အမှတ်တမဲ့လုပ်မိတတ်သော ငွေကုန်စေတဲ့အရာများ

ကိုဗစ်ကာလအတွင်း Stay Home လုပ်ကြတဲ့အခါ ပိုပြီးငွေကုန်များတယ်လို့ တချို့တွေက ညည်းကြပါတယ်။ အိမ်ထဲမှာပဲနေလိုက် ဘယ်မှမသွားနိုင်ဘဲ အစားချည်းလှိမ့်စားနေကြတာမို့ တစ်လစာဝယ်ထားတာတွေက ၃ပတ်လောက်နဲ့ကုန်ကုန်သွားတတ်တာမို့ ပိုပြီးငွေကုန်များသလိုဖြစ်တော့တာပါပဲ။ အဲဒီလိုငွေကုန်များရတဲ့အထဲက အကြောင်းအရာတော်တော်များများက ကိုယ်တိုင်သတိမထားမိတဲ့အရာအသေးအဖွဲလေးတွေဖြစ်နေတတ်ပါတယ်။ သတိထားမိသလောက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


၁) စားစရာမြင်တိုင်း မှာစားမိနေခြင်း
ခုဆို အပြင်မထွက်ကြတော့တဲ့အတွက် စားစရာတွေကို အွန်လိုင်းပေါ်မှာ ပိုပြီးမြင်လာရပါတယ်။ အဲဒီ့အခါ စားချင်စဖွယ်လေးတွေကို မြင်တာနဲ့ စားချင်စိတ်ကြောင့် စိတ်အလိုလိုက်မှာစားမိတာမျိုးတွေကနေလည်း မသိမသာ ငွေထွက်နေတတ်ပါတယ်။

၂) လိုချင်တိုင်း ဝယ်မိတတ်ခြင်း
နောက်တစ်ခုကတော့ အွန်လိုင်းကနေ မြင်တိုင်း လိုချင်စရာလေးတွေချည်းပါပဲ။ မြင်လိုက်တိုင်းလိုချင်စိတ်ဖြစ်ပြီး ဝယ်မိတတ်တာမျိုးကနေလည်း ငွေထွက်နေတတ်တာပါပဲ။ ကိုယ့်စိတ်ကိုအလိုလိုက်ဝယ်မိပြီးကာမှ ငွေကိုပြန်တွက်နေမိတာမျိုးပေါ့။

၃) သေချာမစဉ်းစားဘဲ ဈေးဝယ်တတ်ခြင်း
ဒါလည်း အလားတူပါပဲ။ ဈေးထဲသွားဈေးဝယ်ရင် လိုအပ်တာ မလိုအပ်တာကိုမတွေးဖြစ်ဘဲ "“ါလေးက တန်လိုက်တာ၊ ဒါလေးလည်း ဈေးပေါသားပဲ၊ ဒါလေးလည်း ဝယ်ထားအုံးမယ်" ဆိုတဲ့အတွေးမျိုးတွေဖြစ်လာတတ်တာသဘာဝပါ။ ကိုယ့်စိတ်ကိုယ်တော်တော်ထိန်းနိုင်မှ တန်ရာကျမှာပါနော်။ ဒါပေမယ့် များသောအားဖြင့်ကတော့ သေချာမစဉ်းစားဘဲ ဈေးဝယ်မိတတ်ကြတာမဟုတ်လား။

၄) အကြောင်းအရာမယ်မယ်ရရမရှိဘဲ ဖုန်းဘေလ်အကုန်ခံ ဖုန်းသုံးနေခြင်း
နောက်ထပ်ငွေကုန်ပေါက်တစ်ခုကတော့ Stay Home ကာလမှာ ရုပ်ရှင်ကြည့်၊ မုန့်စားအပြင် ဖုန်းကို အချိန်ပြည့်မျက်လုံးကနေမခွာဘဲ သုံးနေမိတာပါပဲ။ အဲဒါကလည်း မသိလိုက်မသိဘာသာနဲ့ ငွေထွက်စေပါတယ်။ အဲဒါအပြင် ဖုန်းသုံးနေတဲ့အခါမှာ New Feed ကိုကြည့်နေတာနဲ့တင် အချိန်လည်းကုန်၊ ငွေလည်းကုန်ပါပဲ။ တခြား ဘယ်အကြောင်းအရာတွေကို၊ ဘာအချက်အလက်တွေ၊ ဘယ်သတင်းထူးကိုတော့ ရှာမယ်ဆိုတဲ့ ကိုယ့်အတွက် တခုခုရစေလိုတဲ့စိတ်နဲ့သုံးတာမဟုတ်ဘဲ ဘာရည်ရွယ်ချက်မှမရှိဘဲ ဖုန်းကို သုံးနေတာမျိုးပါ။ အဲဒါက ကိုယ့်အတွက် ဘယ်နေရာမှာမှအကျိုးမရှိစေပါတယ်။

၅) လူအထင်ကြီးဖို့အတွက် မစဉ်းစားဘဲ ဈေးဝယ်တတ်ခြင်း
ဘယ်တံဆိပ်က ဈေးချနေတယ်။ ဘယ်တံဆိပ်မှ ပိုကောင်းတာဆိုတဲ့အတွေးတွေနဲ့ ကိုယ်တိုင်လည်း မတတ်နိုင်တဲ့ငွေပမာဏတစ်ခုကို ¬လူအထင်ကြီးဖို့သက်သက်ဝယ်တာမျိုးပါ။ အဲဒါကလည်း ကိုယ်တိုင်မသိလိုက်ပေမယ့် ငွေပမာဏသိသိသာသာထွက်စေပါတယ်။ လက်ထဲငွေအထုပ်လိုက်အထည်လိုက်ကုန်သွားမှ မျက်လုံးပြူးစေတဲ့အထိဖြစ်စေတာမျိုးပေါ့။ အဲဒါကြောင့် ကိုယ့်ဝင်ငွေနဲ့ကိုယ်ချိန်ကိုက်သုံးစွဲတာအကောင်းဆုံးပါပဲ။ လူအထင်ကြီးရုံသက်သက်တော့ ဈေးမဝယ်ပါနဲ့နော်။

၆) Credit card ဖြင့် ခပ်လွယ်လွယ်ဈေးဝယ်တတ်ခြင်း
လုံးဝကိုမသိလိုက်ဘဲ ငွေထွက်ပေါက် ၂မျိုးတစ်ပြိုင်တည်းကုန်စေတဲ့နည်းကတော့ လက်ထဲမှာ ငွေပါရဲ့သားနဲ့၊ credit card သုံးပြီးငွေချေလိုက်တာပါပဲ။ ကဒ်ထဲမှာ အကြွေးထပ်တင်သွားသလို၊ ကိုယ်လက်ထဲမှာလည်း ပိုက်ဆံရှိနေတဲ့အတွက်ကြောင့်ကို ထိုငွေကိုလည်း စိတ်ထဲရှိရာ ဝယ်ပစ်မိမှာအသေအချာပါပဲ။ အဲဒီ့အခါ ငွေက လက်ထဲရှိတာလည်း ကုန်၊ ကဒ်ထဲလည်းအကြွေးတင်နဲ့ ငွေထွက်ပေါက် ၂မျိုးတစ်ခါတည်းဖြစ်စေတာပါ။ အဲဒါကြောင့် လက်ထဲငွေပါရင် လက်ငင်းရှင်းနိုင်ရင်ရှင်းတာပိုကောင်းပါတယ်။

၇) ငွေအကြွေတွေကိုတန်ဖိုးမထားဘဲ သုံးပစ်တတ်ခြင်း
နောက်ထပ်မသိဘဲငွေကုန်စေတာက ဈေးဝယ်လို့ပိုတဲ့အကြွေလေးတွေကို ပစ်စလတ်ခတ်ထားလိုက်တာ၊ ဒါမှမဟုတ် အကြွေတွေပဲလေဆိုပြီး အကုန်သုံးပစ်လိုက်တာမျိုးပါ။ အဲဒါကလည်း ငွေကို ကိုယ်မသိလိုက်ခင်မှာပဲ အကုန်ကုန်သွားစေတဲ့နည်းပါ။ စုဘူးလေးတစ်ဘူးဝယ်ထားပြီး ဈေးဝယ်လို့ ပိုတဲ့အကြွေတွေကို ကုန်အောင်သုံးမယ့်အစား စုဘူးထဲထည့်ထားလိုက်တာ ပိုကောင်းပါတယ်။
စာဖတ်သူတွေရော...ဘယ်လိုအကျင့်တွေက ငွေကို မသိလိုက်မသိဘာသာကုန်သွားစေတယ်လို့ ထင်သလဲ။ ကိုယ့်မှာ အဲဒီလို ငွေသုံးမှန်းမသိ သုံးတတ်တဲ့အကျင့်လေးတွေရှိရင်လည်း မန့်သွားခဲ့ပါအုံး။ အခုဖော်ပြထားတဲ့အချက်လေးတွေ ကိုယ့်မှာရှိနေခဲ့ရင်လည်း သတိလေးထားပြီး ဆင်ခြင်ကြည့်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။