အနှိမ်ခံရတဲ့အခါ………

ကိုယ့်ကိုအနိုင်ကျင့်၊ ဖိနှိမ်တဲ့လူမျိုးကို ကြုံဖူးကြမှာပါနော်။ ဘယ်လိုအကြောင်းအရာမျိုးနဲ့ပဲဖြစ်ဖြစ် ကိုယ့်အပေါ်မတူမတန်ဆက်ဆံသွားတာ၊ ကိုယ်က အသုံးမကျသလို အထင်သေးတာ၊ ကိုယ်သာလျှင် နိမ့်ကျနေသလို ပြုမူတာမျိုး တစ်ခါမဟုတ် တစ်ခါတော့ ကြုံဖူးကြမှာပါပဲ။ ဒါပေမယ့် အဲဒီ့လိုလူမျိုးနဲ့ ကြာကြာပတ်သတ်မိရမယ့် ဆက်ဆံရေးမျိုးဆိုရင် သင်ပဲ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးရမှာဖြစ်သလို၊ ဒေါသပေါက်ကွဲပြီး သင်စိတ်ထဲရှိသလို တုံ့ပြန်လို့လည်းမရတာမို့ သင်ပဲတနုံ့နုံခံစားနေရမှာဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင်ပဲခံစားရပါလိမ့်မယ်။ အဲဒါကြောင့် အဲဒီ့လိုလူတွေနဲ့ ရေရှည်ပတ်သက်ခြင်းက လုံးဝမကောင်းပါဘူး ။အတတ်နိုင်ဆုံးရှောင်နိုင်အောင် ကြိုးစားပါ။ အဲဒီ့လို အနှိမ်ခံလိုက်ရပြီ၊ သင့်ကို မတူမတန်ဆက်ဆံခံလိုက်ရပြီဆိုရင်လည်း အောက်ပါအချက်တွေကို လုပ်ဖို့ကြိုးစားပါ။


၁) နာကျင်မှုကိုလှေကားလိုနင်းတက်ပါ။
သင်နာကျင်သမျှကို ပြန်ပြီး လှေကားလိုသဘောထားပြီး ပိုမြင့်တဲ့နေရာတစ်ခုဆီရောက်အောင်နင်းတက်သွားပါ။ သင်ခံစားရလေ ခံစားမှုကို တွန်းအားအဖြစ်သုံးပါ။ ကိုယ့်ကိုမနှိမ်နိုင်စေဖို့ ပိုမြင့်တဲ့နေရာတစ်ခုကိုရောက်အောင်သွားဖို့ ထိုခံစားချက်တွေကို တွန်းအားဖြစ်ပါစေ။

၂) လဲကျရင် ပြန်ထပါ။
အဲဒီလိုကြိုးစားနေချိန်မှာ လဲကျတဲ့အခိုက်ရှိမှာပါပဲ။ လဲကျပါစေ…..နာကျင်သမျှကို ပြန်ပြီးခွန်အားအဖြစ်ယူပါ။ ပိုပြီး ပြင်းထန်စွာကြိုးစားပါ။ အခါခါလဲကျပါစေ၊ လဲကျမှုကို သင်ခန်းစာယူပြီး ပြန်ထဖို့အားပေးပါ။ နာကျင်မှုကို မေ့မပစ်လိုက်ပါနဲ့။ ကြိုးစားရင်း မောလာတိုင်း နာကျင်မှုကိုပြန်တွေးကြည့်ပြီး နားနေလို့မဖြစ်ဘူးဆိုတာကို ပြန်သတိပေးပါ။

၃) သင်ခန်းစာယူပါ။
လဲကျတိုင်း သင်ခန်းစာယူပြီးရှေ့ဆက်ပါ။ သင်ခန်းစာများလာလေလေ ပြန်ပြီးရှေ့ဆက်နိုင်လာလေလေဖြစ်လာပါလိမ့်မယ်။ နောက်ထပ်အရည်အချင်းတွေတိုးတက်လာဖို့အတွက် လဲကျတိုင်းပြန်ထဖို့လိုသလို လဲကျတိုင်းသင်ခန်းစာတစ်ခုရအောင်ယူဖို့လည်းလိုပါတယ်။

၄) ခွင့်လွှတ်ပေးပြီး မေ့မပစ်ပါနဲ့။
သင့်ကိုနှိမ်တဲ့လူတွေကို နှိမ်ခဲ့တဲ့အဖြစ်အပျက်တွေကို မေ့မပစ်ပါနဲ့။ သင်ခွန်အားအဖြစ်လိုအပ်လာတိုင်း ပြန်တွေးပါ။ သင်ရပ်နေလို့မရဘူးဆိုတာကို အဲဒီ့ခံစားချက်က အားပေးသွားပါလိမ့်မယ်။ ပြန်ကလဲ့စားချေဖို့ပြောချင်တာမဟုတ်ဘဲ ဖြစ်ရပ်တွေကို မေ့မပစ်ခြင်းက ကိုယ့်ဘဝကို တိုက်ပွဲဝင်နေချိန်တိုင်းမှာ တနည်းနည်းနဲ့ “ငါကြိုးစားမှဖြစ်မယ်”ဆိုတဲ့အတွေးဝင်လာဖို့အတွက်ပါ။ သင့်ကို ဆိုးရွားစွာပြုမူခဲ့သူတိုင်းကို ခွင့်လွှတ်ပေးလိုက်ပါ။ အဲဒါက သင့်ခံစားချက်တွေကို ပေါ့ပါးစေပြီး၊ သင်စိတ်ကိုလည်းအေးချမ်းစေပါတယ်။ အဲဒါကြောင့် ခွင့်လွှတ်ပေးပါ၊ မေ့မပစ်ပါနဲ့။

၅) အရည်အချင်းအစစ်အမှန်နဲ့သာ အနိုင်ယူပါ။
သင့်ကိုနှိမ်တဲ့သူတွေကို ပြန်ပြီး သင့်ကိုတလေးတစားဆက်ဆံလာစေမယ့် နည်းလမ်းကတော့ သင့်ရဲ့အရည်အချင်းကို သူတို့သိလာအောင် ပြသခြင်းပါပဲ။ သင့်ကိုနှိမ်တယ်ဆိုတဲ့နေရာမှာ တနည်းအားဖြင့် သင်ကသူတို့လောက်အရည်အချင်းမရှိဘူးဆိုတဲ့အတွေးနဲ့အထင်သေးတဲ့စိတ်လည်းပါဝင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့အရည်အချင်းအစစ်အမှန်နဲ့အနိုင်ယူခြင်းက သင့်ရဲ့အရည်အချင်းလည်း ပိုပြီးတိုးတက်လာစေသလို သင့်ကိုလည်း ပြန်ပြီး အံ့အားသင့်ဖွယ် အဖက်လုပ်လာတာကိုတွေ့ရမှာပါ။

၆) သင့်အရည်အချင်းတွေပိုပြီးတိုးတက်လာပါစေ။
အဲဒီ့အတွက် သင့်ရဲ့စစ်မှန်တဲ့အရည်အချင်းတွေကို ပိုပြီးတိုးတက်လာအောင်ကြိုးစားပါ။ သင့်ရဲ့အရည်အချင်းကို သင့်ကိုနှိမ်ဖူးသူတွေမြင်ပါစေ၊ ပထမတော့သင့်ကိုနှိမ်နေပေမယ့် သူတို့ထင်မထားတဲ့အရည်အချင်းတွေသင့်မှာရှိနေတဲ့အခါ ပထမလျစ်လျူရှုမယ်၊ နောက်တော့ရှုံ့ချမယ်၊ နောက်ဆုံးမှာတော့ သင်ကိုဝန်းရံလို့မရတော့တဲ့အခြေအနေလောက်ထိရောက်အောင် သင့်အရည်အချင်းတွေကို တိုးတက်လာအောင်ကြိုးစားပစ်လိုက်ပါ။
အဲဒါက သင့်အတွက် ပိုပြီး ပိုပျော်ရွှင်စရာကောင်းသလို သင့်ဘဝကလည်း ပိုပြီးနေပျော်လာပါလိ့မ်မယ်။ သင့်အရည်အချင်းတွေတိုးလာသလို သင်လည်း သင့်ကိုယ်သင်ပိုပြီးယုံကြည်မှုတိုးလာမှာအသေအချာပါပဲ။ အဲဒါကြောင့် အထင်သေးခံဖူးတယ်၊အနှိမ်ခံဖူးတယ်ဆိုရင် အထက်ပါအချက်တွေကိုသာ သေချာလိုက်လုပ်ကြည့်ပြီး ကြိုးစားကြည့်လိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။