အကြပ်အတည်းတွေက သင့်အနားမှာကျန်ခဲ့မယ့်သူတွေကို စစ်ထုတ်ပေးလိုက်တာပါ။ ဘယ်သူကသင့်အနားကျန်မလဲဆိုတာ သိလိုက်ရတဲ့အတွက် အမြတ်ပါပဲ။
ဘဝမှာ ဒုက္ခဆိုတာ ကြုံဖူးမှ လူပီသမှာဆိုတဲ့စကားကို ထောက်ခံပါသလား။ သင်ကသာမသိလို့ပါ၊ လူတိုင်းက ဒုက္ခတစ်မျိုးမဟုတ်တစ်မျိုးတော့ ရင်ဆိုင်နေကြတဲ့လူတွေချည်းပါပဲ။ သင့်ထက်အများကြီး အဆင်ပြေနေတယ်လို့ထင်ရတဲ့လူကလည်း သူ့အတိုင်းအထွာနဲ့သူ အကြပ်အတည်းရှိနေကြတာပါပဲ။ ဒုက္ခရယ်ကြုံရပြန်တာပါပဲ။ အဲဒါကြောင့် ငါမှာမှ ဒုက္ခတွေများလှချည်ရဲလို့တွေးမိနေရင် “လူတိုင်းမတူညီတဲ့ ဒုက္ခကိုရင်ဆိုင်နေကြတာချည်းပဲလို့ဖြေတွေးလိုက်ပါနော်။
အခက်အခဲ၊ အကြပ်အတည်းနဲ့ရင်ဆိုင်ရတဲ့အခါ ကိုယ့်ရဲ့စိတ်ကအဓိကပါပဲ။ “ကိုယ့်ကို ဘယ်သူများ လာကယ်မှာပါလိမ့်မယ်” လို့တွေးနေမယ့်အစား ကိုယ်တိုင်က ကိုယ်လုပ်နိုင်တာဘာရှိသလဲ” ဆိုတဲ့အတေါးမျိုးတွေးပြီး ကိုယ်လုပ်နိုင်တာကိုသာ အကောင်းဆုံးလုပ်ထားဖို့ အာရုံစိုက်ရမှာဖြစ်ပါတယ်။ အဲဒါမှသာ အဆိုးဆုံးရင်ဆိုင်ရရင်တောင် အကောင်းဆုံးပြင်ဆင်ထားနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဘယ်သူကလာကယ်မလဲဆိုတာကိုသာမျှော်လင့်နေမယ်ဆိုရင် ကိုယ်လုပ်နိုင်တာတွေကိုလည်း လုပ်ထားဖို့ အချိန်အလကားကုန်သွားပါလိမ့်မယ်။ လူတွေရဲ့သဘောအရ လူတိုင်း ပြဿနာ၊ ဒုက္ခတစ်မျိုးမျိုးရင်ဆိုင်နေရတာမို့ ကိုယ့်အတွက် ကူညီချင်ရင်တောင် မကူညီနိုင်တာမျိုး၊ မဖြစ်နိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီ့ထဲကမှ လုံးဝကို ကိုယ့်ဘေးကနေ ရှောင်ထွက်သွားတဲ့လူနဲ့၊ မဖြစ်ဖြစ်တဲ့အခြေအနေကြားကနေ အတတ်နိုင်ဆုံး တတ်နိုင်တာလေးနဲ့ ကူညီမယ့်သူရယ်ဆိုပြီး ကွဲပြားသွားပါလိမ့်မယ်။ အဲဒါသည်သာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ ကိုယ်ရလာမယ့်အမြတ်ပါ။
ဘယ်သူ့ဆီကမှ အကူညီရနိုင်တယ်လို့ မျှော်လင့်မထားဘဲ ကိုယ့်အတွက် ကိုယ်လုပ်နိုင်တာကိုသာ အကောင်းဆုံး ပြင်ဆင်ထားလိုက်ပါ။ အဲဒီ့အခြေအနေကြားမှာမှ ကိုယ့်အတွက်ရှိနေပေးသူကို တန်ဖိုးထားပါ။ အဲဒါသည်သာ လူ့ဘဝရဲ့အမြတ်ဖြစ်ပါတယ်။ “Hard time will always reveal true friends” ဘဝရဲ့ခက်ခဲတဲ့အချိန်တွေတိုင်းမှာ စစ်မှန်တဲ့သူတွေသာ ကိုယ့်အနားမှာ ကျန်ခဲ့တာအမြတ်ပါ။ ပုံပြင်လေးတစ်ပုဒ်ကြားဖူးကြမှာပါ။ ခရီးထွက်လာရင်း တောထဲကိုဖြတ်ရတဲ့ သူငယ်ချင်း ၂ယောက်ဟာ ဝက်ဝံတစ်ကောင်နဲ့ရင်ဆိုင်ရတဲ့အခါ ပထမသူငယ်ချင်းဟာ ဒုတိယသူငယ်ချင်းကိုထားခဲ့ပြီး သစ်ပင်ပေါ််််တက် ထွက်ပြေးပါတယ်တဲ့။ ဝက်ဝံကြီးအနားကိုမရောက်ခင်မှာ ဘာလုပ်ရမယ်မှန်းမသိတဲ့ ဒုတိယသူငယ်ချင်းဟာ ချက်ချင်းလဲချလိုက်ပြိး အသက်အောင့်ထားကာ သေချင်ယောင်ဆောင်နေလိုက်ပါတယ်တဲ့။ အဲဒီ့အခါ ဝက်ဝံကြီးက ဒုတိယသူငယ်ချင်းနားကို ကပ်ပြီး အနံခံကြည့်ကာ ဘာအနံမှမရမှ အဝေးကိုထွက်သွားပါတော့တယ်။ အဲဒီ့အခါကျမှ သူငယ်ချင်းကိုထားခဲ့ပြီး အပင်ပေါ်တက်ပြေးတဲ့ ပထမသူငယ်ချင်းဟာ ဒုတိယသူငယ်ချင်းနားကပ်လာပြီး “မင်းကိုဝက်ဝံကြိးက အနားကပ်ပြီး ဘာပြောသွားတာလဲ” လို့မေးလိုက်ပါတယ်။ ဒုတိယသူငယ်ချင်းက “မင်းလိုသူငယ်ချင်းမျိုးကို ဆက်မပေါင်းနဲ့လို့ပြောသွားတယ်” လို့ပြန်ဖြေပြီး ခရီးကို တစ်ယောက်တည်းဆက်သွားပါတော့သတဲ့။ ဒီပုံပြင်လေးက အကောင်းဆုံးနမူနာပါပဲ။ တကယ့်ဒုက္ခအခက်အခဲ၊ အကြပ်အတည်းရောက်ချိန်မှာ ကိုယ့်အနားရှိတဲ့သူကိုသိလိုက်ရတာ အမြတ်ပါနော်။
အဲဒီ့အတွက် ဘဝရဲ့ခက်ခဲတဲ့အချိန်တွေတိုင်းမှာ ဘယ်သူက ကူညီပါ့မလဲလို့ တွေးမယ့်အစား “ ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်နိုင်မလဲ” ဆိုတာမျိုးကိုပဲ တွေးပြီး အကောင်းဆုံးကျော်ဖြတ်ပါ။ အဲဒီ့ထဲကမှ အတတ်နိုင်ဆုံး တတ်နိုင်တာလေးနဲ့ကိုယ့်အပေါ်ကူညီသူ၊ ကိုယ်နဲ့အတူရင်ဆိုင်သူတွေကို တန်ဖိုးထားလိုက်တာက တန်ဖိုးမရှိတဲ့လူတွေကိုတန်ဖိုးထားမိခြင်းထက် ပိုတန်ဖိုးရှိပါတယ်လို့ တွေးမိသလောက်ဖော်ပြလိုက်ရပါတယ်။