နောက်ကြောင်းမရှင်းတဲ့သူကိုချစ်မိတဲ့အခါ……

လူရယ်လို့ဖြစ်လာရင် အချစ်နဲ့မကင်းနိုင်ကြပါဘူး။ ပေါင်းဖက်ရတာ၊ မပေါင်းဖက်ရတာထက် ချစ်မိတာက အရင်ပါ။ အချစ်မှာ မျက်စိမရှိဘူးလို့လည်း ပြောတတ်ကြပါသေးတယ်။ ဆိုလိုချင်တာက လှတာမလှတာ၊ ချမ်းသာတာမချမ်းသာတာ၊ ကောင်းတာဆိုးတာ စသည်ဖြင့် မပိုင်းခြားနိုင်တော့ဘဲ ချစ်မိသွားတတ်တာကို အချစ်မှာ မျက်စိမရှိဘူးလို့ပြောကြတာပါ။ အချစ်မှာမရှိပေမယ့် ချစ်မိသွားတဲ့အချစ်ကို ဆက်ချစ်သင့်၊ မချစ်သင့်ဆိုတဲ့ အသိဉာဏ်မျက်စိတော့ ရှိဖို့လိုတယ်လို့ ထင်ပါတယ်။ အဲဒါမှ လူတစ်ယောက်မှာ ရှိသင့်တဲ့ ကျင့်ဝတ်တွေ၊ မဖောက်ဖြားသင့်တဲ့ ကိုယ့်ကျင့်သိက္ခာတွေကို ထိန်းသိမ်းနိုင်စွမ်းရှိမှာပါ။ တစ်ချို့တွေက ရူးရူးမိုက်မိုက်ဆိုတဲ့စကားလုံးကို ဒီနေရာမှာ သုံးတတ်ပါတယ်။ တကယ်တော့ အချစ်ဆိုတဲ့အရာအပေါ်မှာ ရူးရူးမိုက်မိုက်ဖြစ်ခြင်းဟာ မကောင်းတဲ့ဆိုးကျိုးတွေကိုပဲ အဖြစ်များလာစေတာပါ။


အထူးသဖြင့် မချစ်သင့်၊ မချစ်ထိုက်သူမျိုးဆိုတာ ရှိပါတယ်၊ အဲဒီလို့ မချစ်သင့်၊ မချစ်ထိုက်သူကို ရူးရူးမိုက်မိုက်ချစ်မိသွားခြင်းက ဘဝတစ်ခုလုံး ကပြောင်းကပြန်ဖြစ်လောက်အောင် ဆိုးဝါးသွားစေနိုင်ပါတယ်။
အချစ်ဆိုတာက ဘဝမှာအရမ်းကိုအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် အချစ်ထက် အရေးကြီးတဲ့ အရာတစ်ခုကတော့ ကိုယ့်ကိုယ် လိပ်ပြာလုံလုံနဲ့ ဘဝမှာ ခေါင်းကော့ရင်မော့နေနိုင်ခြင်းပဲ ဖြစ်ပါတယ်။
လူ့ကျင့်ဝတ်အရ မချစ်သင့်တဲ့သူတွေ၊ မိသားစုအိမ်ထောင်ရှိတဲ့သူမျိုးကို ချစ်မိသွားခြင်းကို နားလည်ပေးလို့ရပါတယ်။ အချစ်ဆိုတာ လုပ်ယူလို့ရတဲ့ အရာမျိုးမှမဟုတ်တာ။ ရှေ့ဆက်တိုးတာကိုတော့ လူမှုပတ်ဝန်းကျင်မှာ နားလည်ပေးနိုင်မှာမဟုတ်ပါဘူး။ အိမ်ထောင်ရှိပြီးသား လူတစ်ယောက်ကို ချစ်မိသွားတယ်ဆိုရင် ထိုချစ်တဲ့စိတ်ကိုဖျောက်လို့ အတတ်နိုင်ဆုံး ထိုသူနဲ့အဝေးဆုံးမှာ နေလိုက်ခြင်းက သူ့ကိုချစ်မိနေတဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုလည်း ဖြေးဖြေးချင်းသွေးအေးသွားစေနိုင်ပါတယ်။
မဖြစ်သင့်၊ မချစ်ထိုက်သူမို့ ဘယ်လို မေ့ပျောက်နိုင်အောင် ကြိုးစားမလဲဆိုတာကို သိခြင်းကလည်း အသိဉာဏ်ရှိခြင်းတစ်မျိုးပါပဲ။ အဲလိုမှမဟုတ်ဘူးဆိုပြီး စိတ်အလိုလိုက်ခြင်းက အချစ်ကို ရူးမိုက်တာမဟုတ်ပါဘူး။ လူ့ကျင့်ဝတ်ကိုချိုးဖောက်တာဖြစ်သွားပါပြီ။ ဒီနေရာမှာ ကိုယ့်ကို နှစ်လိုဟန်ပြနေသလား၊ နှစ်လိုဟန်မပြဘူးလား ဆိုတဲ့ တစ်ဖက်လူရဲ့ တုံ့ပြန်မှုပေါ်မှာလည်း မူတည်တတ်ကြပါတယ်။
“သူ့မှာ အိမ်ထောင်ရှိပေမယ့် ငါ့ကို သူကိုယ်တိုင်လည်း မေတ္တာရှိနေသားပဲ……….” လို့တွေးမိနေရင်တော့ သင်မကြာခင် ချောက်ထဲကျတော့မှာပါ။ အဲဒီ့အပေါ်မှာ သာယာနေမိရင်တော့ သင့်စိတ်ကိုအတတ်နိုင်ဆုံး ချုပ်ထိန်းဖို့ စတင်လိုက်ပါတော့။ သူ့မှာ သင့်ထက်အရင်ချစ်မိလို့ အရင်လက်ထပ်ထားသူရှိရက်နဲ့တောင် သင့်ကို မျက်စလှမ်းပစ်တတ်တဲ့သူမျိုးက သင်နဲ့ချစ်နေရင်းနဲ့ကော အခြားသူတစ်ယောက်ကို မျက်စမပစ်ပါဘူးလို့ သင်ပြောနိုင်ပါ့မလား။ ထိုသူမျိုးက မချစ်သင့်၊ မချစ်ထိုက်တဲ့သူထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ သူ့အရင်မိန်းမ၊ အရင်ယောကျာ်းကို ဖောက်ပြန်ပြီး ကိုယ့်ဆီကို တဝဲလည်လည်လုပ်နေတဲ့သူက နောင်တစ်ချိန်မှာကိုယ့်ကို ထိုနည်းတူဆက်ဆံဖို့ အလားအလာအများကြီးရှိပါတယ်။
မရှောင်နိုင်လို့ တည့်တည့်တိုးမိပါတယ်ဆိုရင်တော့ ဖြစ်လာရမယ့် ဆိုးကျိုးတွေက အများကြီးပါ။ သင့်ပတ်ဝန်းကျင်မှာ သင်အနှိမ်ခံရမယ်၊ (သင့်အကြောင်းကိုမသိတဲ့ ဝန်းကျင်အသစ်မှာ သင်နေရင်တောင် ရေရှည်မလွယ်ပါဘူး) သင်မွေးလာမယ့် သားသမီး အနှိမ်ခံရမယ်၊ သိမ်ငယ်မယ်၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမယ်။ သင်မျက်စိစုံမှိတ်ပြီး မှားတဲ့အမှားက သင့်တစ်ဘဝလုံးကို တောက်လျှောက်လိုက်ပြီးနှောင့်ယှက်နေပါလိမ့်မယ်။ ဒီအသိုင်းအဝန်းမှာ မတွေ့သင့်သူတွေရှိလို့ တခြားအသိုင်းအဝန်းကိုသွားနေရင်လည်း တနည်းမဟုတ် တနည်းနဲ့ သင့်ရဲ့မကောင်းသတင်းက လိုက်ပါလာတတ်ပါသေးတယ်။ ကမ္ဘာကြီးကတကယ်ကျဉ်းကျဉ်းလေးပါ။ ဘယ်ပြေးပြေး ပြေးမလွတ်ပါဘူး။
လူတွေရဲ့သဘောကိုက မကောင်းသတင်းဆို ပိုပြီးစိတ်ဝင်စားတတ်ကြတာမဟုတ်လား။ သင်တို့ရဲ့အိမ်ထောင်ရေးက မသာယာနိုင်သလို၊ ကြာရှည်လည်းမတည်မြဲနိုင်ပါဘူး။ တည်မြဲနေရင်လည်း မသာယာနိုင်ပါဘူး။ သင့်စိတ်ထဲမှာ အားငယ်မှု၊ ဝမ်းနည်းမှု၊ သိမ်ငယ်မှုနဲ့ အမြဲအားမလိုအားမရဒေါသဖြစ်နေရမှာပါ။ သင်က အပြည့်အဝချစ်မိခဲ့ပေမယ့် ခဏတဖြုတ်သာ သင့်ကိုပြန်ချစ်တာခံရမှာဖြစ်ပြီး ထိုသူရဲ့အချစ်ဆိုတာကလည်း အချိန်တန်တဲ့အခါ ဗြာများမှုတွေရဲ့ကြားမှာ သင့်အတွက် မတရားသလိုသင်ခံစားရမှာပါ။ အချစ်လို့ထင်ထားတာက တဖြေးဖြေးနာကျင်မှုတွေဖြစ်လာပါလိမ့်မယ်။
အဲဒါကြောင့် လောကမှာ မချစ်ထိုက်သူ၊ မချစ်သင့်သူဆိုတာရှိပါတယ်။ နောက်ကြောင်းမရှင်းသူကို ချစ်မိသွားခဲ့ရင်တောင် ထိုစိတ်ကိုဖျောက်၊ ထိုသူနဲ့အဝေးဆုံးကိုသွားလို့ သင့်စိတ်ကို အတတ်နိုင်ဆုံး ဖျောက်ပစ်ဖို့ကြိုးစားလိုက်တာအကောင်းဆုံးပါ။ အဲဒါမှ နောက်ဆက်တွဲဆိုးကျိုးတွေရဲ့ဒဏ်ကို သင်မခံစားရတော့မှာပါ။
အားလုံးပဲ မချစ်ဆိပ်သင့်ခြင်းဒဏ်မှ ကင်းဝေးကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။