မုန်းနေသူတွေကိုလည်း မေတ္တာထားပါ။

တခါတလေ ကိုယ်ကတောင် မသိလိုက်ဘဲ ကိုယ့်ကိုမုန်းတီးသွားတဲ့သူမျိုး လူတိုင်းမှာ ရှိဖူးကြမယ်ထင်ပါတယ်။ သူနု့ဲကိုယ်နဲ့ ဆက်ဆံရေးက အကောင်းကြီးကနေ ကိုယ်ကလည်း သူ့ကို ဘာမှစိတ်ကွက်စရာမရှိလို့ အရင်လိုမေးထူးခေါ်ပြောနေပေမယ့် သူကတော့ ကိုယ့်ကိုလုံးဝအဖက်မလုပ်တော့ဘဲ ခပ်တည်တည်ဖြစ်သွားတဲ့ဆက်ဆံရေးမျိုးလည်း ကြုံဖူးမှာပါ။ အရင်တုန်းကတော့ ကိုယ်တိုင်လည်း အဲလိုကြုံလိုက်ရရင် အင်တင်တင်ကြီးခံစားရတတ်ပါတယ်။ ဘာလို့လဲပေါ့…..ကိုယ်ဘာများလုပ်မိပါလိမ့်ပေါ့။ ငါသူစိတ်ဆိုးအောင်များလုပ်မိလား….ပေါ့။ တွေးလည်းတွေး အတွေးထဲကနေတင် သူ့ကိုပြန်အားနာမိပါတယ်။ “အော်….ငါမထင်မှတ်ဘဲ သူ့ကို တခုခုလုပ်လိုက်မိတယ်ထင်တယ်” ဆိုတဲ့အတွေးနဲ့ သူ့ကိုတောင် ပြန်အားနာပြီး နောက်နေ့တွေ့ရင် စကားတွေ အတင်းလိုက်ပြောမိတတ်ပါတယ်။ ကိုယ်မှားနေတယ်ထင်နေမိတာကိုး။ တကယ်တော့ ကိုယ်ဘာလုပ်မိလိုက်မှန်း ကိုယ်တိုင်လည်းမသိလိုက်ပါဘူး။ ခင်မင်နေတဲ့စိတ်နဲ့အဲလိုမျိုး အတင်းစကားရောဖောရောလုပ်ပေမယ့် သူကတော့ ကိုယ့်မြင်လည်း မမြင်ချင်ယောင်ဆောင်သွားတာမျိုး၊ ကိုယ်စကားပြောလည်း မကြားချင်ယောင်ဆောင်သွားတာမျိုးတွေ ကြုံပါများလာတဲ့အခါမှ နားလည်သလိုလိုရှိလာပါတယ်။ “အော်….သူခမြာ ငါ့ကိုတမင်စကားကိုမပြောချင်တာကိုး” ဆိုပြီးတော့ပေါ့။ အဲဒီ့ကျမှ သူမခေါ်ချင်လည်း နေပါစေလေ။ အတင်းလိုက်မခေါ်တော့ပါဘူးဆိုပြီး နေလိုက်တာမျိုးပေါ့။


အဲလိုအခြေအနေမျိုးတွေ မကြာခဏကြုံဖူးလာမှသာ လူဆိုတာ ဒီလိုမျိုးလည်း ရှိသဟ ဆိုပြီး နားလည်သွားတော့တာပါ။
အဲဒါကို ပြန်ဆန်းစစ်ကြည့်မိတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်နဲ့လက်ရှိပြောဆို ဆက်ဆံနေတဲ့၊ ခင်မင်နေတဲ့သူတွေအများကြီးထဲမှာ ခုလက်ရှိကိုယ့်ရဲ့အခြေအနေကြောင့် ဆက်လက်ခင်မင်နေတဲ့သူတွေအများကြီးပါလားဆိုတာကို နားလည်လာမိပါတယ်။ ဘာလို့အဲလိုမျိုးအခြေအနေဖြစ်ရသလဲဆိုရင် လူစိတ်ဆိုတာ သနားကြင်နာတာသာ လွယ်မယ်၊ မုဒိတာစိတ်ထားဖို့ကတော့ ခက်တယ်ဆိုတဲ့စကားလိုပါပဲ။ အခြေအနေတွေ တစ်ချို့ပြောင်းလဲသွားမယ်၊ ကိုယ်ကတော့ ကိုယ့်စိတ်ထဲကအတိုင်း အခြေအနေတွေကို ဂရုမစိုက်မိဘဲ အရင်လိုပဲ ကိုယ့်ပတ်ဝန်းကျင်က လူကို ခေါ်မယ်ပြောမယ်။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေရဲ့ စိတ်တိုင်းကို ကိုယ်ကလိုက်မဖတ်နိုင်တဲ့အခါကျတော့ သူတို့စိတ်ထဲမှာ ကိုယ့်ရဲ့အပြုအမူတိုင်းကို အသေးစိတ်အစ လိုက်ကြည့်ပြီး ခံစားနေမှန်း ကိုယ်မသိလိုက်တာမျိုးဖြစ်တတ်ပါတယ်။ သူတို့ရဲ့စိတ်ထဲကမှာ ကိုယ်က သူတို့ထက် အခြေအနေမြင့်မားသွားတာမျိုး၊ ရာထူးတိုးသွားတာမျိုး၊ လစာကောင်းတဲ့အလုပ်တစ်ခုရသွားမျိုး စသည်ဖြင့် အခြေအနေတစ်ခုထိရောက်သွားတဲ့အခါ သူတို့ရဲ့စိတ်ဓာတ်အခြေအနေကို သူတို့ရဲ့အပြုအမူကနေတဆင့် ပြလိုက်ကြတာပါ။ သင်က သာသွားလေ၊ သူတို့က မခံချင်ဖြစ်လေ ၊ သင့်ကို စကားမပြောနိုင်တော့လေပေါ့။ အဲလိုလူမျိုးတွေက သင့်ပတ်ဝန်းကျင်မှာ ရှိကိုရှိပါတယ်။ သင်ကို ခင်မင်ချင်ယောင်ဆောင်နေပေမယ့် သင့်ကို တိတ်တဆိတ်မုန်းတီးနေတတ်သူတွေပေါ့။ သင့်ကိုချစ်ခင်သူဆိုရင် သင့်ရဲ့အကျိုးကို လိုလားမှာပဲလေ။
ထားပါတော့….ဒီလိုအခြေအနေမျိုးကို ကြုံရတဲ့အခါ သင့်အာရုံမှန်သမျှ သူ့ဆီမှာပဲထားပြီး သူကဘာဖြစ်တာပါလိမ့်….ငါကဘာဖြစ်နေလို့ပါလိမ့်။ စသည်ဖြင့် အမျိုးမျိုးတွေးနေမိတဲ့အခါ သင့်အချိန်တွေ ပုပ်ကုန်ပါတယ်။ အဲဒါကြောင့် သူ့ကို သင့်ဦးနှောက်ထဲထည့်ပြီး အပြည့်အဝတွေ လိုက်မခံစားနေပါနဲ့။ သင်အာရုံနောက်ရပါလိမ့်မယ်။
သင်နဲ့အမြဲလိုတွေ့ဆုံ၊ ဆက်ဆံနေရအုံးမှာပဲမို့ ကိုယ်ကအရင်လိုပဲ မေတ္တာထားလိုက်ပါ။ အရင်လိုပဲ ဘာအမူအရာမှ မပြောင်းလဲဘဲ ဆက်ဆံပါ။ သူနဲ့တည့်တည့်တွေ့လည်း အရင်လို စကားပြောလိုက်၊ ပြုံးရယ်လိုက်နဲ့သာ မေတ္တာထားလိုက်ပါ။ သင့်ရဲ့နေ့စဉ်လုပ်ရမယ့် ဝတ္တရားတွေကိုလည်း အမြဲကြိုးစားပမ်းစားနဲ့ လုပ်နေပါ။ သူ့ကြောင့်နဲ့ သင်မှာ ဘာမှ ထိခိုက်မခံပါနဲ့။ အဲဒါဆို သူ့အမုန်းတွေကို သင်ခံယူလိုက်သလိုဖြစ်နေမှာပေါ့။
သူ့မှာသာ သင်တိုးတက်သွားတာ မြင်တိုင်း ယူကျုံးမရတွေ ခံစားနေရမှာပါ။ သင်ကတော့ ဘာကိုမှမခံစားပါနဲ့။ တရားမှတ်သလိုပဲ…တွေ့ရင် တွေ့တယ်၊ ပြုံးပြမယ်၊ စကားပြောမယ်။ ပြန်ပြောတာမပြောတာက သူ့ကိစ္စပါ။ သင့်ဘက်က မပြောင်းလဲဘဲ ဆက်ဆံတာများလာရင် သူ့ဟာသူရှက်လာပါလိမ့်မယ်။ လုံးဝကို သင့်နဲ့အဆက်အသွယ်ဖြတ်သွားတော့လည်း ရှင်းသွားတာပါပဲ။ အဓိကကတော့ သင်က လူတိုင်းကို အရင်လိုပဲ မေတ္တာထားတဲ့စိတ်နဲ့ဆက်ဆံမယ်ဆိုတဲ့စိတ်ပါပဲ။
အမှန်တော့ သင့်အပေါ် သူထားတဲ့ အဆိပ်က သူ့ကိုပဲခတ်သွားမှာပါ။ နောက်ဆုံး သင့်အနားမှာ သင်တိုးတက်တာ မလိုလားတဲ့သူတစ်ယောက် လျော့သွားတာပါပဲ။ အဲဒါက သူ့ဟာသူရွေးတဲ့လမ်းပါ။
အဲဒါကြောင့် ကိုယ့်အပေါ် မုန်းတီးနေတဲ့သူတစ်ယောက်အတွက် ဘာကိုမှ ထိခိုက်လောက်အောင်မခံစားပါနဲ့။ မေတ္တာနဲ့သာ ဆက်ဆံလိုက်ပါ။ အချိန်တန် သူ့ဟာသူသဘောပေါက်သွားပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း သင့်အနားကနေ အဝေးဆုံးကို သူ့အလိုလိုရောက်သွားပါလိမ့်မယ်။ ကိုယ့်ကိုမုန်းနေမှန်းသိသိကြီးနဲ့ သူ့အပေါ် စိတ်ထားကောင်းကောင်းထားနိုင်တယ်၊ မေတ္တာထားနိုင်တယ်ဆိုတာ ခက်တဲ့အလုပ်ပါ။ ခက်တဲ့အလုပ်ကို လုပ်နိုင်မှ တော်တဲ့သူပါ။ သင်ကတော်တဲ့သူတစ်ယောက်ပါ…..သူနဲ့တွေ့ရင် မုန်းတဲ့သူလည်း မေတ္တာထားရမှာပဲဆိုတဲ့အတွေးသာ တွေးလိုက်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။