မကြီးပွားစေမယ့် အကျင့်ဆိုးများ

ဘယ်လောက်ပဲ ပင်ပန်းကြီးစွာရှာဖွေပါစေ။ အချိန်တန် ဒီဘဝက ဒီဘဝနဲ့တင် ဖြစ်နေတဲ့လူအများစုထံမှာ အောက်ပါအကျင့်ဆိုးတွေကို တွေ့ရတတ်ပါတယ်။ မတိုးတက်တဲ့လူအများစုမှာ ကိုယ့်ကိုယ်ကိုယ်ပြန်မသုံးသပ်တတ်ကြဘဲ ကိုယ်မထိန်းချုပ်နိုင်တဲ့ အခြားသော အခြေအနေတော်တော်များများကိုသာ အပြစ်တင်နေတတ်ကြပါတယ်။ အဲဒါကြောင့် အချိန်မီ ကိုယ့်ထံမှာ အောက်ပါအကျင့်ဆိုးတွေရှိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ခြင်းဖြင့် ပြင်ဆင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။


၁) အမှားမပြင်ခြင်း
အဆိုးဝါးဆုံးအကျင့်ပဲဖြစ်ပါတယ်။ လူတိုင်းက အမှားမရှိတဲ့လူမရှိပါဘူး။ ဒါပေမယ့် အမှားပြင်ချင်စိတ်ရှိဖို့ပဲလိုတာပါ။ အမှားပြင်ချင်စိတ်ကလည်း လူတိုင်းမှာမရှိတတ်ပြန်ပါဘူး။ ဘယ်သူကမှ မွေးရာပါ အကျင့်ဆိုးတွေ၊ အကျင့်ကောင်းတွေတတ်လာတာမဟုတ်ပါဘူးနော်။ အားလုံးကို ကျင့်ယူရတာချည်းပါပဲ။ ကိုယ့်ဘဝကို ဒီထက်တိုးတက်ချင်တယ်၊ ကြီးပွားအဆင်ပြေချင်ရင်တော့ ကိုယ့်မှာရှိနေတဲ့အမှားတွေကို မြင်အောင် သုံးသပ်ပါ။ အမှားပြင်ဖို့ကြိုးစားပါ။

၂) ဆင်ခြင်များခြင်း
ဘယ်တော့မဆို အတတ်ပညာတခုခုသင်ယူဖို့ အသိပညာတခုခုတိုးပွားအောင် စနည်းနာဖို့၊ မေးမြန်းဖို့၊ သင်ယူဖို့ကို ပျင်းရိနေတတ်တဲ့သူမျိုးဟာလည်း မကြီးပွားနိုင်ပါဘူး။ သင့်ဘဝပိုပြီး ဝင်ငွေတိုးချင်ရင် သင့်မှာလည်း ဝင်ငွေတိုးလောက်တဲ့ပညာတခုခုရှိမှ ဖြစ်မှာပေါ့။ အဲဒါကြောင့် နေပူလို့၊ မိုးရွာလို့၊ အေးလို့ စသဖြင့် ဆင်ခြင်များနေရင် ခုပဲပြုပြင်လိုက်ပါ။ သင်တကယ်မလုပ်ချင်ရင် ဆင်ခြင်တွေကိုသာရှာတွေ့ပါလိမ့်မယ်။ သင်တကယ်လုပ်ချင်တဲ့အရာဆိုရင်တော့ ဘယ်လိုအကြောင်းကြောင့်မှ တားဆီးထားလို့မရနိုင်ပါဘူးနော်။

၃) မစုဆောင်းခြင်း
ရရ သုံးသုံး ဆိုတဲ့ဘဝတွေက မကြီးပွားနိုင်တော့ပါဘူး။ ကြီးပွားတိုးတက်နေသူတိုင်းက သူတို့အတွက်ငွေကို ဘယ်လိုခိုင်းရမလဲဆိုတာ နားလည်သူတွေဖြစ်ပါတယ်။ သူတို့က ငွေရဲ့သခင်ဖြစ်အောင်ကြိုးစားသူတွေပါ။ ရရ စားစားဆိုတာကတော့ ငွေရဲ့ကျွန်ဆိုတဲ့သဘောပါပဲ။ အဲဒီလိုလူမျိုးတွေက ဘယ်တော့မှ မကြီးပွာနိုင်တော့ပါဘူး။ အဲဒါကြောင့် ငွေကို ခြိုးခြံချွေတာသုံးပြီး စုဆောင်းဖို့ကြိုးစားပါ။ စုဆောင်းထားတဲ့ငွေကို ပြန်ပြီးခိုင်းစားတတ်ဖို့ သင်ယူပါ။

၄) မဆန်းစစ်ခြင်း
ကိုယ့်ကိုယ်ကိုယ်မသုံးသပ်၊ မဆန်းစစ်ခြင်းက ကိုယ့်အမှားတွေကို မမြင်နိုင်တဲ့အဓိကအချက်ပါပဲ။ လူတစ်ယောက်မှာ ကိုယ့်ကိုယ်ကိုယ်အမှန်အတိုင်းလက်ခံနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်သုံးသပ်ဖို့အရေးကြီးဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ်မသုံးသပ်၊ မဆန်းစစ်သူက မျက်လုံးရှိရက် မျက်လုံးမမြင်သူလိုပါပဲ။ ကိုယ့်အမှားတွေကို မမြင်၊ ကိုယ့်ရဲ့အားနည်းချက်ကိုမမြင်၊ အားသာချက်ကိုမသိလို့ ဘယ်လိုမှ ကြီးပွားတိုးတက်မယ့်လူမဖြစ်နိုင်ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။