ဒီနေ့ခေတ်မှာ ပျော်ရွှင်မှုကင်းမဲ့လာတယ်လို့ ခံစားရတဲ့အကြောင်းရင်းများ

ဒီနေ့ခေတ်မှာ နည်းပညာတိုးတက်လာသလို၊ ကမ္ဘာကြီးကလည်း ရွာကြီးတစ်ခုလိုဖြစ်လာပြီလို့ ပြောကြပါတယ်။ တစ်ဦးနဲ့တစ်ဦးမဆက်သွယ်နိုင်အောင် ဝေးကွာနေတာမျိုးမရှိ၊ ကိုယ့်အတွက်သတင်းအချက်လက်တွေ တစ်နေရာထဲကနေ အကုန်သိနိုင်၊ လိုချင်တာရှိ အကုန်လက်တကမ်းဝယ်ယူနိုင်၊ အရင်ခေတ်တွေတုန်းကဆိုရင် ထမင်းတစ်အိုးချက်ဖို့အရေး ထင်းရှာရ၊ မီးမွှေးရ၊ ထမင်းအိုးကိုထိုင်စောင့်နေရတဲ့ခေတ်မျိုးကနေ ထမင်းကိုအိုးထဲထည့်လိုက်ရုံနဲ့ မိနစ်ပိုင်းအတွင်း ထမင်းဖြစ်သွားတဲ့ခေတ်၊ အဝတ်ကို တဘုန်းဘုန်းရိုက်လျှော်နေရာကနေ စက်ထဲရေနဲ့အဝတ်ဆပ်ပြာထည့်လိုက်ရုံနဲ့လျှော်ပြီးသားဖြစ်တဲ့ခေတ်၊ စာတစ်စောင်ရောက်ဖို့အရေးလချီအောင်စောင့်ရတဲ့ခေတ်ကနေ ဖုန်းတစ်လုံးနဲ့စက္ကန့်ပိုင်းအတွင်းဖုန်းခေါ်နိုင်တဲ့ခေတ် စသဖြင့် အမျိုးမျိုး တိုးတက်လာတဲ့ခေတ်ကိုရောက်နေပါပြီ။


အရာအားလုံးအလွယ်တကူနဲ့ရလာနိုင်ခြင်းက ကောင်းကျိုးရှိသလိုဆိုးကျိုးလည်းရှိလာပြန်ပါတယ်။ ဆိုးကျိုးကတော့ ပျော်ရွှင်မှုဆိုတာဘာမှန်းမသိတော့တာပါပဲ။ လိုချင်တာအလွယ်လေးရနိုင်တဲ့ခေတ်မှာ သက်တောင့်သက်သာဖြစ်လွန်းတဲ့အရာတွေအတွက် လူတွေကလည်း အချိန်တွေပိုထွက်လာသလို အလုပ်တွေလည်းပိုလုပ်လာကြပါတယ်။ အဲဒီ့မှာ ပျော်ရွှင်မှုပျောက်ရတဲ့အကြောင်းရင်းတွေဖြစ်လာတော့တာပါပဲ။

၁) နည်းပညာကမ္ဘာထဲလည်ပတ်နေခြင်း
နည်းပညာတိုးတက်မှုဟာ ကြောက်စရာကောင်းလောက်အောင် တိုးတက်လာတဲ့အခါ ထိုနည်းပညာကိုပဲ လူတွေက အသုံးချနေရင်း လူတွေကိုယ်တိုင်ထိုနည်းပညာထဲမှာ အချိန်ပြည့်နစ်လာကြပါတယ်။ အချိန်ပြည့် ဖုန်းသုံးမယ်၊ လူမှုကွန်ရက်မှာရှိမယ်၊ အဝေးကလူတွေနဲ့လှမ်းစကားပြောဖို့သတိရပေမယ့် အနားကလူနဲ့တော့ ဖက်လှဲတကင်းမရှိတော့ပြန်ပါဘူး။ ကိုယ့်ရဲ့ကိုယ်လက်လှုပ်ရှားမှုမရှိတော့လောက်အောင် လက်တစ်ဝါးစာဖုန်းလေးထဲမှာ ကမ္ဘာပတ်နေကြပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အပြင် လူမှုကွန်ရက်ကိုစွဲလမ်းခြင်း၊ ဂိမ်းတွေကို စွဲလမ်းခြင်းဟာ လူငယ်တွေကို ညနက်ထိ အိပ်မပျော်နိုင်စေပါဘူး။ ညဘက်အိပ်မပျော်နိုင်ခြင်းဟာ စိတ်ကျခြင်းနဲ့ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျခြင်းတွေဖြစ်လာပါတယ်။ အဲဒီ့အခါ ပျော်ရွှင်ခြင်းကိုဘာမှန်းမသိနိုင်တော့ပါဘူးနော်။

၂) ငွေကြေးဖောင်းပွလာခြင်း
လိုချင်တဲ့ပစ္စည်းတွေကို မျက်စိပွင့်နားပွင့် မြင်လာတွေ့လာတော့ ဝယ်ချင်စိတ်ဖြစ်လာပါတယ်။ ဝယ်နိုင်သူတွေအတွက် လိုချင်စရာများလေ ငွေပိုကုန်လေဖြစ်ပြီး မဝယ်နိုင်သူတွေအတွက် စိတ်သောကရောက် စိတ်အားငယ်ရပြန်ပါတယ်။ လိုချင်ရာကိုရဖို့ ငွေကြေးဖောင်းပွမှုကြောင့် ငွေများများလိုချင်လေ အလုပ်ပိုလုပ်ရလေပါပဲ။ လိုချင်ရာနောက်ကိုလိုက်ပြီး အချိန်ပြည့် ငွေနောက်လိုက်တဲ့အခါ စွန့်လွှတ်ရတာတွေရှိလာပါတယ်။ ချွေးနဲ့ရင်းပြီးရှာတဲ့သူအတွက် အလုပ်ချိန်များပြီး အားလပ်ချိန်မရှိတော့ပါဘူး။ အလုပ်မကြိုးစားချင်ဘဲ အချောင်လိုချင်သူအတွက် ခန္ဓာကိုယ်ရင်းနှီးခြင်း၊ ကိုယ့်ကျင့်တရားဖောက်ဖျက်ခြင်း၊ မတရားမှုတွေ ၊ ရာဇဝတ်မှုတွေကို ပြုလုပ်ခြင်းစတဲ့ပြဿနာတွေတန်းစီလာပါတယ်။ အဲဒီ့အခါပျော်ရွှင်မှုပျောက်လာပါတယ်။

၃) ဒုစရိုက်ပေါလာခြင်း
လိုချင်တာများလာတဲ့အခါငွေများများလိုပါတယ်။ ငွေကိုအလုပ်များများလုပ်ရင်းရှာချင်စိတ်ရှိသူအတွက် ပိုပင်ပန်းသလို၊ ငွေကို အပင်ပန်းခံမရှာချင်တဲ့သူအတွက်တော့ လွယ်လွယ်ရဖို့ ဒုစရိုက်ကိုလွယ်လွယ်လုပ်လာကြပါတယ်။ ကိုယ်ချင်းစာနာစိတ်လည်းနည်းပါးလာပြီး ကိုယ့်အတ္တနဲ့ကိုယ်ဆန္ဒသာဦးစားပေးလာကြပါတယ်။ မကောင်းမှုဒုစရိုက်ကို ထမင်းစားရေသောက်လုပ်ရဲ့လာကြပါတယ်။ အဲဒါကလည်း ဘယ်လိုမှပျော်ရွှင်မှုမရနိုင်ဘဲ စိုးတထိတ်ထိတ်ဖြစ်စေတဲ့အကြောင်းရင်းပါပဲ။

၄) မူးယစ်ဆေးဝါးပြဿနာ
အရက်ဘီယာပေါလာခြင်း၊ ပွင့်လင်းလာခြင်း၊ ကမ္ဘာကြီးက ရွာကြီးဖြစ်လာတယ်ဆိုတာကြောင့် အရှေ့အနောက်လှမ်းကွာတဲ့နိုင်ငံတွေကို မြင်သာထင်သာရှိလာတဲ့အခါ အတုခိုးသင့်တာရှိသလို၊ အတုမခိုးသင့်တာလည်း ရှိပါတယ်။ ဒါပေမယ့် အသိဉာဏ်အင်အားနဲ့ ချင့်ချိန်နိုင်စွမ်းပညာအားနည်းတဲ့အခါ အတုမခိုးသင့်တာတွေကို အတုခိုးကြရင်း အရက်ဘီယာသောက်ခြင်းက ရေသောက်သလိုဖြစ်လာပါတယ်။ မူးယစ်ဆေးဝါး စိတ်ကြွဆေးတွေသုံးစွဲခြင်းက ပျော်ရွှင်မှုနဲ့ စိတ်ဓာတ်တက်ကြွမှုကိုရှာခြင်းလို့ ထင်မြင်ယူဆလာပါတယ်။ လမ်းလွဲလိုက်လေလေ ပိုပြီး စိတ်ဆင်းရဲမှုနွံ့မှာနစ်လေလေနဲ့ ပျော်ရွှင်မှုဆိုတာဘာမှန်းမသိတော့ပါဘူး ။
အထက်ကဖော်ပြထားတာကတော့ ယေဘုယျအကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မြန်မာပြည်မှာ အဖြစ်များဆုံး ပျော်ရွှင်မှုကင်းမဲ့ရတဲ့အကြောင်းရင်းတွေပါပဲ။ ထိုထဲက အချက်တွေနဲ့ကိုယ်နဲ့မငြိအောင် ကြိုးစားပြင်ဆင်နေထိုင်ရင်း သဘာဝကျကျပျော်ရွှင်တတ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။