မနာလိုစိတ်ဟာ ထိိုစိတ်မွေးသူကိုသာ အရင်ဆုံးထိခိုက်စေတာပါ။

မနာလိုခြင်းဆိုတာကို ကြားလည်းကြားဖူး ကိုယ်တိုင်လည်း ကြုံဖူးကြမယ်ထင်ပါတယ်နော်။ တကယ်တော့ မနာလိုစိတ်ဖြစ်ပေါ်လာရခြင်းဟာ ကိုယ်ယှဥ်တွေးလိုက်တဲ့လူထက် တဆင့်နိမ့်နေတယ်လို့ ခံစားရတဲ့ သိမ်ငယ်စိတ်ကို အခြေခံပြီးဖြစ်လာတာပဲဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ်ယှဥ်တွေးလိုက်တယ်ဆိုပါစို့။ အဲဒီ့လူထက် ကိုယ်ကသာနေတယ်ဆိုရင် အလိုလိုပျော်ရွှင်နေတတ်ပြီး ကိုယ်ကနိမ့်ကျနေတယ်လို့ခံစားရတဲ့အခါ ခံစားချက်က မပျော်တော့ပါဘူး။


မပျော်တာနဲ့တင်ရပ်သွားရင် ကိစ္စပြတ်ပေမယ့် မပျော်တဲ့အပြင်
“သူကဘာလို့ငါ့ထက်သာနေရမှာလဲ၊ တကယ်တော့ သူက ငါ့လောက်မတော်မတတ်ဘဲနဲ့၊”
“သူ့ကို လူတွေအလေးပေးတာမျိုးမလိုချင်ဘူး၊”
“သူ့ကိုလူတွေက ငါ့ထက်သာတယ်လို့မထင်မြင်နေတာမကြိုက်ဘူး” စတဲ့အတွေးဆိုးတွေဝင်လာပြီး တပါးသူရဲ့အကျိုးစီးပွားတခုခုကိုပါထိခိုက်အောင်လုပ်ချင်လာပြီဆိုရင်‌တော့ မစ္ဆိရိယဆိုတဲ့ မနာလိုစိတ်ဖြစ်လာပါတာပါပဲ။ အဲဒီ့စိတ်ဟာ ဘယ်လောက်တောင်ကြောက်စရာကောင်းလဲဆိုရင် တဖက်သားကို အမျိုးမျိုးထိခိုက်နစ်နာအောင်လုပ်ဖို့သာတွေးတောနေရင်းနဲ့အချိန်ကုန်နေတော့တာပါ။ တဖက်သားဒုက္ခရောက်အောင်လုပ်မယ်လို့ တွေးနေမယ့်အချိန်မှာ ကိုယ့်ရဲ့ဟာကွက်၊ အားနည်းချက်ကို ကိုယ်တိုင်လက်ခံပြီး ကိုယ့်ရဲ့အားသာချက်တခုခုတိုးလာအောင် အချိန်ကိုအသုံးချလိုက်မယ်ဆိုရင်တောင် ကိုယ့်ရဲ့စွမ်းရည်က တခုမဟုတ်တခုတော့ တိုးလာမှာသေချာပါတယ်။
ဒါပေမယ့် မနာလိုစိတ်နဲ့ အခြားသူရဲ့အကျိုးစီးပွားပျက်စီးကြောင်းသာတွေးနေရင်းအချိန်ကုန်နေတဲ့အခါမှာတော့ ကိုယ့်ရဲ့စွမ်းရည်ဘာမှမတိုးလာတဲ့အပြင် ကိုယ့်ရဲ့အတွေးတွေဟာလည်း တပါးသူကိုမုန်းတီးနေတဲ့စိတ်နဲ့တင် ပူလောင်နေတော့တာပါပဲ။ ကိုယ့်ရင်ထဲ ကိန်းအောင်းနေတဲ့မုန်းတီးစိတ်ဟာ ဒေါသကိုလည်းဖြစ်စေတာကြောင့် ကိုယ့်မျက်နှာဟာ အလိုမကျမှုတွေနဲ့ ပြည့်နှက်ပူလောင်နေမှာပါ။ လောကကြီးရဲ့ မြင်သမျှအရာအားလုံးဟာလည်း ဒေါသ၊ မုန်းတီးစိတ်တို့ကြောင့် လှပတယ်ဆိုဆိုတာကို ခံစားနိုင်တော့မှာမဟုတ်ပါဘူး။ အဆိုးမြင်တဲ့စိတ်သာဖုံးလွှမ်းလာပါတယ်။ အဆိုးမြင်လေ စိတ်ကပိုတိုးပြီး ‌ဒေါသထွက်လာလေလေ မိမိကိုယ်တိုင်ပူလောင်လာလေလေနဲ့ မနာလိုစိတ်ကို မွေးမြူထားသူဟာ မအေးချမ်းနိင်ပါဘူး။

Everything become beautiful if you loving it, even loneliness တဲ့ အရာအားလုံးကို သင်ချစ်ခင်လာတဲ့အခါ အဲဒီ့အရာအားလုံးဟာ လှပလာတယ်လို့ခံစားရတာပါပဲတဲ့။ တစ်ယောက်တည်းဖြစ်နေရင်တောင်မှပေါ့။ ပြောချင်တာက ချစ်တဲ့မျက်စိနဲ့ ကမ္ဘာလောကကြီးကို ကြည့်မယ်ဆိုရင် အားလုံးဟာ ဘယ်လောက်ရုပ်ဆိုးဆိုး ချစ်စရာကောင်းတယ်လိုမြင်နေမှာပဲလေ။ သင်တစ်ယောက်တည်းအထီးကျန်နေအုံးတော့၊ သင့်စိတ်ထဲ ချစ်ခင်စိတ်နဲ့ငေးမောနေမယ်ဆိုရင် သင့်စိတ်ထဲအထီးကျန်တယ်လို့ကို ခံစားရတော့မှာမဟုတ်ပါဘူး။

သင့်စိတ်ထဲ အားလုံးကို မုန်းတီးစိတ်နဲ့သာ ကြည့်နေရင်တော့ အားလုံးဟာ အပြစ်မြင်စရာတွေချည်းဖြစ်နေပြီး သင့်မှာလည်း အလိုမကျစိတ်သာ လွှမ်းမိုးနေမှာပါ။ တစ်ယောက်တည်းဖြစ်နေရင်တောင် ကိုယ့်အလိုမကျစိတ်နဲ့ကိုယ် ရန်ဖြစ်နေရမှာမို သဘာဝရဲ့အလှအပတောင် ခံစားတတ်တော့မှာမဟုတ်လို့ ပိုပြီး အထီးကျန်လာတော့မှာပေါ့။ အဲဒါကြောင့် မနာလိုစိတ်ဟာ မုန်းတီးမှုကိုအေခြခံတာကြောင့် သင့်ကိုအရင်ဆုံးဒုက္ခပေးမှာပါ။ သိမ်ငယ်မှုကိုအခြေခံတာကြောင့် သင့်ကိုယ်သင် အသုံးမကျဘူးလို့ခံစားရတာကြောင့် သင့်ကိုယ်သင်ပဲ အလိုမကျဖြစ်နေမှာပါ။ အခြားသူကို ဒုက္ခပေးချင်တဲ့စိတ်က သင့်ကိုသင်သာ အရင်ဆုံးဒုက္ခပေးနိုင်တာဖြစ်ပါတယ်။

အဲဒါကြောင့် ကိုယ့်ထက်သာသူကို ဘာကြောင့်ကိုယ့်ထက်သာရတာလဲဆိုတဲ့အားသာချက်ကိုမြင်အောင်ကြည့်ပြီး သင်ခန်းစာယူပါ၊ သူကိုအတုခိုးပြိး သူလို့တိုးတက်အောင်မြင်အောင်ကြိုးစားမဘ်ဆိုတဲ့စိတ်ကိုသာ မွေးမြူကြည့်ပါ။ သင်ပါတိုးတက်လာမှာအမှန်ပါပဲ။ သင့်ကို မနာလိုဖြစ်ခြင်း ခံရတဲ့အခါမှာလည်း ထိုစိတ်မွေးသူ ကာယကံရှင်ကိုသာ ထိုစိတ်က အရင်ဒုက္ခပေးမှာပါလို့တွေးပြီး ကိုယ့်စွမ်းရည်တိုးတက်ဖို့သာ တစိုက်မတ်မတ်ကြိုးစားဖို့လိုပါတယ်လို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။