နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့ …..

မိသားစုဆိုတဲ့အဓိပ္ပါယ်ပြည့်ဝပြီး တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာတတ်တဲ့ နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့ဆိုတာက လိုအပ်ချက်တွေအများကြီးရှိပါတယ်။ ပင်လယ်ပြင်ကို လှေငယ်နဲ့ဖြတ်သန်းရသလိုပါပဲ။ တစ်ယောက်ထဲလှော်နေလို့လည်း ခရီးမရောက်နိုင်သလို၊ ဘယ်သူမှမလှော်ဘဲ အဆင်သင့်လိုက်ပါနေလို့လည်း မဖြစ်နိုင်ပါဘူး။ တနည်းအားဖြင့်တော့ နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ဖို့အတွက် အိမ်မှာရှိတဲ့မိသားစုဝင်တိုင်းမှာ တာဝန်ရှိတာပါ။


များသောအားဖြင့်က တချို့တွေက အိမ်ရှင်မတွေကသာ အိမ်ကိုရှင်အောင် မရတယ်လို့ပြောတတ်ကြပါတယ်။ တကယ်တော့ မိသားစုတစ်ခုဖြစ်လာရင် အိမ်ထောင်ဦးစီး၊ အိမ်ရှင်မနဲ့ အခြားသော သားသမီးတွေ၊ မောင်နှမတွေအတူနေထိုင်ကြတယ်ဆိုရင် အားလုံးမှာ နွေးထွေးတဲ့မိသားစုဖြစ်ဖို့တာဝန်ရှိပါတယ်။
အိမ်ထောင်ဦးစီးက အိမ်ထောင်ဦးစီးတာဝန်ကျေပွန်အောင်နေထိုင်မယ်၊ အိမ်ရှင်မကလည်း အိမ်ရှင်မတာဝန်ကျေပွန်မယ်၊ မောင်နှမတွေကလည်း အိမ်ကို နွေးထွေးတဲ့မိသားစုဖြစ်ဖို့ တစ်ယောက်ကိုတစ်ယောက်ဖေးမငဲ့ညှာကြမယ်၊ အပြန်အလှန်ကူညီချင်စိတ်ရှိမယ်၊ ချစ်ခင်စိတ်နဲ့ စာနာနားလည်မယ်၊ ဆိုရင် အင်မတန်ပျော်စရာကောင်းတဲ့မိသားစုဖြစ်မှာပါ။

ပျော်စရာကောင်းတဲ့မိသားစုဖြစ်ခြင်းက လူသားအရင်းအမြစ်အတွက်လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် စိတ်ညစ်စရာကောင်းတဲ့ မိသားစုဘဝကနေ မွေးဖွားလာတဲ့ မျိုးဆက်တွေဟာ စိတ်ဒဏ်ရာအပြည့်နဲ့ ၊ အားငယ်သိမ်ငယ်မှုများစွာနဲ့၊ လူတောမတိုးဝင့်တဲ့ ခံစားချက်ပေါင်းများစွာနဲ့ ဖြစ်နေတတ်လို့ပါပဲ။ မိသားစုတွင်းမှာတောင်မှ မောင်နှမချင်းတစ်ယောက်နဲ့တစ်ယောက် စာနာနားလည်ပေးရမယ်၊ ဖေးမကူညီကြရမယ်လို့ သင်ပေးခြင်းမခံရတဲ့မျိုးဆက်တွေဟာ ပြင်ပလောကရောက်လာတဲ့အခါ သူစိမ်းတွေကိုလည်း ဖေးမကူညီဖို့၊ စာနာနားလည်ဖို့နားလည်မှာ မဟုတ်ပါဘူး။ စိတ်ဒဏ်ရာပေါင်းများစွာကြောင့် လူမှုပတ်ဝန်းကျင်မှာ ကျင်လည်ရတဲ့အခါ အကောင်းမြင်စိတ်ထက်၊ အဆိုးမြင်တတ်တဲ့စိတ်များနေတတ်ပြီး စိတ်ဓာတ် တက်လွယ်ကျလွယ်တဲ့ မျိုးဆက်တွေဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် နွေးထွေးတဲ့အိမ်လေးတစ်အိမ်ဖြစ်ခြင်းဟာ လူသားမျိုးဆက်အရင်းမြစ်တွေအတွက် တကယ်ကို အရေးကြီးပါတယ်။

ပျော်စရာကောင်းတဲ့ နွေးထွေးတဲ့မိသားစုဘဝက ဖြတ်သန်းလာခဲ့ရတဲ့ မျိုးဆက်တွေဟာ လောကရဲ့ကြုံလာသမျှကို အကောင်းမြင်စိတ်များများနဲ့ ကျော်လွှားနိုင်လာတယ်။ လူအချင်းချင်း ဖေးမကူညီချင်စိတ်၊ အကြင်နာတရားထားရမယ်ဆိုတဲ့စိတ်များမယ်၊ ဘဝရဲ့အခက်အခဲ၊ အကြပ်အတည်းတွေကို ပိုပြီး ရင်ဆိုင်ဖြေရှင်းနိုင်သလို၊ စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတွေဖြစ်လာတတ်ပါတယ်။ အဲဒါအပြင် သူတို့ကနေ တဆင့် ဖြစ်လာတဲ့မျိုးဆက်တွေကိုလည်း အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်လာနိုင်ပါတယ်။ (စိတ်ညစ်စရာကောင်းတဲ့မိသားစုဘဝကနေ ဖြတ်သန်းလာသူအချို့မှာလည်း သူတို့ရဲ့ နာကျင်မှုတွေကို သင်ခန်းစာယူပြီး သူတို့မျိုးဆက်ကို အကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်မယ်လို့ တွေးပြီး အဖတ်ဆယ်ဖို့ကြိုးစားသူတွေလည်းရှိနိုင်ပါတယ်နော်)

အဲဒါဆိုရင် ပျော်စရာကောင်းတဲ့မိသားစုဘဝလေးဖြစ်ဖို့ အဓိက ဘာလိုအပ်ပါသလဲဆိုရင် တာဝန်သိတတ်မှု၊ စာနာနားလည်စိတ်၊ ကူညီလိုစိတ်၊ ချစ်ခြင်းမေတ္တာလို့ပြောချင်ပါတယ်။ တာဝန်သိတတ်မှုဆိုတာ ဘာလဲ။ ဒီကမြန်မာမိသားစုတော်တော်များများဟာ ဆယ်တန်းမအောင်သေးဘူးဆိုရင် စာလုပ်….စာလုပ်တဖွဖွပြောတတ်ပြီး စာကျက်နေမှ တော်တယ်ထင်တတ်ကြပါတယ်။ အိမ်ရဲ့ဝေယျာဝစ္စတွေကို ယုတ်စွအဆုံး တံမြက်စည်းလှဲတာက အစ မခိုင်းတတ်ပါဘူး။ အဲဒါကြောင့် ကလေးတွေဟာ တာဝန်မယူတတ်သလို၊ ဒီအရွယ် စာလုပ်နေရင် ရပြီလို့သာတွေးတတ်ကြတဲ့ကလေးများပါတယ်။ တာဝန်ယူရမှာကိုမသိတာဖြစ်ပါတယ်။ (တဖက်မှာလည်း အဖက်ဖက်ကလိုအပ်ချက်တွေကြောင့် အရွယ်မရောက်သေးတဲ့ကလေးတွေက အိမ်မှုကိစ္စအားလုံးကို တာဝန်ယူနေရတာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။) တနည်းအားဖြင့်တော့ အစွန်းရောက်လွန်းတာပါပဲ။

ပြီးပြည့်စုံတဲ့ကလေးတွေကျပြန်တော့ စားပြီးသားပန်ကန်ကအစ မဆေးတတ်သလို၊ ဆေးရကောင်းမှန်းကအစ မသိတော့ အိမ်ရဲ့တာဝန်အသေးအဖွဲလေးတွေက အစ လုပ်ပေးရကောင်းမှန်းမသိတာမျိုးဖြစ်လာပါတယ်။ တနည်းအားဖြင့် နွေးထွေးတဲ့မိသားစုမှာ ဘယ်သူက ဘာတာဝန်ဆိုတာထက် တစ်ဦးရဲ့တာဝန်ကို တစ်ဦးက မတွယ်ကပ်ဘဲ လုပ်ပေးသင့်တာပါ။ ဥပမာ။ အိမ်ရှင်မနေမကောင်းတဲ့အခါ အိမ်ထောင်ဦးစီးက ငွေရှာနေတာဖြစ်ပေမယ့် နေမကောင်းတဲ့အိမ်ရှင်မကို ဖေးမကူညီခြင်းအားဖြင့် မီးဖိုချောင်ဝင် ထမင်းဟင်းကူချက်ပေးလိုက်တာမျိုးပေါ့။ သားသမီးတွေကိုဆိုရင်လည်း သူ့အရွယ်နဲ့သူ တာဝန်ပေးသင့်တာပေးရမှာပါ။ အဲဒါမှ လုပ်ပေးရကောင်းမှန်းသိမှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ စာနာနားလည်စိတ်ကလည်း အရေးကြီးပါတယ်။ အိမ်ရှင်မနေမကောင်းတာကို စာနာနားလည်စိတ်မရှိတဲ့အခါ နေမကောင်းတဲ့အိမ်ရှင်မတာဝန်ကို ဘယ်သူ့ကမှ ဝင်မကူညီချင်ကြတာမျိုးပေါ့။ အဲဒီ့အခါ နေမကောင်းတဲ့အိမ်ရှင်မကပဲ နေမကောင်းရက်နဲ့ မီးဖိုချောင်ဝင်ချက်ပြုတ်နေရတာမျိုးဖြစ်လာနိုင်ပါတယ်။ မိသားစုကြားမှာ ကိုယ်သာအနစ်နာခံလိုက်မယ်ဆိုတဲ့စိတ်ရှိတဲ့လူတွေများလာတဲ့အခါ အဲဒီ့မိသားစုမှာ အသာစီးလိုချင်တဲ့သူရှိမှာမဟုတ်တော့ပါဘူး။ ဘယ်လောက်နေပျော်စရာကောင်းလိုက်မလဲနော်။

ကူညီလိုစိတ်ကတော့ ချစ်ခြင်းမေတ္တာကို အခြေခံပြီးဖြစ်လာတာပါပဲ။ ခြုံပြောရရင် နွေးထွေးတဲ့မိသားစုတစ်ခုဖြစ်လာဖို့အတွက် ချစ်ခြင်းမေတ္တာကို အခြေခံဖို့လိုပါတယ်။ အဲဒါမှသာ အထက်ကပြောသလို တာဝန်သိတတ်မှု၊ စာနာနားလည်စိတ်၊ ကူညီလိုစိတ် ဆိုတဲ့စိတ်ထားတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ အချို့ကျပြန်တော့ မိသားစုချင်း ချစ်ခြင်းမေတ္တာစိတ်အားနည်းကြရာကနေ တဆင့် မိသားစုချင်းစိတ်ဝမ်းကွဲတာမျိုးတွေနဲ့ ပြိုင်ဆိုင်မှု၊ လိုချင်တပ်မက်စိတ်ကြောင့် သွေးကွဲတာမျိုးတွေဖြစ်လာကြတာပါပဲ။ အဲဒီ့လို မိသားစုချင်းစိတ်ဝမ်းကွဲမှုမဖြစ်စေဖို့ကို သားသမီးတွေရဲ့ငယ်စဉ်ကတည်းက မိဘဖြစ်သူတွေက မောင်နှမချင်း စည်းလုံးချစ်ခင်ဖို့၊ သားသမီးတွေကို ညီတူမျှတူချစ်ခင်ကြင်နာမှုပေးတတ်ဖို့၊ မောင်နှမချင်း မျှဝေတတ်ဖို့၊ အပြန်အလှန်ငဲ့ညှာဖို့တွေကို သေချာသွန်သင်ပေးသင့်ပါတယ်။ မောင်နှမချင်းကြားမှာ မိဘလုပ်သူတွေက “ငါကတော့ အကြီးမမှ ပိုချစ်တာ…အငယ်မကို မချစ်ဘူး” “ အကြီးမကမှ လိမ္မာတာ၊ အငယ်မက ဆိုးတယ်” “နင်ကညံ့တယ်၊ နင့်အမကမှ တော်တာ” စတဲ့ မောင်နှမချင်း ခွဲခြားတဲ့စကားမျိုးတွေနဲ့ သားသမီးတွေကို မထိန်းကျောင်းဖို့ အင်မတန်မှအရေးကြီးပါတယ်။ ဒီကမိသားစုတော်တော်များများကတော့ အဲဒီလိုအပြောခံပြီး ကြီးပြင်းလာကြတဲ့သူတွေများမယ်ထင်ပါတယ်။(စံနမူနာယူရလောက်အောင် သားသမီးတွေကို ထိန်းကျောင်းတတ်တဲ့သူတွေကို အတုခိုးသင့်ပါတယ်။)

အဲဒါကြောင့် သေချာပြန်ပြီး ခြုံငုံသုံးသပ်ကြည့်ရင် နွေးထွေးတဲ့မိသားစုလေးဖြစ်ဖိုအတွက် တစ်မိသားစုလုံးမှာ တာဝန်ရှိတာဖြစ်သလို၊ မိသားစုရဲ့ အခြေခံအုတ်မြစ်လို့ပြောရမယ့် မိဘနှစ်ပါးဟာ ကိုယ့်တာဝန်ကိုယ်ကျေပွန်ဖို့အရေးကြီးသလို သားသမီးအတွက် စံနမူနာဖြစ်ဖို့အရေးကြီးပါတယ်။ အဲဒါကြောင့်လည်း မာသာထရီဇာက “What can you do to promote world peace? Go home and love your family” အဲဒီလိုပြောခဲ့တာပေါ့။
မိဘနှစ်ပါးရဲ့ အကျင့်အကြံတွေကို သားသမီးတွေက သင်ယူပြီးမှ တတ်မြောက်လာတာမို့ မိဘနှစ်ပါးလုံးဟာ နွေးထွေးတဲ့မိသားစုဖြစ်ဖို့ ဘယ်လိုနေထိုင်ပြုမူမယ်၊ ဖေးမကူညီကြမယ်၊ ကြင်နာကြမယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ မိသားစုမှာ စံပြနမူနာဖြစ်ဖို့အရေးကြီးတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။ အားလုံးပဲ နွေးထွေးတဲ့အိမ်ကလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။