ပျော်ရွှင်ဖို့အတွက် လွှတ်ချသင့်တဲ့အရာ ၇ ခု

သင့်ရဲ့ ပျော်ရွှင်မှုက သင့်ကိုယ်တွင်းမှာသာ ရှိတာပါ။ ရုတ်တရက်ဆိုရင် ဒီစကားရဲ့အဓိပ္ပါယ်ကို နားလည်ဖို့ခက်မယ်ထင်ပါတယ်။ လူအတော်များများက ကိုယ့်ရဲ့ပျော်ရွှင်မှုကို ပတ်ဝန်းကျင်မှာသာ ရှာတတ်ကြပါတယ်။ ဥပမာ၊ အပေါင်းအသင်းတွေနဲ့ လျှောက်လည်မှ ပျော်ရွှင်တယ်လို့ ယူဆတာမျိုး၊ အခြားသူတစ်ယောက်ယောက်ဆီက တခုခုကို မျှော်လင့်ထားတာမျိုး၊ ကြီးကျယ်တဲ့ပျော်စရာကိစ္စမျိုးရှိမှ ပျော်ရွှင်ရတာမျိုးစသည်ဖြင့် အကြောင်းအရာတစ်ခုခုကြောင့်သာ ပျော်ရတယ်ဆိုတာမျိုးကိုမှ ပျော်စရာလို့ထင်နေတတ်ကြပါတယ်။ ခုပြောချင်တာက အဲလိုပျော်ရွှင်တာမျိုးမဟုတ်ဘဲ သင့်ကိုယ်တွင်းကနေမှ အားလုံးကိုလက်ခံပြီး ပျော်ရွှင်နေတာမျိုးပါ။ အဲဒီ့အတွက် သင်လွှတ်ချသင့်တဲ့အရာ ၇ခုရှိပါတယ်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်လိုက်ပါနော်။


၁) မိမိကိုယ်ကို အခြားသူများနဲ့ နှိုင်းယှဉ်တတ်ခြင်း
မိမိကိုယ်ကို အခြားသူများနဲ့ နှိုင်းယှဉ်ခြင်းက မပျော်ရွှင်တဲ့သူတွေ တော်တော်များများ လုပ်လေ့ရှိတဲ့အချက်ပါပဲ။ သူကတော့ ဘယ်လိုလှတာ….သူကတော့ လစာဘယ်လောက်များတာ….သူကတော့ ဘယ်လောက်စိတ်ချမ်းသာနေတာ…..သူက ဘယ်လောက်ကံကောင်းတာ စသည်ဖြင့် လျှောက်တွေးပြီး မိမိနဲ့နှိုင်းယှဉ်တဲ့အခါ မိမိကိုယ်ကို သိမ်ငယ်စိတ်ဖြစ်စေပါတယ်။ အဲဒါက သင့်ကိုမပျော်ရွှင်စေတော့ပါဘူး။ ပျော်ရွှင်ချင်ရင် ကိုယ်ရထားတဲ့ဘဝလေးကို ကျေနပ်တဲ့စိတ်မွေးရပါမယ်။ လူတိုင်းရဲ့ဘဝက ခက်ခဲပါတယ်။ အားလုံးက သူ့အပူနဲ့သူချည်းပါပဲ။

၂) မိမိကိုယ် အဆိပ်အတောက်ဖြစ်စေတဲ့သူများ
ကိုယ့်ကို သိမ်ငယ်စေတဲ့သူမျိုး၊ ကိုယ့်ကို နှိမ်တတ်တဲ့သူမျိုး၊ အထင်မကြီးတဲ့သူမျိုး၊ ကိုယ့်ကိုတန်ဖိုးမထားတဲ့သူမျိုး ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်တဲ့ မကောင်းစေတဲ့သူမှန်သမျှကို ရဲရဲစွန့်ခွာပါ။ သင့်အပေါ်တန်ဖိုးမထားတတ်တဲ့ချစ်သူမျိုး၊ သင့်အပေါ်အမြဲအနိုင်ကျင့်တတ်တဲ့သူငယ်ချင်းမျိုး စတဲ့သူတွေရောပေါ့။ သင့်အနားမှာ သင့်ကိုသင်ယုံကြည်မှုတိုးလာစေတဲ့သူမျိုးတွေ၊ သင်တိုးတက်ကောင်းစားတာကိုသာ မြင်စေချင်တဲ့သူမျိုးတွေ၊ သင့်အပေါ်တကယ့်စိတ်ရင်းစေတနာနဲ့ ဆက်ဆံတတ်သူမျိုးတွေနဲ့သာ ဝန်းရံပါ။ ထိုသူမျိုးက သင့်အပေါ် အကောင်းပြောချင်မှပြောပေမယ့် သင့်ဘဝကောင်းစားတာကို တကယ်လိုလားသူတွေပေါ့။ သင့်အပေါ် အပြုံးချိုချိုနဲ့ ဒုက္ခပေးမယ့်သူတွေမဟုတ်တဲ့သူတွေပေါ့။

၃) မိမိကိုယ်ကို အဆိုးမြင်ခြင်း
သင့်ကိုသင် အဆိုးမြင်ခြင်းက သင့်ကိုမပျော်ရွှင်စေပါဘူး။ “ငါက အသားမည်းတယ်၊ ရုပ်ဆိုးတယ်၊ သွားခေါတယ်၊ ငါက ညံ့လိုက်တာ၊ ဒီအကျီ ၤကြီးက ငါနဲ့မလိုက်ပါဘူး” စတဲ့အတွေးတွေက သင့်ကို နှိပ်စက်နေတယ်ဆိုရင် သင့်ကိုသင် အဆိုးမြင်နေတာပါ။ အဲလိုအဆိုးမြင်စိတ်ကို ဖျောက်နိုင်ဖို့က သင့်ကိုသင်ကျေနပ်နေဖို့လိုပါတယ်။ သင့်ရဲ့ကောင်းကွက်တွေကို မြင်တတ်ပါ။ “ငါက သွားခေါနေပေမယ့် အသားဖြူတာလေးက ဘာနဲ့ဝတ်ဝတ်လိုက်တာပေါ့” ဆိုတာမျိုး၊ “အသားမည်းပေမယ့် ကိုယ်နဲ့လိုက်တဲ့အကျီ ၤမျိုး ရွေးဝတ်တာပေါ့” ဆိုတာမျိုးတွေပေါ့။ သင့်ကိုသင်ကျေနပ်တတ်တဲ့စိတ်က သင့်ဘဝကိုပျော်ရွှင်စေနိုင်ပါတယ်။
၄) မထိန်းချုပ်နိုင်သောအရာများကို တွေးတောပူပန်နေခြင်း
လူအများစုက စိတ်ညစ်ရတဲ့ကိစ္စတွေထဲမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတော်တော်များများပါဝင်နေပါတယ်။ မီးမလာတာ၊ ဘတ်စ်ကားပိတ်တာ၊ ကားကြပ်တာ၊ ရေမလာတာ စတဲ့ကိစ္စတွေအပြင် အခြားကိစ္စတော်တော်များများလည်း ပါဝင်ပါသေးတယ်။ ကိစ္စတစ်ခုကို အရင်ဆုံးသုံးသပ်တဲ့အကျင့်လုပ်သင့်ပါတယ်။ ထိန်းချုပ်နိုင်မလား၊ မထိန်းချုပ်နိုင်ဘူးလား၊ တွေးပါ။ ကိုယ်လုပ်နိုင်တဲ့ဘက်ကနေ စဉ်းစားပြီးလုပ်တာက သင့်ကို ဖိစီးမှုနည်းစေပါတယ်။ သင့်ဘဝလည်း ပိုပြီး
အကောင်းမြင်တတ်လာပါလိမ့်မယ်။

၅) ပြည့်စုံချင်သည့်စိတ်
ဘယ်အရာမှာမဆို ပြည့်စုံချင်တဲ့စိတ်က သင့်ကိုစိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။ ပြည့်စုံခြင်းဆိုတာ လူတိုင်းမှာ မဖြစ်နိုင်ပါဘူး။ တစ်ခုမဟုတ်တစ်ခုတော့ ချို့ယွင်းချက်ရှိကြတာချည်းပါပဲ။ အဲဒါကြောင့် ပြည့်စုံချင်တဲ့စိတ်ကို ရောင့်ရဲတတ်တဲ့စိတ်နဲ့ အစားထိုးကြည့်ပါ။ တကယ်ပျော်စရာကောင်းလာတာကိုတွေ့ရပါလိမ့်မယ်။ သင့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ သင့်မိသားစုမှာပဲဖြစ်ဖြစ်၊ သင့်အပေါင်းအသင်းမှာပဲဖြစ်ဖြစ်၊ သင့်ကိုသင်ပဲဖြစ်ဖြစ်၊ သင့်အလုပ်ခွင်မှာပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို လူတိုင်းမပြည့်စုံနိုင်ဘူးလို့ တွေးတာကို ဖြေသိမ့်နိုင်လာစေပါတယ်။ ပျော်ရွှင်နိုင်ဖို့ ထိုစိတ်ကို လွှတ်ချသင့်ပါတယ်နော်။

၆) အခြားသူများအတွက် ရှင်သန်ခြင်း
ကိုယ်ဖြစ်ချင်တာထက် အခြားသူတွေဖြစ်ချင်တဲ့ကိစ္စကို အားနာလိုက်လျောရတာမျိုး၊ ရုံးပိတ်ရက်မို့နားချင်ပေမယ့် ယောက္ခမကြီးက အလုပ်ကူလုပ်ဖို့ခေါ်တာကို မငြင်းလိုက်တာမျိုး၊ “နေမကောင်းလို့ နားချင်ပေမယ့် အိမ်အလုပ်တွေ ငါမှမလုပ်ရင် လုပ်မယ့်သူမရှိပါဘူးလေ….” လို့ အတင်းထပြီး လုပ်ပစ်လိုက်တာမျိုး၊ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း လွတ်လပ်စွာနေတတ်သလိုနေချင်ပေမယ့် (အခြားသူမထိခိုက်ပေမယ့်) အခြားသူတွေဘယ်လိုထင်သွားမလဲလို့တွေးပြီး ကိုယ့်ကိုကိုယ်မချုပ်ထိန်းသင့်ဘဲ ချုပ်ထိန်းနေတာမျိုး။ ပြောရရင် ကိုယ့်အတွက်ထက် အခြားသူတွေရဲ့အတွေးကို လိုက်တွေးကြည့်နေပြီး လုပ်ချင်တာမလုပ်၊ လုပ်သင့်တာမလုပ်ဘဲ နေတဲ့ကိုယ်နဲ့စိတ်က သင့်ကိုပိုပင်ပန်းစေတယ်ဆိုတာ သင်သိပါသလား။ ကိုယ့်ကိုကိုယ်အတွက်ရှင်သန်ခြင်းက သင့်ကိုပိုပြီး ပျော်ရွှင်စေပါတယ်။ ကိုယ့်ကြောင့်အခြားသူများမထိခိုက်ရင်ပြီးတာပါပဲ။ အခြားသူများ တွေးသမျှ လိုက်တွေးပြီး စိတ်ညစ်မခံပါနဲ့။ တခါတလေ ငြင်းချင်တဲ့ကိစ္စမျိုးကို စိတ်လွတ်လပ်စွာ ငြင်းပယ်ပါ။ ဘယ်သူ့ကိုမှမထိခိုက်ရင် ငြင်းသင့်တာငြင်းပါ။ လုပ်သင့်တာလုပ်ပါ။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုကိုယ်တစ်ထပ်တည်းကျခြင်းက ပျော်ရွှင်စေပါတယ်။ တခုတော့ရှိတာပေါ့ ကိုယ့်လုပ်ချင်တာလုပ်ခြင်းသည် ကိုယ့်ကိုကိုယ်လည်း မထိခိုက်ဖို့လိုပါတယ်။

၇) မိမိကိုယ်ကို တန်ဖိုးမထားခြင်း
မိမိကိုယ်ကိုတန်ဖိုးထားခြင်းက ဘာလဲဆိုတာကို တစ်ချို့က နားမလည်ကြပါဘူး။ ကိုယ့်ကိုကိုယ်အတွက် ကောင်းတဲ့ကိစ္စကိုသာ လုပ်မယ်။ ကိုယ့်ကိုကိုယ်အကျိုးရှိတဲ့ကိစ္စကိုသာလုပ်မယ်။ အတ္တကြီးခြင်းမဟုတ်ပါ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်းပါ။ အတ္တကြီးခြင်းဆိုတာက မိမိကိုယ်ကိုတန်ဖိုးထားတာထက် လွန်ကဲခြင်းဖြစ်ပါတယ်။ မိမိကိုယ်ကိုတန်ဖိုးထားခြင်းဆိုတာက ကိုယ့်ကိုထိခိုက်စေပြီး ကိုယ်တိုင်က မစွန့်လွှတ်နိုင်တဲ့အကျင့်ဆိုးတွေကို ကိုယ့်ကိုကိုယ်အတွက် စွန့်လွှတ်မယ်။ ကိုယ့်ကိုနာကျင်စေတဲ့အတွေးတွေကို စွန့်လွှတ်မယ်၊ ကိုယ့်အပေါ်မကောင်းတဲ့သူကို စွန့်လွှတ်မယ်၊ ကိုယ့်ဘဝတိုးတက်မယ့် ၊ အကျိုးရှိမယ့်ကိစ္စမျိုးဖြစ်ပြီး အခြားသူများကိုလည်းမထိခိုက်စေမယ့်ကိစ္စမျိုးကို ကိုယ့်ကိုကိုယ်တန်ဖိုးထားကြိုးစားမယ်၊ ကိုယ်ဘယ်လောက်ကြိုက်ကြိုက် ကိုယ့်ကိုနစ်နာစေမယ့်ကိစ္စမျိုးကို ကိုယ့်ကိုကိုယ်တန်ဖိုးထားတဲ့အနေနဲ့ လုံးဝရှောင်ကျဉ်မယ် စတာတွေပါ။
ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်တဲ့သူက ပိုပြီး ဘဝမှာနေပျော်ပါတယ်။ ထိုသူရဲ့ဘဝကလည်း တဖြေးဖြေးချင်း ကောင်းသောပြောင်းလဲခြင်းနဲ့ တိုးတက်ပြောင်းလဲလာတတ်ပါတယ်။ အဲဒါကြောင့် ပိုပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ဖို့ ကိုယ့်ကိုကိုယ်တန်ဖိုးထားပါ။

အထက်ပါ အချက် ၇ချက်ထဲက ကိုယ်မစွန့်လွှတ်နိုင်သေးတဲ့အချက်တွေကို စွန့်လွှတ်ပါ။ သင်တဖြေးဖြေး လူချမ်းသာတာထက် စိတ်ပိုချမ်းသာလာပါလိမ့်မယ်လို့ တိုက်တွန်းလိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။