကြွက်သားတွေကို အလုပ်လုပ်ခိုင်းခြင်းဖြစ်ပြီး သင့်ခန္ဓာကိုယ်မှာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုပုံစံအမျိုးမျိုးရှိပါတယ်။ ရေကူးခြင်း၊ ပြေးခြင်း၊ ရွရွပြေးခြင်း၊ လမ်းလျှောက်ခြင်းနဲ့ ကခုန်ခြင်းကဲ့သို့ပေါ့။ လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော နှစ်မျိုးလုံးရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေအမျာကြီးရှိပါတယ်။ အသက်ရှည်စေပါတယ်။


၁) သင့်ကိုပိုပြီး ပျော်ရွှင်စေပါတယ်။
သင့်ရဲ့စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။ စိတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမှုများခြင်းကဲ့သို့ ခံစားချက်တွေကိုလည်း လျော့ကျစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်နိုင်ပါတယ်။ serotonin နဲ့ norepinephrine ဆိုတဲ့ဟော်မုန်းတွေကို တိုးလာစေပါတယ်။ ထိုဟော်မုန်းဓာတ်တွေက ဖိစီးမှုနဲ့စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်ပါတယ်။ endorphins ဓာတ်ကိုလည်း ထုတ်ပေးပါတယ်။ ထိုဓာတ်က အကောင်းမြင်စိတ်ကိုဖြစ်ပေါ်စေပြီး နာကျင်မှု၊ ဝမ်းနည်းမှုတွေကို သက်သာစေနိုင်ပါတယ်။
လေ့ကျင့်ခန်းက စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်ခြင်းကိုလျော့ကျစေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအခြေအနေကို ကူညီပေးနိုင်ပြီး အခြားသူတွေရဲ့ အကြောက်တရားကိုလည်း ပြေပျောက်စေပါတယ်။
ကျန်းမာတဲ့အမျိုးသားနဲ့ အမျိုးသမီး ၂၆ယောက်ကို ၂ပတ်တိတိ ပုံမှန်လေ့ကျင့်ခန်းလုပ်ခိုင်းပြီး လေ့ကျင့်ခန်းလုပ်ခြင်းကို လုံးဝရပ်နားခိုင်းလိုက်တဲ့အခါ မကောင်းတဲ့ခံစားချက်နဲ့ မကောင်းတဲ့အမြင်တွေ ပိုပြီး တိုးလာတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

၂) ဝိတ်ကျဖို့ ကူညီပေးနိုင်ပါတယ်။
လှုပ်ရှားမှုမရှိခြင်းက အဝလွန်ခြင်းနဲ့ ဝိတ်တက်လာခြင်းရဲ့အဓိက အချက်ဖြစ်တယ်လို့ လေ့လာချက်တွေအရတွေ့ရှိရပါတယ်။ လေ့ကျင့်ခြင်းလုပ်ခြင်းက ဝိတ်ကျစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ စွမ်းအင်အသုံးချခြင်းက ဝိတ်ကျခြင်းနဲ့ ဆက်နွယ်နေတယ်ဆိုတာကို သိဖို့လိုပါတယ်။ သင့်ခန္ဓာကိုယ်က စွမ်းအင်ကို နည်းလမ်း ၃မျိုးနဲ့ကုန်ဆုံးစေပါတယ်။ အစာခြေခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နဲ့ နှလုံးခုန်ခြင်း၊ အသက်ရှုခြင်းကဲ့သို့ ခန္ဓာကိုယ်လှုပ်ရှားမှုမျိုးလုပ်ခြင်း ဆိုတဲ့နည်းလမ်း ၃မျိုးနဲ့သာဖြစ်ပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ကယ်လိုရီပိုပြီးလောင်ကျွမ်းလွယ်စေတယ်၊ ဝိတ်ကျစေပါတယ်။ လေ့လာချက်တွေအရ အေရိုးဗစ်လေ့ကျင့်ခန်းက အဆီကျစေပြီး ကြွက်သားတွေကိုပိုပြီး ကျစ်လစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ဝိတ်ကျစေဖို့အတွက် အေရိုးဗစ်လေ့ကျင့်ခန်းက အထောက်အကူဖြစ်စေပါတယ်။

၃) သင့်ရဲ့ကြွက်သားတွေနဲ့ အရိုးတွေအတွက် ကောင်းမွန်စေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကြွက်သားနဲ့အရိုးတွေကို ပိုပြီး ကျစ်လစ်စေပြီး ထိန်းသိမ်းနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ခြင်းကြောင့် ကြွက်သားတွေကနေ အမိုင်နိုအက်ဆစ်စုပ်ယူမှုမြင့်တင်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြီးရင့်လာမှုကြောင့် ကြွက်သားလုပ်ဆောင်မှုတွေ ပျက်ယွင်းပြီး ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့သူတွေအနေနဲ့ကတော့ ထိုအန္တရာယ်ကိုကာကွယ်ပြီးသားဖြစ်စေပါတယ်။ အရိုးပွခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

၄) သင့်စွမ်းအင်ပမာဏကို တိုးမြင့်စေပါတယ်။
၆ပတ်တိတိပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့သူတွေအနေနဲ့ မောပန်းခြင်းကို ပိုပြီးခံနိုင်ရည်ရှိပါတယ်။ အခြားပြင်းထန်တဲ့နာမကျန်းမှုတွေကိုလည်း ခံနိုင်ရည်ရှိလာပါတယ်။ အဲဒါကြောင့် သင့်ရဲ့စွမ်းရည်ကိုမြင့်တင်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါခံစားနေရသူများ၊ HIV / AIDS ခံစားနေရသူများကဲ့သို့ ဝေဒနာရှင်များမှာ လေ့ကျင့်ခန်းပုံမှန်လေးလုပ်ပေးခြင်းကြောင့် ခံနိုင်ရည်စွမ်းအားတွေတိုးလာစေတယ်လို့ တွေ့ရှိရပါတယ်။

၅) ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းများကို လျော့ကျစေပါတယ်။
ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမရှိခြင်းက ခန္ဓာကိုယ်တွင်းရောင်ရမ်းတဲ့ရောဂါတွေဖြစ်စေတဲ့အဓိကအကြောင်းရင်းပါပဲ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အင်ဆူလင်အာရုံခံစားမှု တိုးတက်စေခြင်း၊ သွေးကြောဆိုင်ရာရောဂါများ လျော့ကျစေခြင်း၊ သွေးဖိအားထိန်းညှိပေးခြင်း၊ သွေးထဲကအဆီဓာတ်ကို ထိန်းညှိပေးခြင်းတို့ဖြစ်ပေါ်စေပါတယ်။
လေ့ကျင့်ခန်းမလုပ်ခြင်းကြောင့် ကာလတိုအနေနဲ့ ဗိုက်ပူခြင်း၊ ဆီးချိုသွေးချိုဖြစ်နိုင်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်း၊ အသက်တိုခြင်းတို့ဖြစ်ပေါ်စေပါတယ်။

၆) အရေပြားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
သင့်ခန္ဓာကိုယ်မှာ အောက်ဆီဂျင်ပြတ်လပ်တဲ့အခါ သင့်အရေပြားကို ထိခိုက်စေပါတယ်။ .အောက်ဆီဂျင်အရနည်းတဲ့အခါ သင့်ခန္ဓာကိုယ်ထဲကဆဲလ်တွေပျက်စီးစေပါတယ်။ ထိုပျက်စီးမှုက သင့်အရေပြားကို ထိခိုက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် သင့်ခန္ဓာကိုယ်ကို အောက်ဆီဂျင်ရစေပါတယ်။ အဲဒါက ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ သွေးလည်ပတ်မှုအားကောင်းစေတဲ့အတွက်လည်း အရွယ်မတိုင်မီအိုမင်းခြင်းကို လျော့ကျစေပါတယ်။

၇) သင့်မှတ်ဉာဏ်နဲ့ ဦးနှောက်ကျန်းမာရေးကို ကူညီပေးပါတယ်။
သင့်ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ သင့်ရဲ့အတွေးအခေါ်နဲ့ မှတ်ဉာဏ်ကို ပိုကောင်းစေါပတယ်။
သင့်နှလုံးခုန်နှုန်းကို တိုးမြင့်စေပြီး သွေးလည်ပတ်မှုကောင်းစေတဲ့အတွက် ဦးနှောက်ကို အောက်ဆီဂျင်ပို့ပေးပါတယ်။ အဲဒါက ဦးနှောက်က ဆဲလ်တွေကို ပိုထုတ်ပေးနိုင်စေပါတယ်။ အဲဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ဦးနှောက်နဲ့ မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။ အသက်အရွယ်အိုမင်းရင်းရော်မှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ အင်ဇီုင်းမားရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။

၈) ကောင်းမွန်စွာအိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။
သင့်ကို အညောင်းအညာပြေလျော့စေပြီး အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် တစ်နေ့တာလုံး စွမ်းအင်ပြည့်ဝနေစေပြီး ပိုပြီးကောင်းမွန်စွာအိပ်ပျော်စေပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးတွေအများကြီးရနိုင်ပါတယ်။ စိတ်ခံစားချက်တွေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အခြားသော ရောဂါဝေဒနာများကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။
https://www.healthline.com/nutrition/10-benefits-of-exercise လင့်မှ ကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။