မြန်မာ့ရာဇဝင်ထဲက အမျိုးသမီးသူရဲကောင်းများ
မြန်မာ့ရာဇဝင်ထဲက အမျိုးသမီးသူရဲကောင်းများ
လူထုဒေါ်အမာ (၁၉၁၅ - ၂၀၀၈) တက္ကသိုလ်သပိတ်မှောက်ကျောင်းသူ၊ စာရေးဆရာမ၊ သတင်းစာအယ်ဒီတာ၊ ပုံနှိပ်ထုတ်ဝေသူ စသောဂုဏ်ပုဒ်တွေအမျိုးမျိုးနှင့် လူထုဒေါ်အမာကို တိုင်းပြည်က သိကြပါသည်။ ဒေါ်အမာသည် မန္တလေးမြို့ ကုန်သည်ကြီး ဦးတင်နှင့် ဒေါ်စုတို့၏ မွေးချင်း ၁၂ယောက်အနက် စတုတ္တသမီးဖြစ်သည်။ ၁၉၁၅ခုနှစ် နိုဝင်ဘာလ ၂၉ရက်တွင် မွေးဖွားခဲ့ပြီး မိဘမျိုးရိုးမှာ စာပေနှင့် နိုင်ငံရေးနယ်ပယ်မှာ ကျက်စားသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ၁၉၃၆ခုနစ်တွင် သပိတ်မှောက်ကျောင်းသူအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး ကျောင်းသူဘဝနှင့်ပင် ကြီးပွားရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့တွင် ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ၁၉၃၈ခုနှစ်တွင် ပထမဆုံးဘာသာပြန်ဖြစ်သည့် “မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ” စာအုပ်ကိုထုတ်ဝေခဲ့သည်။ ထိုစာအုပ်ကို ညွှန်ပြသူမှာ ဆရာကြီးဦးရာဇာတ်ပင်ဖြစ်သည်။ ထိုစာအုပ်မှာ အလွန်အရောင်းသွက်ခဲ့သည်။ ၁၉၃၉ခုနှစ်တွင် ကြီးပွားရေးဦးလှနှင့်အိမ်ထောင်ပြုပြီး ဦးလှမှာ ကြီးပွားရေးတိုက်ကို မန္တလေးသို့ပြောင်းရွေ့လာခဲ့သည်။ စစ်အပြီးမှာ ၁၉၄၅ခုနှစ်တွင် လူထုဂျာနယ်နှင့် ၁၉၄၆တွင် လူထုသတင်းစာကို ထုတ်ဝေနိုင်ခဲ့ကြသည်။ ဒေါ်အမာသည် သတင်းစာလုပ်ငန်းလုပ်ရင်းနှင့်လည်း စာအုပ်အများအပြားရေး၍ ဘာသာပြန်ခဲ့သည်။ ဘာသာပြန်အဖြစ် သက်တန့်ရောင်ကို စစ်ပြီးစတွင် “Allied Forces” မဟာမိတ်များဖတ်ဖို့ စာအုပ်တွေဖြန့်ဖြူးသည့်အထဲမှ “The Rainbow by Wundawase Luisea” ဆိုသော စတာလင်ဆုရစာအုပ်ကို အိန္ဒိယမှလာသော မိတ်ဆွေတစ်ဦးထံမှရ၍ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနှင့်ပင် အပြီးသတ်ဘာသာပြန်ခဲ့လေသည်။ လူထုသတင်းစာတွင်“လှုပ်ရှားနေသော ကမ္ဘာ့ရေးရာများ” ကဏ္ဍဖွင့်ထားပြီး နိုင်ငံရေးအမြင်ဖြင့် တင်ပြရေးသားခဲ့သည်။ ဒေါ်အမာရဲ့စာအုပ်များအနက် ၁၉၆၄ခုနှစ်၊ မေလတွင် ရေးသားပြီး စာပေဗိမာန်ဆုရခဲ့သော “ပြည်သူချစ်သောအနုပညာသည်များ” စာအုပ်၊ ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလတွင်ရေးသားသော အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး၊ ၁၉၇၀ခုနှစ်တွင်ရေးသားသော ရွှေမန်းတင်မောင်၊ ရွှေရိုး၊ ဦးဘကလေး (ပ၊ဒု) ရွှေတလေးကာတွန်းနှင့် အငြိမ့်(ပ၊ဒု)တို့မှာ ရောင်းမလောက်အောင်စွံသော အဖိုးတန်စာအုပ်များဖြစ်သည်။ စကားပြောဟန်နှင့် စာရေးသားပုံစံကို ဒေါ်အမာကျင့်သုံးလာခဲ့သည်မှာ ၁၉၅၄ခုနှစ်က သတင်းစာဆရာအာချီဂျွန်စတုန်း၏ In The name of Peace ကို ငြိမ်းချမ်းရေးသို့ အမည်နှင့် ဘာသာပြန်စဉ်ကပင် စတင်ခဲ့သည်ဟု သိရသည်။ ၎င်းပုံစံကို စာဖတ်ပရိသတ်တော်တော်များများ နှစ်ခြိုက်လက်ခံခဲ့ကြသည်။ ထို့ပြင် “Wrightmills” ၏ “Listen Yankees” ကို ၁၉၆၂ခုနှစ်တွင် “အိုယန်ကီးတို့” ဟူ၍ စကားပြောဟန်နှင့် ရေးခဲ့သည်ကိုလည်း စာဖတ်ပရိသတ်က နှစ်သက်ခဲ့ကြသည်။ ၁၉၅၃ခုနှစ်က ကမ္ဘာ့ဒီမိုကရက်တစ်အမျိုးသမီးညီလာခံကျင်းပရာ ဒိန်းမတ်ပြည်၊ ကိုပင်ဟေဂင်မြို့သို့ တက်ရောက်ခဲ့သည်။ အပြန်တွင် ရူးမေးနီးယားပြည် ဘူခါရက်စ်မြို့ ကမ္ဘာ့လူငယ်ပွဲတော်နှင့် ပိုလန်ငြိမ်းချမ်းရေးအဖွဲ့က ပြုလုပ်သော ကိုပါညီးကပ်စပ် အနှစ်၄၀၀ပွဲအပြင် ဝါဆော၊ ဟန်ဂေရီ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဖရင့်သို့လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သခင်ချစ်မောင်တို့နှင့်အတူတက်ရောက်ခဲ့သည်။ တစ်ဆက်တည်းပင် ချက်ကိုဆလိုဗားကီးယားနှင့် အရှေ့ဂျာမနီတရုြတ်ပည်များသို့လည်း ရောက်ခဲ့ရသည်။ ၁၉၆၂ခုနှစ်တွင် အဲရိုးဖလုတ်နှင့် ရန်ကုန်မော်စကို လေလမ်းဖွင့်ပွဲဖိတ်ကြား၍ ဂါးဒီးယန်းဦးစိန်ဝင်းနှင့် ဒေါ်အမာတို့ သတင်းစာဆရာနှစ်ဦးလိုက်ပါသွားခဲ့ကြသည်။ သို့သော ကျူးဘားသို့ ဆက်မည်ပြုစဉ် အစိုးရ ပြောင်းလဲဖြစ်၍ ပြန်ခဲ့ရလေသည်။ ဒေါ်အမာ၏ “ရွှေဒေါင်းတောင် ဆောင်းပါများ” မှာ ဈေးကွက်တွင်အရောင်းသွက်ခဲ့သည်။ ဒေါ်အမာနှင့် ဦးလှတို့တွင် သားသမီးငါးယောက်ထွန်းကားခဲ့သည်။ ဒေါ်အမာသည် နာရီ၊ စက္ကန့်အချိန်တိုင်းတွင် စာပေလုပ်ငန်း၊ နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ပေးခဲ့သည့်အတွက် မြန်မာပြည်သူတော်တော်များများ၏စိတ်ထဲတွင် ယနေ့တိုင်လူထုဒေါ်အမာကို စွဲထင်ကျန်ရစ်နေပါသေးသည်။ လူထုဒေါ်အမာသည် ၂၀၀၈ ခုနှစ် ဧပြီ ၇ရက်တွင် အသက် ၉၃နှစ်အရွယ်တွင် မန္တလေးမြို့တွင် ကွယ်လွန်သွားခဲ့ပါသည်။
နောက်တစ်ပုံဒီးဒုတ်ဒေါ်လှမေ (ဒီးဒုတ်ဦးဘချိုရဲ့ဇနီး) ၁၈၉၁ - ၁၉၇၄ ဒီးဒုတ်ဒေါ်လှမေသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ဒေါ်မမကြီး လယ်ယာသုံးစက်ပစ္စည်းလုပ်ငန်း၏ တတိယမြောက်သမီးဖြစ်ပါသည်။ ငယ်စဉ်ကပင် မျိုးချစ်စိတ်ထက်သန်သူတစ်ဦးလည်းဖြစ်ပြီး အပျို ဘဝမှာကတည်းက နိုင်ငံရေးလုပ်ခဲ့သူဖြစ်ပါသည်။ ပုသိမ်ကွန်ဖရင့်တွင် “ဘိက္ခူ ရှိက ဘိက္ခူနီမ ရှိ၍ ဘုရင်ရှိက မိဖုရားရှိသည့်နည်းတူ အမျိုးသမီးများ အသင်းလည်း ရှိသင့်ကြောင်း” အဆိုတင်သွားခဲ့သူဖြစ်သည်။ ဒေါ်လှမေသည် ဆရာဦးဘချိုနဲ့လက်ထပ်ပြီး ဟင်္သာတကိုလိုက်ပါနေထိုင်ခဲ့သည်။ ဦးဘချိုမှာ ပေါင်းတည်အစိုးရကျောင်းမှာ ဆရာလုပ်ခဲ့ပြီး ဟင်္သာတတွင် ပါဠိဆရာအဖြစ်မှ ပညာအုပ်ရာထူးရရှိခဲ့သည်။ သုစရိတ္တယုဝအသင်းကိုလည်း တည်ထောင်ခဲ့သည်။ ၁၉၂၀တွင်မူ တက်ကြွသော မျိုးချစ်တပ်ဦးအနေနဲ့ ပါဝင်ခဲ့ပြီး ဒုကျောင်းအုပ်အဖြစ်နဲ့ အမျိုးသားကောလိပ်တွင် ဆရာလွန်းကြီးနဲ့အတူ စာပေပို့ချခဲ့သည်။ ၁၉၂၅ခုနစ် အမျိုးသားကောလိပ်ပျက်သည့်နောက် ၁၉၃၀တွင် ဒီးဒုတ်ဂျာနယ်ကို ထုတ်ဝေခဲ့သည်။ ဒီးဒုတ်ဂျာနယ်မှာ နိုင်ငံအကျိုးပြုစာစောင်ဖြစ်သည်။ ဒီးဒုတ်ဦးဘချိုသည် နိုင်ငံရေးစိတ်ဓာတ်ကြောင့် အစိုးရဝန်ထမ်းပညာအုပ်ဘဝမှထွက်ပြီး ဒီးဒုတ်ဂျာနယ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ စာရေးဆရာအသင်း၏ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ဒေါ်လှမေမှာလည်း နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးအသင်းများမှာ ပါဝင်လှုပ်ရှားခဲ့သည်။ ဒေါ်လှမေသည် ဆရာကြီးရွှေဥဒေါင်း၏ဇနီး ဒေါ်ငွေစိုးနှင့်လည်း နိုင်ငံရေးလုပ်ခဲ့သည်ဟုဆိုသည်။ အမျိုးသမီးများအသင်း ဒေါ်လှမေတို့အဖွဲ့ဝင်များမှာ သပိတ်သမားများကို စုစည်းပြီ အတွင်းဝန်ရုံးသို့ ချီတက်လာခဲ့သူများဖြစ်ကြသည်။ ဒေါ်လှမေ ဥက္ကဌဖြစ်ပြီး စမ်းချောင်းဒေါ်လှခင်မှာ အတွင်းရေးမှူးဖြစ်ခဲ့သည်။ ဗိုလ်အောင်ကျော်အရေးအခင်းပြီးသည့်နောက် အမျိုးသမီးအသင်းအားနည်းသွားသည့်အခါ ခေါင်းဆောင်မည့်သူများလိုအပ်နေသဖြင့် ဒေါ်လှမေတို့ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့သည် အလံကိုင်ကာ ပုဇွန်တောင်ပန်းခြံသို့ ချီတက်လာခဲ့ကြသည်။ ထိုအခါ ဂျူဗလီဟောအရှေ့မှ ဟန့်တားခြင်းခံရသော်လည်း နောက်မဆုတ်ဘဲ ငါးယောက်တစ်တန်းဆီ ချီတက်ဆန္ဒပြခဲ့ကြသည်။ သမီးလေးယောက်ထွန်းကားခဲ့ပြီး ဦးဘချို၊ ဒေါ်လှမေတို့နှင့်အတူ သမီးလေးယောက်လုံး သပိတ်မှောက်ရာမှာ ပါဝင်ခဲ့သည်။ အမျိုးသမီးခေါင်းဆောင်ကြီးဒေါ်လှမေသည် ဇွန်လ ၁၂ရက် ၁၉၇၄ခုနစ်တွင် သမီးငယ် ဒေါ်ခင်ခင်ဦး အိမ်မှာ ကွယ်လွန်ခဲ့သည်။
နောက်တစ်ပုံဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် (၁၉၁၂ - ၁၉၈၈) ၁၉၁၂၊ ဧပြီ ၁၆ရက်တွင် မြစ်ဝကျွန်းပေါ်ဒေသ မြောင်းမြမြို့တွင် မွေးဖွားသည်။ မွေးချင်း ၁၀ယောက်တွင် အဋ္ဌမမြောက်ဖြစ်သည်။ မြောင်းမြမြို့တွင် ၇တန်းထိ ပညာသင်ကြားခဲ့သည်။ ရန်ကုန်ကြည့်မြင့်တိုင် အေဘီအမ် မိန်းကလေးကျောင်းမှ ၁၀ တန်းအောင်ခဲ့သည်။ မော်လမြိုင်အေဘီအမ်ကျောင်း (မော်တင်လိန်း ဆရာဖြစ်ကျောင်း) မှ မူလတန်းဆရာဖြစ်လက်မှတ်ရသည်။ မြောင်းမြအမျိုးသားအထက်တန်းကျောင်းတွင် စေတနာ့ဆရာမအဖြစ် နှစ်အတန်ကြာဆောင်ရွက်သည်။ ထို့နောက် ဝါသနာအရ ရန်ကုန်မြို့ဒပ်ဖရင်ဆေးရုံ (ဗဟိုအမျိုးသမီးဆေးရုံကြီး)တွင် သားဖွားဆရာမသင်တန်း၊ ရန်ကုန်ဆေးရုံကြီးတွင် သူနာပြုဆရာမသင်တန်းများတက်ရောက်ခဲ့သည်။ စစ်မဖြစ်မီ ရန်ကုန်ဆေးရုံကြီးတွင် သူနာပြုအဖြစ် အမှုထမ်းသည်။ ၁၉၄၁ခုနစ်၊ ဒီဇင်ဘာ ၂၃ရက်တွင် ရန်ကုန်မြို့ဗုံးချခံရပြီး ဒဏ်ရာရလူနာများအား ကာလကတ္တားသို့ ပို့ဆောင်ရေးတွင် သူနာပြုအဖြစ် စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ခုနစ်တွင် ရန်ကုန်မြို့ ဂေအရာကုန်းခြေ ဒိုင်အိုစီဇင် မိန်းကလေးကျောင်းတွင် ဒေါက်တာဘသန်းဦးဆောင်၍ ဆေးရုံဖွင့်လှစ်သည်။ ထိုဘီဒီအေဆေးရုံတွင် အစ်မဖြစ်သူ မခင်ကြီးနှင့်အတူ သူနာပြုအဖြစ် အစောဆုံးဆောင်ရွက်သည်။ ရန်ကုန်ဆေးရုံကြီးကို ဂျပန်များတပ်စွဲထားရာ ဘီဒီအေဆေးရုံသည် ဒေါက်တာဘမော်အုပ်ချုပ်ရေးခေတ်တွင် ရန်ကုန်ဆေးရုံကြီးဖြစ်လာသည်။ သူနာပြုချုပ်အဖြစ် အမှုထမ်းနေစဉ်တွင် ဘီဒီအေစစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း ဆေးရုံလာတက်ရာမှ တွေ့ဆုံခဲ့သည်။ ၁၉၄၂ခုနစ် စက်တင်ဘာလ ၆ရက်နေ့တွင် ဗိုလ်ချုပ်နဲ့လက်ထပ်ခဲ့သည်။ လက်ထပ်ပြီးနောက် သူနာပြုအလုပ်မှ နုတ်ထွက်ကာ အိမ်ရှင်မတာဝန်ထမ်းဆောင်သည်။ ၁၉၄၇ခုနစ် ဇူလိုင်၁၉ရက်တွင် ဗိုလ်ချုပ်နှင့် လုပ်ဖော်ကိုင်ဖက်ဝန်ကြီးများ ကျဆုံးခဲ့ရာ ဖဆပလအဖွဲ့ချုပ်၏ဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်၏ပါလီမန်အမတ်နေရာတွင် ဝင်ရောက်ရွေးချယ်ခံသည်။ ၁၉၄၇ခုနစ် သြဂုတ်လ ၂ရက်နေ့တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်သည် အဓိဋ္ဌာန်ပြုချက်နှင့် လူထုပန်ကြားလွှာကို ထုတ်ပြန်ခဲ့သည်။ ၁၉၄၇ - ၅၃ ခုနစ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ညွှန်ကြားရေးဝန်၊ ၁၉၅၃ - ၅၈တွင် လူမှုဝန်ထမ်းစီမံကိန်းကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုသို့တာဝန်ထမ်းဆောင်နေစဉ် ပြည်ထောင်စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီ ဥက္ကဌ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကောင်စီဥက္ကဌ၊ ကျန်းမာရေးနှင့် ပြည်ရေးပြည်ရာအဖွဲ့ဥက္ကဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသမီးအသင်းများကောင်စီ ဥက္ကဌ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန့်ပွားရေးအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသမီး ကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံ သူနာတင်ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး၊ ရာမာခရစ်ရှ်နာ သာသနာပြုဆေးရုံနှင့် စာကြည့်တိုက် ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံရသည်။ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများထမ်းဆောင်နေစသ် ၁၉၄၉ခုနစ်တွင် နယူးဒေလီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာညီလာခံ၊ ၁၉၅၀ပြည့်နှစ်တွင် ကိုလံဘို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာ ညီလာခံများကို မြန်မာကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်တက်ရောက်ခဲ့သည်။ ကိုလံဘိုညီလာခံတွင် ညီလာခံသဘာပတိအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခံရသည်။ ၁၉၅၁၊ ၁၉၅၂ ခုနစ်များတွင် ဂျီနီဗာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံများကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်တက်ရောက်၍ အနောက်ဥရောပ၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ လေ့လာရေးခရီးများ သွားရောက်ခဲ့ပါသည်။ ၁၉၅၁ခုနစ်တွင် အစိုးရက “မဟာသီရိသုဓမ္မ”ဘွဲ့၊ ၁၉၅၅ခုနစ်တွင် ယူဂိုဆလားဗီးယားနိုင်ငံက “ယူဂိုဆလပ်ကြယ်တာရာ” ဘွဲ့(ဒုတိယအဆင့်)၊ ထိုင်းနိုင်ငံက “နိုဘယ်အော်ဒါ” ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့သည်။ ၁၉၆၀ခုနှစ် မေလ၁၉ရက်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခံရပါသည်။ မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့် ယနေ့အချိန်ထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်းတင်ခံရပါသည်။ ၁၉၆၇ခုနစ်တွင် သံအမတ်ကြီးရာထူးမှ အငြိမ်းစားယူခဲ့ပါသည်။
နောက်တစ်ပုံဒေါ်ခင်မျိုးချစ် (၁၉၁၅ - ၁၉၉၉) ဒေါ်ခင်မျိုးချစ်ကို ၁၉၁၅ခုနှစ်တွင် မွေးဖွားခဲ့သည်။ တက္ကသိုလ်ကျောင်းသူဘဝက ရေးသောဆောင်းပါးများမှာ နိုင်ငံရေးအမြင်ပါသောကြောင့် နက်နဲသော အသွင်ကိုဆောင်သည်။ မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာမက စာရေးဆရာ၊ သတင်းစာဆရာ၊ အတွေ့အကြုံရှိသူ စကားရည်လုပွဲများ အကြိမ်ကြိမ်ဟောပြောခဲ့သူ အသံလွှင့်ဟောပြောခဲ့သူအဖြစ် သိကြရပါသည်။ ၁၉၃၃ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်းတွင် လည်းကောင်း၊ ၁၉၃၇ခုနှစ်တွင် တိုးတက်ရေးနှင့် ဘားမားဂျာနယ်တွင်လည်းကောင်း၊ ပင်တိုင်ဆောင်းပါးရှင်အဖြစ်လည်းကောင်း၊ အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဒေါ်ခင်မျိုးချစ်သည် တက္ကသိုလ်မှထွက်ပြီးနောက် အင်္ဂလိပ်ဘာသာရပ်ကို အထူးလေ့လာလိုက်စားခဲ့သည်။ အင်္ဂလိပ် - ပြင်သစ် စာရေးဆရာကြီးများ၏ စာပေများကို ဖတ်ရှုလေ့လာပြီး ဘာသာပြန်ဆောင်းပါးများ ရေးသားခဲ့သည်။ အင်္ဂလိပ်စာပေကို ဖတ်ရှုရေးသားလိုက်စားရင်း ၁၉၅၂ခုနှစ်တွင် ဒီဂရီရယူခဲ့ပြီး ဝတ္ထုတိုများ အဆက်မပြတ်ရေးသားခဲ့လေသည်။ အင်္ဂလိပ်ဘာသာနှင့် ဒေါ်ခင်မျိုးချစ်ရေးသော ပထမဆုံးစာပေမှာ ဆယ့်သုံးရတီစိန်ကြီးခေါ် (Thirteen Karat Diamond) ဖြစ်ပြီး အရှေ့တိုင်းဝတ္ထုပုံပြင် ငါးဆယ်ထဲတွင် ပါဝင်ခဲ့သည်။ Bantan Classics ကိုလည်း အမေရိကန်တွင် ပုံနှိပ်ခဲ့သည်။ ဒဂုန်မဂ္ဂဇင်းမှာလည်း ဆောင်းပါးများရေးခဲ့သည်။ တိုင်းရင်းသူဂျာနယ်တွင် စာဖတ်ချင်သူများကို လမ်းညွှန်ပေးခဲ့ပြီး အကြံဉာဏ်တောင်းစာများကို ဖြေရှင်းပေးခဲ့သည်။ စစ်ကြိုခေတ်ကလည်း အမျိုးသမီးများ၏အိမ်ထောင်ရေးကို မဏ္ဍိုင်ထား၍ စာနယ်ဇင်းအစောင်စောင်မှာ ဆောင်းပါးများရေးခဲ့သည်။ တက္ကသိုလ်ကျောင်းသူဝတ္ထုမှာ လူကြိုက်များခဲ့၏။ မောင်တို့ယောကျ်ားစာအုပ်မှာလည်း ထိုခေတ်က ကျော်ကြားခဲ့သည်။ ဒီးဒုတ်ဂျာနယ်မှာ အမျိုးသားဆောင်းပါးများရေးသားခဲ့သည်။ အနော်ရထာအော့ဖ်ဘားမား စာအုပ်မှာ ဒေါ်ခင်မျိုးချစ်၏အအောင်မြင်ဆုံး လက်ရာတစ်ခုဖြစ်သည်။ ဒီးဒုတ်ဒေါ်လှမေ ဦးဆောင်သော ဝံသာနုအမျိုးသမီးအသင်းတွင် ဒေါ်ခင်မျိုးချစ်သည် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည်။ ဦးဥတ္တမကို ဖမ်းစဉ်ကလည်း တိုက်ရိုက်မြင်းတိုက်ခံပြီး အတွင်းဝန်ရုံးမှာလည်း ပုလိပ်အရိုက်ခံ၍ ပါဝင်ခဲ့သည်။ ၁၉၃၈ခုနှစ်တွင် ကျောင်းသားသပိတ်တွင်လည်း ဒေါ်ခင်မျိုးချစ်သည် ရှေ့ဆုံးမှ အလံကိုင်ကာ ချီတက်ခဲ့ပြီး အတွင်းဝန်ရုံအနီးတွင် ပုလိပ်ရိုက်၍လဲကျသွားခဲ့ရသည်။ သပိတ်စခန်းရှိရာသို့လည်း ဒေါ်လှမေနှင့်အတူ ဆေးဝါးများ သွားရောက်ဝေငှခဲ့ကြောင်း၊ ၁၉၃၉ခုနှစ် ဇန်နဝါရီ ၂၈ရက်အလယ်ပစ္စယံ အစည်းအဝေးတွင် ၉၁ဌာနအုပ်ချုပ်ရေးဖြုတ်ချရန်နှင့် နိုင်ငံခြားကုန်များ သပိတ်မှောက်ရန် အသက်စွန့်၍ တိုက်ဖျက်ရန် စသည်များကို အဆိုသွင်းခဲ့သည်။ ထို့ပြင် ရာထူးမယူရန်နှင့် မဲမပေးရန် အိမ်ပေါက်စေ့မေတ္တာရပ်ခံခဲ့သည်။ နိုင်ငံရေးလှုပ်ရှားမှုများ တက်ကြွစွာပါဝင်ခဲ့ပြီး အင်္ဂလိပ် - မြန်မာနှစ်ဘာသာလုံးတွင် ကျော်ကြားသော သတင်းစာဆရာ၊ မျိုးချစ်ခေါင်းဆောင် နှင့် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်မှာ မြန်မာအမျိုးသမီးသူရဲကောင်းတစ်ဦးပင်ဖြစ်ပါတော့သည်။
နောက်တစ်ပုံဂျာနယ်ကျော်မမလေး (၁၉၁၇ - ၁၉၈၂) ဂျာနယ်ကျော်မမလေးသည် ရသစာပေရေးသားသော စာရေးဆရာမကြီးဖြစ်ပြီး ထက်မြက်သောနိုင်ငံရေးအမြင်ရှိသူလည်းဖြစ်သည်။ ၁၉၁၇ခုနှစ် ဧပြီ ၁၃ရက်တွင် ဘိုကလေးမြို့နယ်၊ ကမာကလူကျေးရွာတွင် မွေးဖွားခဲ့သည်။ ဘိုကလေးမြို့၊ တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးနှင့် တက်ခေတ်အမျိုးသမီးဥက္ကဌပီပီ မြစ်ဝကျွန်းပေါ်တစ်လျှောက် အရင်းရှင်သွေးစုပ်မှုများအကြောင်း ဟောပြောခဲ့သူဖြစ်သည်။ အမျိုးသမီးနိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ သခင်မဒေါ်တင်လှိုင်၏ ဟောပြောချက်များမှာ တစ်ချိန်က အာဏာပိုင်တို့ စောင့်ကြည့်နားထောင်ရသည်အထိဖြစ်သည်။ သူ့ဘဝအကြောင်းနှင့် သူ့ပတ်ဝန်းကျင်သာမက အမျိုးသမီးများ၏ အိမ်ထောင်ရေး၊ ကိုယ်လက်ကြံ့ခိုင်ရေး၊ အမျိုးသားများ၏အထင်သေးမှုများ၊ ဆင်းရဲသားများ၏ဘဝများ၊ သူပုန်များအား အလင်းဝင်ရန် တိုက်တွန်းချက်၊ မုဆိုးမဘဝ၏သိမ်ငယ်ပုံ၊ ပြည်ထောင်စုနေ့အတွေ့အကြုံဆောင်းပါးဝတ္ထုများအပြင် တိုင်းရင်းမြန်မာဆေးပညာပေး ထက်မြက်ပုံ ဆောင်းပါးများကို လေ့လာပြီး ရေးသားပြုစုခဲ့သူဖြစ်သည်။ သူ၏ကလောင်ခွဲများမှာ ဘိုကလေးမတင်လှိုင်၊ လှတခိုင်၊ ရဝေလှိုှုင်၊ ဂျာနယ်ကျော်မမလေး တို့ဖြစ်သည်။ ၁၉၃၇ခုနှစ်တွင် ဂျာနယ်ကျော်ဦးချစ်မောင်နှင့်လက်ထပ်ခဲ့သည်။ ခင်ပွန်းဖြစ်သူဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းကို “သူလိုလူ” စာအုပ်ဖြင့်ရေးသားဖော်ပြခဲ့သည်။ ဖန်အုပ်ဆောင်းထဲက နှင်းဆီပန်း မျက်နှာဖုံးကလေးနှင့်၁၉၅၅ခုနှစ်တွင်ရေးသော “မုန်း၍မဟူ” ဝတ္ထုရှည်မှာ စာပေဗိမာန်ဆုရရှိခဲ့ပြီး ဝတ္ထုတိုပေါင်းချုပ်ကို ရှုမငြီးအမည်ဖြင့် ပထမအကြိမ်ထုတ်ဝေခဲ့သည်။ ၁၉၆၃ခုနှစ်တွင် “တွေးတစိမ့်စိမ့်” ကို ဝတ္ထုတိုပေါင်းချုပ်ဆုအဖြစ် ရရှိခဲ့လေသည်။ ရင်မှတစ်ရှိုက်၊ ရင်နင့်အောင်မွှေး၊ သွေး ဝတ္ထုများမှာလည်း လူကြိုက်များသောစာအုပ်များဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာပြည်)၏ ဥက္ကဌအဖြစ်လည်းကောင်း၊ စာပေကလပ်၏လူကြီးအဖြစ်လည်းကောင်း၊ စာရေးဆရာ အသင်းဥက္ကဌနှင့် ရာသက်ပန်အသင်းသားအဖြစ်လည်းကောင်း၊ အမျိုးသမီးကလောင်ရှင်အဖွဲ့၏ အမှုဆောင်လူကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ယဉ်ကျေးမှုကော်မရှင်နှင့် တရုတ်ပြည်၊ ရုရှားပြည်သို့လည်းကောင်း၊ အာရှတိုက် စာရေးဆရာများကွန်ဖရင့် (နယူးဒေလီ)၊ အနုမြူဆန့်ကျင်ရေးကွန်ဖရင့် ကိုယ်စားလှယ်အဖြစ် ဂျပန်ပြည်သို့ လည်းကောင်းရောက်ခဲ့ပြီး ၊ သွေးဝတ္ထုအတွက် ဂျပန်ပြည်သို့ ဂုဏ်ပြုဖိတ်ကြားခြင်းလည်း ခံခဲ့ရသည်။ ခင်ပွန်းဖြစ်သူဆုံးပါးပြီးနောက် ဂျာနယ်ကျော်မမလေးသည် ဂျာနယ်ကျော်သတင်းစာတိုက်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ခင်ပွန်းဆုံးပြီးနောက် သမီးငယ်ကလည်း ခြေမသန်ရောဂါဖြစ်ရသည့်အတွက် မြန်မာဆေးနှင့်ကုလိုစိတ်ဖြစ်ပေါ်ကာ မြန်မာဆေးပညာ နေလဝိဇ္ဇာနည်းကို လေ့လာဆည်းပူးခဲ့သည်။ မြန်မာဆေးပညာကိုလည်း ၁၅နှစ်ကြာလေ့လာပြီးနောက် ဆေးပညာဆောင်းပါတွေကို ရှုမဝ၊ သွေးသောက်တွင် ရေးခဲ့သည်။ မြန်မာဆေးပညာကို အထင်သေးသူများကို ရှင်းလင်းတင်ပြရေးသားခဲ့သည်။ သီဟရတနာပုံနှိပ်တိုက်တွင် ဝေဒနာရှင်များကို ကုသပေးခဲ့ပြီး ၁၉၇၁ခု ဇူလိုင်လတွင် ကျင်းပခဲ့သော အထ္ထုပတ္တိဆွေးနွေးပွဲတွင် စာပေအနုပညာရှင်အနေဖြင့် ဆန္ဒယူပွဲတွင် ပါဝင်လှုပ်ရှားခဲ့ည်။ ၁၉၇၃ခုနှစ် နိုဝင်ဘာ ၁၆ရက်တွင် ဦးချစ်မောင်စုဆောင်းခဲ့သော စာအုပ်ပေါင်း ၁၁၇၆အုပ်ကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ လှူဒါန်းခဲ့ရာ အလွန်ရှားပါတန်ဖိုးကြီးသောစာအုပ်များပါဝင်ခဲ့သည်။ ဂျာနယ်ကျော်မမလေးသည် ၁၉၈၂ခု ဧပြီ ၆ရက် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့ပါသည်။ ဆရာမကြီး ဂျာနယ်ကျော်မမလေးသည် ကွယ်လွန်သွားသော်လည်း သူမ၏ စာပေများမှာ ထိုခေတ်ထိုအခါက ခေတ်ပုံရိပ်ကို အထင်သားလေ့လာနိုင်သလို၊ နောင်လာနောင်သားတွေလက်ထက်ထိ ထင်ရှားနေဆဲပင်ဖြစ်ပါသည်။