နှလုံးသားလှစေဖို့ရန်

လူဆိုတာ သတ္တဝါတွေအားလုံးထဲမှာ အသိဉာဏ်အရှိဆုံး သတ္တဝါတစ်မျိုးဖြစ်ပါတယ်။ အခြားသော သတ္တဝါတွေထက်ကို အသိဉာဏ်၊ စိတ်ဓာတ်၊ အမှန်အမှား ခွဲခြားနိုင်ခြင်း စတဲ့ အချက်တွေ သာလွန်နေတဲ့အတွက်ကြောင့် လူလို့သတ်မှတ်ထားကြတာပါ။ လူဆိုတာ သတ္တဝါတွေအားလုံးထဲမှာ အသိဉာဏ်အရှိဆုံးဖြစ်သလို စိတ်ပိုင်းဆိုင်ရာအရလည်း နူးညံ့သိမ်မွေ့သူများ ဖြစ်ပါတယ်။ အဲဒါကြောင့် လူဆိုတာ အမှန်အမှားခွဲခြားနိုင်ပြီး နှလုံးသားပြည့်ဝစွာနဲ့ ဘဝကိုရှင်သန်သင့်သူတွေဖြစ်ပါတယ်။ လူဖြစ်နေတဲ့အတွက်ကို လူတစ်ယောက်ရဲ့စောင့်ထိန်းအပ်တာတွေ၊ ကျင့်ကြံအပ်တာတွေ၊ အသိတရားတွေ၊ ကိုယ့်ကျင့်တရားတွေ စတဲ့ကျင့်ကြံအပ်တဲ့အရာတွေ၊ စောင့်ထိန်းသင့်တဲ့အရာတွေနဲ့ ကိုက်ညီအောင် ကျင့်ကြံနေထိုင်ပြီး လူနဲ့တူအောင်နေသင့်ပါတယ်။


ဒါပေမယ့်လည်း အသိဉာဏ်အရှိဆုံးဖြစ်နေတဲ့အတွက် ရက်စက်တဲ့နေရာမှာ၊ ယုတ်မာတဲ့နေရာမှာ အလိုလောဘကြီးတဲ့နေရာမှာ ဆိုရင်လည်း လူက အဆိုးဆုံးဖြစ်နေပြန်ပါတယ်။ အဲလိုမျိုး ဆိုးတဲ့နေရာမှာ လူတစ်ယောက်ဖြစ်နေတာကို(အသိဉာဏ်အရှိဆုံးဖြစ်နေတာကိုကောင်းကောင်းအသုံးချတတ်တဲ့ တလွဲကောင်းတွေကို) ကောင်းကောင်းအသုံးချတတ်တဲ့လူမျိုးကတော့ လူဖြစ်နေပေမယ့် လူ့လောကကို ဒုက္ခကောင်းကောင်းပေးမယ့် လူ့အဆိပ်တွေဖြစ်လာပါတယ်။ အဲဒီ့အခါမှာ လူကောင်းတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်သူတွေ ဒုက္ခရောက်ရသလို၊ တစ်ချို့လူကောင်းတွေကပါ လူ့အဆိပ်တွေနဲ့အပြိုင်လိုက်ဆိုးရာကနေ လူနဲ့မတူတဲ့ လူတွေများလာပါတော့တယ်။ အဲလိုသာ လူ့အဆိပ်တွေများလာရင်တော့ အက်မင်တို့လူ့လောကကြီးက နေချင်စရာတောင်ကောင်းတော့မယ်မထင်ပါဘူး။ ဒီနေ့ခေတ်မှာတော့ အတ္တကြီးမှ၊ တိုက်ခိုက်တတ်မှ၊ မငဲ့ညှာတတ်မှ၊ တစ်ကိုယ်ကောင်းဆန်မှ စတဲ့အချက်တွေနဲ့မှ လူလို့ခေါ်ရမလိုတောင်ဖြစ်နေပါပြီ။
တစ်ယောက်ရဲ့ပိုင်ဆိုင်မှုကို တစ်ယောက်က လုယူပြီး တစ်ယောက်ရဲ့ပျော်ရွှင်မှုကို တစ်ယောက်က ဖျက်ဆီးမယ်၊ တစ်ယောက်ရဲ့စိတ်ကောင်းထားမှုကို တစ်ယောက်က ယုတ်မာခြင်းနဲ့အနိုင်ယူမယ် စသည်ဖြင့် အဆိုးတွေ အနိုင်ရလာတဲ့အခါ အကောင်းတွေပျောက်လာနိုင်ပါတယ်။ အထူးသဖြင့် အဲဒီလိုတွေဖြစ်လာရတဲ့အကြောင်းရင်းက စိတ်နှလုံးမလှပတော့ဘဲ ရိုင်းစိုင်းပြီး တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဓာတ်တွေကြောင့်ပါပဲ။
အဲဒါကြောင့် လူတိုင်းမှာ စိတ်သဘောထားနူးညံ့ပြီး လှပတဲ့နှလုံးသားတစ်စုံကို ပိုင်ဆိုင်ဖို့က အင်မတန်အရေးကြီးပါတယ်။ လှပတဲ့နှလုံးသားတစ်စုံဖြစ်ဖို့က ရှိပြီးသားအသိဉာဏ်ရယ်၊ ကိုယ်ချင်းစာစိတ်၊ သနားညှာတာမှု၊ အတ္တမကြီးမှု ၊ တစ်ကိုယ်ကောင်းမဆန်မှု စတဲ့အချက်တွေအများကြီး ပေါင်းစပ်ပြီးမှ ဖြစ်လာနိုင်တာပါ။
အထူးသဖြင့်တော့ အတ္တကြီးရာကနေ အလိုလောဘတွေများလာမယ်၊ ပိုင်ဆိုင်ချင်စိတ်များလာမယ်၊ အဲဒီ့အခါ မတင်းတိမ်နိုင်တော့ဘဲ အခြားသူတွေရဲ့ပိုင်ဆိုင်မှုတွေကို လိုချင်တပ်မက်စိတ်များလာမယ်။ မရရတဲ့နည်းနဲ့ လောဘနောက်ကိုလိုက်မယ် အဲဒီ့အခါ သူတပါးရဲ့နာကျင်မှု၊ ကြေကွဲမှု၊ ပျက်စီးမှုတွေကို လုံးဝမငဲ့ညှာတတ်တော့ပါဘူး။
ဆိုလိုချင်တာက လူရယ်ဖြစ်လာဖို့ ကိုယ့်ရဲ့အတ္တတွေအကုန်ခဝါချပြီး သူတစ်ဖက်သားအတွက်ပဲအမြဲတမ်းတွေးပေးနေပြီး ကိုယ့်အကျိုးကိုလုံးလုံးစွန့်လွှတ်ဖို့ပြောနေတာမဟုတ်ပါဘူးနော်။ အတ္တစိတ်နည်းဖို့နဲ့ ညှာတာထောက်ထား၊ ကိုယ်ချင်းစာတတ်ဖို့ပါ။ အထူးသဖြင့် ကိုယ့်ကြောင့် သူတစ်ဖက်သား ဒုက္ခမရောက်စေလိုတဲ့စိတ်လေးနဲ့ စိတ်ကောင်းနှလုံးကောင်းမွေးဖို့ပြောချင်တာပါ။ လူတိုင်းမှာ ထိုကဲ့သို့ ဘယ်သူတေတေ၊ ငတေမာရင်ပြီးရော ဆိုတဲ့စိတ်မျိုးမရှိကြဘဲ စိတ်ကောင်းနှလုံးကောင်းရှိကြမယ်ဆိုရင် အက်မင်တို့ လောကကြီးမှာ ဒုစရိုက်မှုတွေနည်းသွားမှာပါ။ တစ်ယောက်ကို တစ်ယောက်ဖေးမရင်းနဲ့ ရှင်သန်နေထိုင်သွားရင် ဘယ်လောက်များ လှပလိမ့်မလဲနော်။
အဲဒါကြောင့် အားလုံး အချင်းချင်းဖေးမစိတ်လေးနဲ့ အပြန်အလှန်ငဲ့ညှာသနားတတ်တဲ့စိတ်လေးတွေ၊ ကိုယ်ချင်းစာစိတ်၊ စတဲ့စိတ်ကောင်းနှလုံးကောင်းမွေးလို့ ခုချိန်ကစပြီး လောကကြီးကို ပြောင်းလဲကြပါလို့။
တစ်ယောက်ကစပြီး ပြုပြင်တာကမသိသာပေမယ့် တစ်ယောက်ကနေ အများဖြစ်လာတဲ့အခါ ကမ္ဘာလောကကြီး ပိုလှလာပါလိမ့်မယ်နော်။
စိတ်ကောင်းနှလုံးကောင်းထားပြီး နှလုံးသားကိုအလှဆင်ကြပါစို့။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။