ပေါင်းသင်းဆက်ဆံရေးမှာ ရှေ့ဆက်ဖို့အဆင်မပြေနိုင်သောလက္ခဏာများ

ပေါင်းသင်းဆက်ဆံရေးကောင်းခြင်းကလည်း ဘဝအတွက်လိုအပ်တဲ့ စွမ်းရည်တစ်ခုပါပဲနော်။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးကောင်းတယ်ဆိုတာ အခြားသူတွေရဲ့ထင်မြင်ချက်၊ အခြားသူတွေရဲ့ဆန္ဒ၊ အခြားသူတွေရဲ့အလိုကိုချည်းလိုက်နေရပြီး ကိုယ်ဖြစ်ချင်သမျှ၊ ကိုယ့်အမြင်၊ ကိုယ့်ခံစားချက်တွေကို အမြဲမြိုသိပ်ထားရတာမျိုးတော့ မဟုတ်ပါဘူး။ အခြားသူတွေရဲ့ အလိုကျမှုကိုပဲအမြဲဦးစားပေးနေရမယ်ဆိုရင် ကိုယ်ကတဖြည်းဖြည်း ပျောက်ဆုံးလာသလိုခံစားရပါလိမ့်မယ်။ အဲဒါကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ အပြန်အလှန်ညှိုနှိုင်းတတ်ဖို့၊ ဖော်ရွေတာ၊ ကူညီတတ်တာ၊ ဖေးမတာ၊ နားလည်ပေးတာ၊ ကိုယ်ချင်းစာစိတ်ထားတတ်တာမျိုးတွေက နှစ်ဦးနှစ်ဖက်လုံးလိုအပ်ပါတယ်။ အဲလိုမဟုတ်ဘဲ အမြဲတစေ တဖက်လူကိုသာ အလေးထားနေရရင် ထိုပေါင်းသင်းဆက်ဆံရေးက အဆင်မပြေနိုင်တော့ပါဘူး။ အဲဒါကြောင့် မိမိပေါင်းသင်းနေရတဲ့ပတ်ဝန်းကျင်ဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ဖြစ်စေ အောက်မှာဖော်ပြထားတဲ့ခံစားချက်မျိုးတွေ တစ်ခုထက်မက ခံစားနေရပြီဆိုရင်တော့ ထိုပေါင်းသင်းဆက်ဆံရေးက ရှေ့ဆက်ဖို့အဆင်မပြေနိုင်တော့ဘူးလို့ အကြမ်းဖျင်းအားဖြင့်သတ်မှတ်နိုင်ပါတယ်။


၁) သက်တောင့်သက်သာမခံစားရခြင်း
ထိုအပေါင်းအသင်းသူငယ်ချင်းမျိုးနဲ့ပေါင်းသင်းခြင်းဟာ ကိုယ့်အတွက် သက်တောင့်သက်သာမဖြစ်စေဘူးဆိုရင် ကိုယ့်မှာသူနဲ့ပတ်သက်ပြီး အနှောင့်အယှက်ရှိနေတယ်လို့ယူဆနိုင်ပါတယ်။ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာ၊ ရုံးမှာပဲဖြစ်ဖြစ် ထိုဝန်းကျင်အသိုင်းအဝန်းကို ဝင်ရောရာမှာ ကိုယ့်စိတ်ထဲလွတ်လပ်ပေါ့ပါးတာမျိုးမဖြစ်ဘူး၊ စိတ်ထဲရှိရာ ပြောခွင့်မရှိသလို၊ တခုခုကို တာဝန်အရဆက်ဆံနေရသလိုခံစားနေရတယ်ဆိုရင်တော့ သင့်မှာ ထိုပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ခံစားချက်တခုခုဖြစ်လာနိုင်မယ့် အစပါပဲ။

၂) သံသယဖြစ်နေရခြင်း
ကိုယ်လက်ရှိဆက်ဆံပေါင်းသင်းနေတဲ့အသိုင်းအဝန်းမှာ အမြဲလို ကိုယ့်ကို ဘာလုပ်မလဲ၊ ဘာတွေဒုက္ခပေးအုံးမလဲ၊ ဘာအပူသောကတွေလာပေးအုံးမလဲ ဆိုပြီး သံသယဖြစ်နေရပြီဆိုရင်တော့ အဲဒီ့ပေါင်းသင်းဆက်ဆံရေးဟာ ရေရှည်လက်တွဲလို့မဖြစ်နိုင်ပါဘူး။ စိတ်ရှင်းရှင်းနဲ့ယုံကြည်မှုမထားနိုင်တာကိုက ပြဿနာရှိနေလို့ပါပဲ။

၃) ကိုယ်ဆန္ဒအလျောက်မဆုံးဖြတ်နိုင်ခြင်း
ပေါင်းသင်းဆက်ဆံရေးမှာနောက်ထပ်အဆင်မပြေစေတဲ့ပြဿနာကတော့ ကိုယ်ဆန္ဒကိုအမြဲဘေးချိတ်ထားခြင်းပါပဲ။ ကိုယ်ချည်းအမြဲထိပ်ဆုံးကနေ ဦးစားပေးခံချင်လို့မရသလို သူ့အလှည့်ကိုယ့်အလှည့်ဆိုတာရှိတယ်ဆိုတာ နားလည်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အမြဲလို သူတို့သာနေရာယူသွားပြီး ကိုယ့်ကျမှ အမြဲဘေးချိတ်ထားတယ်ဆိုရင်တော့ ထိုပေါင်းသင်းဆက်ဆံရေးကို စဉ်းစားသင့်နေပါပြီ။ သင့်ကိုတမင်ဘေးချိတ်ထားတာလား၊ အဲဒါဆိုရင် သင့်အတွက် ထိုအသိုင်းအဝန်းနဲ့ဆက်ဆံနေရခြင်းဟာ သက်တောင့်သက်သာခံစားရမှာမဟုတ်တော့ပါဘူး။ စိတ်ထဲအမြဲ ခုနေရပါလိမ့်မယ်။

၄) အမြဲတစေ အထင်သေးသလိုပြုမူနေခြင်း
သင့်အကြံပေးချက်ကို အမြဲလက်မခံတာမျိုး၊ သင့်စကားကို ဘယ်တော့မှအရာမသွင်းတာမျိုးက သင့်ကိုသူတို့လောက်အဆင့်မမီဘူးလို့ သတ်မှတ်ထားတဲ့စိတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ပထမအကြိမ်၊ ဒုတိယအကြိမ်စသဖြင့် အကြိမ်ကြိမ် အကြံပေးကြည့်လို့မှ သင့်စကားကို အဖက်လုပ်မစဉ်းစားဘူးဆိုရင် သင့်နဲ့ထိုအပေါင်းအသင်းဆက်ဆံရေးက အဆင်မပြေနိုင်လောက်ပါဘူး။ သင့်ကိုသူတို့နဲ့တန်းတူမသတ်မှတ်ဘူးဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ အချိန်ကြာကြာပေါင်းသင်းဆက်ဆံလေ သင့်ကိုယ်သင် ယုံကြည်မှုအားနည်းလာပါလိမ့်မယ်။ သင့်အတွက် စိတ်ပိုင်းဆိုင်ရာအရ ယုံကြည်မှုလျှော့နည်းလာပါလိမ့်မယ်။

၅) ပေါ့ပါးမှုမရှိဘဲအမြဲစိုးထိတ်နေမိခြင်း
သံသယဖြစ်နေရတာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် အမြဲစိတ်ထဲစိုးထိတ်နေရတာက ပိုဆိုးဝါးပါတယ်။ “ငါ့ကိုဘာများ ထပ်ပြီးအသုံးချအုံးမလဲမသိဘူး” “ငါ့ကို ဘာတွေချောက်တွန်းအုံးမလဲမသိဘူး” “ငါ့ကို ဘာတွေလုပ်အုံးမလဲမသိဘူး” ဆိုတဲ့အတွေးမျိုးနဲ့ သူတို့ကိုတောင် သင်ကပြန်ပြီးစိုးထိတ်နေရတဲ့အဆင့်ကတော့ ပိုဆိုးဝါးသွားပါပြီ။ ထိုအသိုင်းအဝန်းကြားထဲ ရေရှည်ပေါင်းသင်းဆက်ဆံနေခြင်းက သင့်ကို စိုးရိမ်သောကအမြဲရောက်နေစေပြီး စိတ်ဖိစီးမှုတိုးစေပါတယ်။ ကြာလာလေလေ သင့်မှာ ကြိုတွေးပြီးစိတ်ပူပန်တတ်တဲ့အကျင့်တောင်စွဲကပ်လာနိုင်ပါသေးတယ်။

၆) သင့်ဘဝရဲ့ကိစ္စတိုင်းကို ဝင်ရောက်စွက်ဖက်ခံနေရခြင်း
လူတစ်ယောက်ရဲ့ဘဝအခြေအနေနဲ့ အခြားလူတစ်ယောက်ရဲ့ဘဝအခြေအနေက တသတ်မတ်တည်းမတူနိုင်ပါဘူး။ လူတစ်ယောက်က ဒီလိုဆုံးဖြတ်ချက်ချလို့အဆင်ပြေနိုင်ပေမယ့် နောက်တစ်ယောက်ကျပြန်တော့ ထိုဆုံးဖြတ်ချက်အတိုင်းလိုက်ပြီး အဆင်ပြေချင်မှပြေမှာပါ။ အဲဒါကြောင့်လည်း လူချင်းတူပေမယ့် အခြေအနေခြင်းတွေမတူကြတာပေါ့။ ဒါပေမယ့် ခုလက်ရှိ သင်ပေါင်းသင်းဆက်ဆံနေတဲ့အသိုင်းအဝန်းကတော့ သင့်ရဲ့အခြေအနေတိုင်းကိုသေချာမသိဘဲ သူတို့ထင်မြင်ချက်နဲ့သူတို့ဟာသူတို့ ဆုံးဖြတ်ချက်တွေချပြီး သင့်ဘဝကို ပါဝင်စီမံနေတယ်ဆိုရင် ရေရှည်မှာမကောင်းတော့ပါဘူး။ သင့်ဘဝအတွက် သင်လုပ်သင့်တာလုပ်နေတာကို သူတို့ဆုံးဖြတ်ချက်နဲ့ဝင်ဆုံးဖြတ်နေတာမျိုးပေါ့။ အဲဒီလိုအသိုင်းအဝန်းမျိုးက ရေရှည်ပေါင်းသင်းဆက်ဆံဖို့အဆင်မပြေစေပါဘူး။ အပေါ်ယံပေါင်းသင်းဆက်ဆံတာမျိုးလောက်ပဲ အဆင်ပြေနိုင်ပါတယ်။ ရေရှည်ဆက်ဆံနေခြင်းက သင့်ကိုပါ တနည်းမဟုတ်တနည်းနဲ့ထိခိုက်လာစေသလို၊ သင့်ကိုယ်သင်တောင် အစွမ်းအစမဲ့သလို၊ ထင်လာပါလိမ့်မယ်။ သင့်ကိုသင်လည်း အသုံးမကျတဲ့လူလို ခံစားလာရပါလိမ့်မယ်။

၇) စိတ်ပိုင်း၊ ရုပ်ပိုင်းအားဖြင့်အနိုင်ကျင့်ခံရသလိုခံစားရခြင်း
အနိုင်ကျင့်တယ်ဆိုတာက ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထုရိုက်နေတာမျိုးမှမဟုတ်ပါဘူး။ အမြဲတမ်းအော်ငေါက်အပြစ်တင်နေတာမျိုး၊ ဆူပူနေတာမျိုး၊ အထက်ကလို သူတို့ဆန္ဒကိုသာဦးစားပေးပြီး သင့်ကိုဖယ်ထားလိုက်တာမျိုး ၊ သင့်အားနည်းချက်ကိုလှောင်ပြောင်နေတာမျိုး၊ သင့်ကို လူရှေ့မှာ အရှက်ခွဲတာမျိုး တွေကလည်း စိတ်ပိုင်းဆိုင်ရာအားဖြင့် အနိုင်ကျင့်ခြင်းတစ်မျိုးပါပဲ။ ထိုကဲ့သို့ စိတ်ပိုင်း၊ ရုပ်ပိုင်းအားဖြင့် အနိုင်ကျင့်တတ်တဲ့ပတ်ဝန်းကျင်မှာနေတာများလာတဲ့အခါ စိတ်ကျရောဂါစွဲကပ်လာနိုင်ပါတယ်။ အဲဒါအပြင် ဘယ်နေရာမှာမဆို မရဲဝင့်တော့ဘဲ တွန့်ဆုတ်ကြောက်လန့်နေတတ်ပါတယ်။ နောက်ဆုံး ထိုပေါင်းသင်းဆက်ဆံမှုမျိုးထဲက ရုန်းမထွက်နိုင်ရင် ကိုယ့်ကိုယ်ကိုယ်သတ်သေတာမျိုးထိတောင်ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုပေါင်းသင်းဆက်ဆံမှုမျိုး တစ်ကြိမ်နှစ်ကြိမ်ကြုံလာရတာနဲ့တင် ဒီအသိုင်းအဝန်းက ကိုယ့်အတွက်ရေရှည်အဆင်မပြေနိုင်ကြောင်း ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ပါ။

၈) အမြဲတစေ အပြစ်တင်ခံနေရခြင်း
ဘယ်လောက်ပဲအကောင်းဆုံးစေတနာထားလုပ်ပေးပါစေ သင့်စေတနာကိုသူတို့အသိအမှတ်မပြုတတ်တဲ့သူမျိုးတွေပေါ့။ သင့်ကိုတန်ဖိုးမထားတဲ့လူမျိုးတွေပါ။ ထိုလူမျိုးတွေက သင့်တန်ဖိုးကိုမသိတာမို့ သင်ဘာလုပ်လုပ် အကောင်းထင်မှာမဟုတ်ဘဲ သင့်ကိုအပြစ်သာမြင်မှာပါ။ အပြစ်တင်မှာပါ။ အဲဒီလိုလူမျိုးက စိတ်ပိုင်းဆိုင်ရာအားဖြင့် သင့်ကိုအနိုင်ကျင့်နေတဲ့သူတွေပါပဲ။ အဲဒီ့အသိုင်းအဝန်းမှာ ရေရှည်နေခြင်းက သင့်က ဘာမှသုံးစားမရတဲ့လူတစ်ယောက်လို ခံစားလာရပါလိမ့်မယ်။ တစ်ယောက်ရဲ့အရည်အချင်းကို တစ်ယောက်က အသိအမှတ်မပြုတတ်တဲ့သူမျိုးတွေပါ။ အဲဒီ့လိုပေါင်းသင်းဆက်ဆံရေးမျိုးက ရေရှည်အဆင်မပြေနိုင်ပါဘူး။

၉) သင့်ကိုဖယ်ကျဉ်ထားသလိုခံစားရခြင်း
အထက်ကပြောသလိုပေါ့ သင့်ကိုအသုံးမကျတဲ့လူအဖြစ်သတ်မှတ်ထားတဲ့အခါ သင့်ကိုဖယ်ကျဉ်ထားပါလိမ့်မယ်။ ထိုလူတွေက လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိတယ်ဆိုတာကို နားမလည်တဲ့လူတွေပါပဲ။ ထိုလူမျိုးတွေနဲ့ရေရှည်ပေါင်းသင်းဆက်ဆံနေပြီး သင့်စွမ်းရည်ကို အလကားမဖြုန်းတီးပစ်လိုက်ပါနဲ့။ သင့်ကိုတန်ဖိုးထားတဲ့ပတ်ဝန်းကျင်၊ အသိုင်းအဝန်းမှာသာ သင်က တန်ဖိုးရှိတာပါ။ သင့်တန်ဖိုးမသိသူတွေအတွက် သင်ကတန်ဖိုးတက်လာမှာမဟုတ်လို့ ထိုပေါင်းသင်းဆက်ဆံရေးကလည်း ရေရှည်အဆင်မပြေစေပါဘူး။
တကယ်လို့ ကိုယ်နဲ့ပေါင်းသင်းနေတဲ့ပတ်ဝန်းကျင်မှာလည်း ကိုယ်တိုင်က တဖက်လူကို ထိုခံစားချက်တွေဖြစ်ပေါ်အောင်လုပ်မိနေလားဆိုတာလည်း ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။ ကိုယ့်ကြောင့်အခြားသူခံစားချက်တမျိုးဖြစ်နေရင်လည်း ကိုယ်တိုင်ကဆင်ခြင်ရမှာဖြစ်ပါတယ်။ ကိုယ်ပေါင်းသင်းဆက်ဆံနေတဲ့လူတွေထဲမှာလည်း ကိုယ့်ကိုယ်အထက်ကအချက်တွေတော်တော်များများခံစားရစေတဲ့လူမျိုးရှိလာခဲ့ရင်လည်း အမြန်ဆုံး စွန့်ခွာဖို့လိုပါတယ်။ မဟုတ်ရင်တော့ သင့်မှာ စိတ်ပိုင်းဆိုင်ရာအရ ယုံကြည်မှုအားနည်းခြင်း၊ စိတ်ဖိစီးခြင်း၊ ဆုံးဖြတ်ချက်မှားခြင်း၊ မတိုးတက်ခြင်း၊ စွမ်းရည်ကိုဖော်ထုတ်မပြနိုင်ခြင်းစတဲ့ပြဿနာတွေရင်ဆိုင်လာရပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။