နောင်တတွေမရှိဘဲ ဘဝကိုရှင်သန်ဖို့ နည်းလမ်း ၅ချက်

သင့်ဘဝရဲ့နောက်ဆုံးအချိန်ကို တွေးတောပါ။ ထိုအချိန်ရောက်လာတဲ့အခါ သင်ဘာတွေဖြစ်ချင်သလဲ၊ ဘာတွေလုပ်ချင်သလဲ။ ဘာတွေပြောချင်သလဲ။ သင့်ရဲ့ရည်မှန်းချက်တွေ ပန်းတိုင်တွေဖြစ်လာခဲ့တာလိုချင်သလား။ အဲဒါနဲ့ပတ်သက်တဲ့အရာတွေကို မပြောချင်ဘူးလား။ များသောအားဖြင့် လူတွေက သူတို့ဘဝရဲ့နောက်ဆုံးအချိန်မှာ သူတို့အတွက် နောင်တတွေ၊ ရှက်ရွံ့မှုတွေနဲ့ အပြစ်တွေကို သတိရကြ၊ ခံစားကြပါတယ်။ ဘဝဆိုတာ ကျွန်တော်တို့အတွက် ယူတတ်ရင် လက်ဆောင်ပါပဲ။ ဝမ်းနည်းစရာကောင်းတာက ကျွန်တော်တို့ရှင်သန်နေတဲ့ သက်တမ်းရဲ့ရာခိုင်နှုန်းတော်တော်များများမှာ အလိုက်သင့်နေခြင်း၊ ဘာမှမလုပ်ဘဲ အချိန်ဖြုန်းခြင်း၊ အသက်မွေးဝမ်းကျောင်းအတွက် အချိန်ကုန်ခြင်း စတာတွေနဲ့သာ ကုန်ဆုံးတတ်ကြပါတယ်။ အမှန်စစ်စစ်တော့ အလုပ်လုပ်ခြင်းဆိုတာ ကျွန်တော်တို့ စားဝတ်နေရေးအတွက်အလုပ်လုပ်ခြင်းပဲဖြစ်ပါတယ်။ အချို့က တစ်ဘဝလုံးကို ထိုထမင်းစားဖို့အလုပ်လုပ်တဲ့အထဲမှာပဲ နစ်မြုပ်ထားကြပါတယ်။ workaholics လို့ခေါ်လို့ရပါတယ်။ တကယ်တော့ ခဏလေးရှင်သန်ကြရတဲ့လူ့ဘဝမှာ အသက်ရှင်ရေးအတွက် အလုပ်လုပ်တာလည်း လုပ်သင့်ပေမယ့် ဦးစားပေးသင့်တဲ့တခြားအရာတွေလည်း ရှိပါသေးတယ်။ workaholics ဖြစ်ရင်း ဘဝနေဝင်ချိန်မှာ နောင်တတွေပဲ မကျန်ရအောင် နေထိုင်ဖို့နည်းလမ်းတွေဖော်ပြပေးလိုက်ပါတယ်။


၁) အလုပ်ထက်ပိုပြီး ခေါင်းစဉ်တပ်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။
အလုပ်က သင့်ကိုသတ်မှတ်ပေးနိုင်တာမဟုတ်ပါဘူး။ သင်ဘယ်သူလဲဆိုတာကသာ သင့်ကိုသတ်မှတ်ပေးတာပါ။ ပြောချင်တာက သင်ကဘယ်လိုလူမျိုးလဲ။ ကြုံရင်ကြုံသလို လည်ရင်လည်သလို ဖန်စားတဲ့လူမျိုးလား၊ လွယ်လွယ်ရလွယ်လွယ်လိမ်တတ်တဲ့သူမျိုးလား၊ ရိုးသားမှု့ကိုတန်ဖိုးထားတဲ့သူမျိုးလား၊ လူတွေကိုကူညီတတ်တဲ့သူမျိုးလား စသဖြင့်ပေါ့။ အလုပ်ရဲ့ပြင်ပလောကမှာ သင်ဘယ်လိုနေထိုင်ကျင့်ကြံသလဲဆိုတာကသာ သင့်ကိုသတ်မှတ်ခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ဘဝရဲ့နေဝင်ချိန်မှာ သင်နောင်တမရစေဖို့က သင့်ရဲ့ကိုယ်ကျင့်တရားကို အလေးထားပြီး လိုက်နာဖို့၊ ကိုယ့်ကြောင့် အခြားသူတွေထိခိုက်နစ်နာအောင် မလုပ်မိစေဖို့ စတဲ့အချက်တွေလည်း လိုပါတယ်။ သင်ရှင်သန်နေစဉ်မှာ ဒုက္ခရောက်နေတဲ့သူတွေကို နိုင်သလောက် ကူညီပေးမယ်၊ သင်ဝါသနာပါရာနဲ့ လူတွေကို အကျိုးပြုမယ်၊ သင့်မှာ ရှိထားတာလေးတွေ၊ သင်တတ်ထားတာလေးတွေကို အခြားသူတွေ ဘဝအတွက် အသုံးချနိုင်အောင် မျှဝေမယ် ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

၂) ငွေက ဘဝတစ်ခုလုံးမဟုတ်ဘူးဆိုတာ သတိထားပါ။
ဒီစာသားက မှားနေတယ်ထင်ရတယ်၊ ဒါပေမယ့် မှန်ပါတယ်။ သင့်က သင့်ဘဝတစ်ခုလုံးကို အလုပ်မှာမြုပ်နှံထားတယ်၊ ကုမ္ပဏီက ဒါမှမဟုတ် အလုပ်က သင့်ကို ငွေပေးတယ် ဒါပါပဲ။ ဒီနောက်ကိုပဲလိုက်နေရင်တော့ သုံးလိုက်ဖြုန်းလိုက်ကုန်သွားလိုက် ၊ အလုပ်တွေလုပ်လိုက်နဲ့ သင့်ဘဝက ဘာမှအဓိပ္ပါယ်ရှိတော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ထမင်းစားဖို့အလုပ်လုပ်ခြင်းက သင့်ရဲ့အသက်ရှင်ဖို့မှန်ပေမယ့် အဲဒါက တစ်ဘဝလုံးအတွက်မဟုတ်ပါဘူး။ သင့်ဘဝရဲ့အဓိပါ္ပယ်က သင့်ကိုချစ်ခင်တဲ့သူတွေကို ဂရုစိုက်ခြင်း၊ သင့်မိသားစု၊ သင့်ဝါသနာပါရာလေးတွေလုပ်ခြင်း၊ သင့်ရဲ့အတွေ့အကြုံတွေကို မျှဝေခြင်း၊ ပျော်ရွှင်စရာ မှတ်တမ်းများချန်ထားခဲ့နိုင်ဖို့ ၊ အမှတ်ရနိုင်ဖို့ပါပဲ ။
အဲဒီ့တော့ အဓိပ္ပါယ်ရှိတဲ့ဘဝကို ဖန်တီးနိုင်ဖို့ ငွေက ဘဝတစ်ခုလုံးမဟုတ်ဘူးဆိုတာကို သတိရပါ။ ငွေက တစ်ဘဝလုံးလို့ စွဲမှတ်ပြီး ငွေနောက်သာသင်လိုက်နေရင်တော့ သင့်ဘဝနေဝင်ချိန်မှာ မပျော်ရွှင် ၊ မကြည်နူးခဲ့ရတာတွေ၊ သင့်အနားမှာ စစ်မှန်တဲ့ချစ်ခြင်းတရားနဲ့ စောင့်ရှောက်မယ့်သူတွေ မရှိတာကို နောင်တရမိနေပါလိမ့်မယ်။

၃) သင့်အတွက် အဓိပါ္ပယ်ရှိတာလေးတွေ လုပ်ဖို့အချိန်ပေးပါ။
သင်ခုလက်ရှိလုပ်နေတဲ့အလုပ်က သင့်ရဲ့အိမ်ငှားစရိတ်၊ စားဝတ်နေရေး စတာတွေအတွက်အသုံးချဖို့ပါ။ အဲဒါအပြင် သင့်မှာ ငွေပိုငွေလျှံရှိတဲ့အခါ သင်ချစ်ခင်မြတ်နိုးတဲ့အခြား ဝါသနာလေးတွေကိုပါ သင်လုပ်နိုင်တာပေါ့။ ဒါပေမယ့် သင့်ဘဝမှာ သင်လုပ်ချင်တာလေးတွေ မလုပ်ခဲ့ရဘူးဆိုရင် သင့်ဘဝနေဝင်ချိန်မှာ သင်နောင်တရမိပါလိမ့်မယ်။ အဲဒီ့အချိန်ကျမှ အချိန်တွေကို နောင်ပြန်မလှည့်နိုင်တော့ပါဘူး။ အဲဒီ့အခါ သင်ပိုင်ဆိုင်ရမှာ ယူကြုံးမရခြင်းတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် ခုလက်ရှိ စားဝတ်နေရေးအတွက်လည်း အလုပ်ကို လုပ်ပါ။ ဒါပေမယ့် ဘဝကို အဓိပါ္ပယ်ရှိတာလေးတွေလည်း အချိန်ပေးပြီးလုပ်ဖို့ ကိုယ့်ကိုကိုယ်သတိပေးပါ။ ဥပမာ။ ပရဟိတအလုပ်တွေကို တစ်ပတ်တစ်ရက် လုပ်မယ်၊ အပင်လေးတွေ စိုက်မယ်၊ အဖိုးအဖွားမိဘတွေနဲ့ တစ်ပတ်တစ်ရက် အချိန်ပေးမယ်၊ လမ်းလျှောက်မယ်၊ ဂရုစိုက်မယ်၊ ကိုယ့်မိသားစုကို တစ်ပတ်တစ်ရက်တော့ အချိန်ပေးပြီး ချစ်ခင်နွေးထွေးစွာနေမယ်။ ကဗျာတွေရေးမယ်၊ စာတွေရေးမယ်၊ အခြားသူတွေကိုဖေးမကူညီအားပေးမယ်။ စတာတွေနဲ့ ဘဝကို ရှင်သန်ရကျိုးနပ်စွာနေထိုင်သင့်ပါတယ်။

၄) ကိုယ့်ကိုကိုယ်အမြဲ ပြန်သုံးသပ်ပါ။
တပြိုင်တည်း အလုပ်တွေအများကြီးလုပ်တာ ရပ်ပစ်ပါ။ အဲဒါက သင့်ကိုအလုပ်ရှုပ်တယ်လို့ ခံစားရစေတဲ့အပြင် စိတ်ဖိစီးမှု၊ သွေးတိုးခြင်း၊ နှလုံးရောဂါစတာတွေကိုပါ ခံစားရစေနိုင်ပါတယ်။ အလုပ်လုပ်နေချိန်မှာပဲ အလုပ်ကို သေချာအာရုံစူးစိုက်ပြီး ထိရောက်စွာအလုပ်လုပ်ပါ။ အာရုံထွေပြားခြင်းက အလုပ်မပြီးသလို၊ အချိန်ပိုကုန်ပါတယ်။ အချိန်ပိုကုန်တဲ့အခါ အခြားအချိန်တွေပါ ဖျက်လိုက်ရတတ်ပါတယ်။ အဲဒီ့အခါ သင့်မှာပိုပြီးစိတ်ဖိစီးနိုင်ပါတယ်။ အဲလိုမဖြစ်ရအောင် သင့်ကိုသင်အမြဲသုံးသပ်သင့်ပါတယ်။ ဒီနေ့မှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေထိရောက်အောင်လုပ်ခဲ့သလဲ၊ ထိရောက်မှုမရှိရတာ ဘာကြောင့်လဲ။ တစ်နေ့လုံး အလုပ်လုပ်ပြီးလို့ ကျန်တာတွေအတွက် အချိန်ကို အကျိုးရှိစွာ သုံးခဲ့နိုင်သလား။ စသဖြင့်ပေါ့။ ကိုယ့်ရဲ့အလုပ်ခွင်ပြင်ပမှာလည်း ကိုယ့်ဘဝကို ဘယ်လိုကုန်ဆုံးနေသလဲဆိုတာမျိုး အမြဲတစေ ပြန်သုံးသပ်သင့်ပါတယ်။ အဲလိုသုံးသပ်ခြင်းက သင်မှားနေတာတွေရှိရင်လည်း ချက်ချင်းသိပြီး ချက်ချင်းပြုပြင်နိုင်ပါတယ်။ ဘဝနေဝင်ချိန်မှာလည်း နောင်တကင်းစေမှာပါ။

၅) သင်အလကားအချိန်ဖြုန်းနေမိတိုင်း သင့်ဘဝရဲ့နောက်ဆုံးနေ့ကို ပြန်တွေးပါ။
အကျိုးမရှိ၊ အဓိပါ္ပယ်မရှိတာတွေအတွက်ပဲ အချိန်ပေးမိနေတယ်ဆိုရင် ကိုယ့်ဘဝရဲ့နောက်ဆုံးနေ့တွေမှာ ကိုယ်ဘာတွေပြောမိမှာပါလိမ့်မယ်။ ဘယ်လိုတွေဖြစ်နေမှာပါလိမ့်လို့ ပြန်တွေးကြည့်ပါ။ ချက်ချင်း သင့်ကိုသင် သတိထားဖို့ alarm လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အဲဒါဆိုရင် သင့်အချိန်၊ သင့်ဘဝကို အလကားဖြုန်းတီးဖို့ သင်မလုပ်မိတော့ပါဘူး။
ပျော်ရွှင်စရာကောင်းတဲ့မှတ်ဉာဏ်တွေထက် နောင်တတွေ တပွေ့တပိုက်နဲ့ ဘဝကိုအဆုံးမသတ်ရစေဖို့ အထက်ကနည်းလမ်းလေးတွေကို ကျင့်သုံးကြည့်ပါ။ ဘဝကို အဓိပါ္ပယ်ရှိစွာရှင်သန်ခြင်းနဲ့ ကုန်ဆုံးပါစေ။
https://www.success.com/5-ways-to-live-your-life-without-regrets/ လင့်မှကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။