ငွေကြောင့်အလုပ်လုပ်တာလား ? အလုပ်လုပ်ဖို့အတွက် ငွေရှာတာလား ?

လူတိုင်း စားဝတ်နေရေးအတွက် အလုပ်တစ်ခုတော့ လုပ်ကြရပါတယ်။ ဒါပေမယ့် ငွေကြောင့်အလုပ်လုပ်နေတာလား၊ အလုပ်လုပ်ဖို့အတွက် ငွေရှာနေတာလားရယ်လို့တော့ တော်တန်ရုံမတွေးမိတတ်ကြပါဘူး။ ဒီမေးခွန်းမျိုးက ဆင်သယောင်ယောင်ရှိနေပေမယ့်တကယ့်အဓိပါ္ပယ်ချင်းကတော့ မတူပါဘူး။ အချိန်နှောင်းမှ နောင်တရစေတာကတော့ ငွေကြောင့်အလုပ်လုပ်ခြင်းပါပဲ။


ငွေကြောင့်အလုပ်လုပ်တယ်ဆိုတာက လိုချင်တာဝယ်ဖို့၊ စားချင်တာစားဖို့၊ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အလိုဆန္ဒရှိတာတွေလုပ်ဆောင်ဖို့အတွက် အလုပ်ကို ကြိုးစားပမ်းစားအလုပ်လုပ်တယ်၊ လုပ်ပြီးသမျှ ရလာတဲ့ငွေကို ကိုယ်အလိုရှိရာ၊ ဝယ်ချင်တာတွေဝယ်တယ်၊ သုံးပစ်ဖို့အတွက် ငွေလိုတာကြောင့် ငွေကို အလုပ်လုပ်ပြီးရှာတာဖြစ်ပါတယ်။ အဲဒါကြောင့် ငွေအတွက်အလုပ်လုပ်တဲ့သူဟာ သူ့တစ်ကိုယ်လုံးကို တန်ဖိုးကြီးတဲ့အရာတွေနဲ့ဆင်ယင်ဖို့သာ စိတ်ဝင်စားတတ်ပါတယ်။ စားစရာဆိုရင်လည်း အကောင်းမှ စားချင်သုံးချင်စိတ်များပါတယ်။ ငွေကို လိုချင်တာတွေအတွက် သုံးပစ်လိုက်တဲ့အခါ အမြဲလိုလို ငွေလိုနေတတ်ပါတယ်။ အသစ်အဆန်းမြင်တိုင်း လိုချင်တပ်မက်မှုဆိုတာက အမြဲပေါ်နေတာမှာဖြစ်တဲ့အတွက် ငွေကိုလည်း လိုပြီးရင်းလိုနေမှာဖြစ်ပါတယ်။ အဲဒီ့အတွက် ငွေကိုလည်း ရှာလေ မလောက်ငလေ၊ မလောက်ငလေ ပိုရှာရလေနဲ့ ငွေက ကိုယ့်ကိုယ် ပြန်ပြီးအလုပ်လုပ်ခိုင်းနေတော့မှာဖြစ်ပါတယ်။ အခန့်မသင့်ရင် လိုချင်တပ်မက်စိတ်ကို မထိန်းချုပ်နိုင်တဲ့အခါမှာ ကိုယ်လိုချင်တာတွေကို ဝယ်နိုင်ဖို့၊ ဝတ်နိုင်ဖို့၊ စားနိုင်ဖို့အတွက် ငွေကိုအကြွေးအတင်ခံပြီးတော့ကို ဝယ်ကြ၊ ဝတ်ကြဆင်ကြတာမျိုးထိ ဖြစ်လာနိုင်ပါတယ်။ အဲဒီ့အခါ ငွေနောက်လိုက်ရင် ငွေကျွန်လုံးဝကို ဖြစ်မှန်းမသိဖြစ်နေပါလိမ့်မယ်။

အလုပ်လုပ်ဖို့အတွက် ငွေရှာတယ်ဆိုတာကတော့ ငွေကိုကြိုးစားပမ်းစား ရှာပါတယ်။ ငွေကိုတစ်လအသုံးစရိတ်လိုအပ်သလောက်သာ သုံးဖို့စီမံပြီး တမင်ကိုပိုလျှံဖို့အတွက် အလုပ်ကြိုးစားတာပါ။ ထိုပိုလျှံလာတဲ့ငွေကို ပြန်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်တစ်ခုခုအတွက် အသုံးပြုဖို့ပါ။ ဥပမာ။ သင်တန်းအသစ်တစ်ခုအတွက် လိုအပ်တဲ့ပမာဏရအောင်ငွေစုတာမျိုးပေါ့။ ထိုငွေပမာဏပြည့်သွားတဲ့အခါ ထိုငွေနဲ့ ကိုယ့်ရဲ့ skills အသစ်တစ်ခုတိုးလာစေမယ့် သင်တန်းတက်လိုက်တာမျိုးပေါ့။ ဒါမှမဟုတ် တစ်ပိုင်တစ်နိုင်လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် ငွေပမာဏတစ်ခုရအောင်စုထားတာမျိုး၊ ငွေပြည့်တဲ့အခါ ကိုယ်နိုင်တဲ့ငွေပမာဏနဲ့ နောက်ထပ်ဝင်ငွေတိုးမယ့်အလုပ်တစ်ခုလုပ်တာမျိုးပါ။ အဲဒါကြောင့် အလုပ်လုပ်ဖို့ငွေရှာတယ်ဆိုတာက ကိုယ့်ရဲ့လုပ်အားကိုရင်းပြီး ငွေပိုရလာအောင်ရှာမယ်၊ စုဆောင်းထားတဲ့ငွေနဲ့ နောက်ထပ်ငွေဝင်ပေါက်တစ်ခုထပ်တိုးလာတာအောင် ကြိုးစားတာမျိုးပါ။ အဲဒီ့အတွက် ငွေကိုချည်း ပြန်ခိုင်းသွားတာမျိုးပါ။ အဲဒီ့အခါ ငွေနဲ့ အခြားလူတွေရဲ့အချိန်၊ လုပ်အားကိုပါ ပြန်ဝယ်နိုင်လာတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုလူတွေရဲ့ဘဝက အမြဲတက်ကြွပျော်ရွှင်နေပါတယ်။ သူ့ရဲ့ရည်မှန်းချက်တွေအတွက် အလုပ်လုပ်နေတာဖြစ်တဲ့အတွက်ပါ။ ငွေကိုရှာနေပေမယ့် သုံးပစ်လိုက်တာမဟုတ်ဘဲ သူ့ရဲ့ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိထားပြီး ထိုအစီအစဉ်တွေ တစ်ခုပြီးတစ်ခုဖြစ်မြောက်လာတဲ့အခါ ပိုပြီး ဘဝကပျော်စရာကောင်းလာတော့တာပါပဲ။ “We must eat to live and not live to eat” ဆိုတဲ့စကားလိုပါပဲ။ အသက်ရှင်ဖို့အတွက်ထမင်းစားပါ၊ ထမင်းစားဖို့အတွက်တော့ အသက်မရှင်ပါနဲ့။ဆိုတာလိုပေါ့ ကိုယ်လုပ်ချင်တာတွေ၊ ကိုယ့်ရည်မှန်းချက်တွေပုံဖော်ဖို့အတွက် အသက်ရှင်ဖို့လိုတာကြောင့် ထမင်းစားတာမျိုးပါ။ ထမင်းစားရုံသက်သက်နဲ့ ဘာရည်မှန်းချက်မှမရှိ၊ ဘာတိုးတက်မှုမှမရှိ၊ ဘာအကျိုးမှမရှိတဲ့ဘဝအတွက်တော့ ထမင်းစားလိုက်အိပ်လိုက်အလုပ်လုပ်လိုက်နဲ့ အချိန်တန် တစ်နေ့ကုန်သွားလိုက်နဲ့ ဘဝက သံသရာလည်နေတယ်ဆိုရင်တော့ အဓိပါ္ပယ်ရှိတဲ့ဘဝမဖြစ်နိုင်ပါဘူး။ လူဖြစ်ရကျိုးလည်း နပ်မှာမဟုတ်ပါဘူးနော်။ ဒီနေ့ အိပ်ရာထလာတယ်၊ ဘာလုပ်ဖို့လဲ….လို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ရင် ထမင်းစားဖို့ အလုပ်သွားတယ်ဆိုတာထက် ကိုယ်အလုပ်သွားတယ်ဆိုတာ အကျိုးရှိတဲ့ရည်မှန်းချက်ကို ပုံဖော်ဖို့ဖြစ်နေတယ်ဆိုရင် ဘဝက ပိုပြီး အဓိပါ္ပယ်ရှိသလိုခံစားရမှာပါ။ မှန်းထားတာလေးတွေဖြစ်လာလေလေ ပိုပြီး ဘဝက ပျော်စရာကောင်းလေလေနဲ့ လူဖြစ်ရကျိုးနပ်သလို ခံစားရပါလိမ့်မယ်။ လူငယ်တွေအတွက်လည်း အလားတူပါပဲ၊ ဘယ်အလုပ်ကတော့ လစာပိုကောင်းတယ်ဆိုတာမျိုးကို လိုချင်တတ်ကြပါတယ်။ ဒါပေမယ့် လစာနည်းပေမယ့် ကိုယ့်ရဲ့နောင်အနာဂတ်အတွက် ပညာရမယ့်အလုပ်ခွင်မျိုး ဒါမှမဟုတ် အတွေ့အကြုံတွေအများကြီးရမယ့်အလုပ်ခွင်မျိုး ထိုပညာ၊ အတွေ့အကြုံတွေနဲ့ နောက်ထပ်သောလုပ်ငန်းခွင်မှာ ပြန်လည်အသုံးချုနိုင်တဲ့လုပ်ငန်းမျိုးရင် ငွေကိုမကြည့်ဘဲ အလုပ်လုပ်သင့်ပါတယ်။ အဲဒါဟာလည်း အလုပ်လုပ်ဖို့အတွက် ငွေရှာတာနဲ့ အလားတူပဲဖြစ်ပါတယ်။
အဲဒါမှ ကိုယ့်ရဲ့အတွေ့အကြုံတိုးလာလေလေ ကိုယ့်ရဲ့ပညာတိုးလာလေလေဖြစ်ပြီး ဝင်ငွေလည်း တိုးလာမှာဖြစ်ပါတယ်။

ငွေလိုချင်တဲ့စိတ်၊ ထိုငွေကို ရှာပြီး ဖြုန်းတီးပစ်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ အလုပ်လုပ်တဲ့လူတွေရဲ့ဘဝက အချိန်ကြာလေ အဓိပါ္ပယ်မဲ့သလိုခံစားရလေဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ရှာထားသမျှဟာ ဘာကိုမှ လက်ဆုပ်လက်ကိုင်ပြစရာမရှိသလို ကိုယ်လိုချင်တဲ့အရာတွေကိုသာ လျှောက်ဝယ်လိုက်တာကြောင့်ပါ။ ဝယ်ထားပြီး ပြန်အကျိုးမရှိနိုင်တဲ့အရာမျိုးတွေပေါ့ ဥပမာ။ တစ်လမှ လစာ ၃သိန်းလောက်ရတဲ့လူက အိုင်ဖုန်းဝယ်ကိုင်ပစ်လိုက်တာမျိုး၊ တစ်သိန်းခွဲတန်ဖိနပ်အကောင်းစားဝယ်စီးပစ်လိုက်တာမျိုး၊ နာရီအကောင်းစားဝယ်ပတ်လိုက်တာမျိုးတွေပါ။ materialistic ကိုပိုဦးစားပေးပြီး ရည်မှန်းချက်မရှိတဲ့အခါ တဖြည်းဖြည်းနဲ့ ဘဝက အမှောင်ထဲလျှောက်နေရသလို ဘာအတွက် ဘယ်နေရာကိုရောက်အောင် လမ်းလျှောက်နေမိမှန်းမသိသလို ခံစားလာရတတ်ပါတယ်။ အဲဒါအပြင် ငွေအတွက်အလုပ်လုပ်တဲ့အခါ လုပ်အားရှိနေလို့ ငွေရတာဖြစ်ပါတယ်။ လုပ်အားမပေးနိုင်တဲ့အချိန်မှာ ငွေမရနိုင်တော့ပါဘူး။ အဲဒီ့အခါကျမှ ရည်မှန်းချက်တစ်ခုအတွက် ငွေကိုလည်း မခိုင်းထားတဲ့အတွက် ဝင်ငွေမရှိတော့တဲ့အခါ ငွေအတွက်အလုပ်လုပ်သူဟာ ဒုက္ခလှလှရောက်တတ်ပါတယ်။
အဲဒါကြောင့် ခုဆောင်းပါးကိုဖတ်ပြီးတဲ့အခါ သင်ကလူငယ်တစ်ယောက်ဖြစ်နေတယ်ဆိုရင် အလုပ်လုပ်တဲ့အခါ ငွေရဖို့ထက် ကိုယ့်အတွက် ပြန်အသုံးချနိုင်တဲ့အတွေ့အကြုံ၊ ပညာရတာမျိုးဖြစ်ဖို့ သတိထားပါ။ ငွေရတဲ့အခါမှာလည်း ငွေရဖို့အတွက်ချည်း အလုပ်လုပ်တာမဟုတ်ဘဲ ကိုယ့်ရဲ့ရည်မှန်းချက်၊ ကိုယ့်ရဲ့အတတ်ပညာအတွက် ပြန်အသုံးချဖို့ အလုပ်လုပ်တာမျိုးဖြစ်ဖို့ အရေးကြီးပါတယ်လို့ တွေးမိသလောက် ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။