လက်လျှော့လိုက်တော့မယ်လို့ တွေးမယ့်အချိန်မှာ လုပ်သင့်တဲ့အရာများ

တခါတရံ ဘဝမှာ လက်လျှော့လိုက်တော့မယ်လို့တွေးမိတဲ့အချိန်တွေ ရှိမှာပါ။ သင့်ရဲ့ချစ်သူနဲ့ပတ်သက်တဲ့ဆက်ဆံရေးမျိုး၊ သင့်ရဲ့ရည်မှန်းချက်နဲ့ပတ်သက်တာမျိုး၊ သင့်ရဲ့စီးပွားရေးနဲပတ်သက်တာမျိုးစသည်ဖြင့် တခုခုကြောင့် မျှော်လင့်ချက်တွေဆုံးရှုံးသွားတဲ့အခါမျိုးမှာပေါ့။ တခါတရံမှာတော့ သင်လုံးဝလက်လျှော့လိုက်တော့မယ်လို့ တွေးမိနိုင်ပါတယ်။ အဲလိုအချိန်မျိုးမှာ သင်ဘာလုပ်သင့်ပါသလဲ။ တကယ်ပဲလက်လျှော့လိုက်ရမှာလား။ အောက်က အချက်လေးတွေကို လိုက်ဖတ်ကြည့်လိုက်ပါအုံးနော်။


၁)သင့်ကိုသင်စိတ်ခွန်အားဖြစ်စေတာကိုရှာဖွေပါ။
ပထမဆုံးအချက် ကျွန်တော်တို့လက်လျှော့အရှုံးပေးချင်စိတ်ဖြစ်လာပြီဆိုရင် အနားပတ်ဝန်းကျင်မှာ စိတ်ဓာတ်ခွန်အားဖြစ်စေတာကို ရှာဖွေပါ။ စာဖတ်လိုက်တာမျိုး….စာအုပ်တွေထဲမှာ အရှုံးနဲ့ကြုံလာတဲ့အခါ ဘယ်လိုခွန်အားဖြစ်စေတာမျိုး၊ အရှုံးနဲ့ကြုံတိုင်းအရှုံးပေးလိုက်ရမလားဆိုတာမျိုးနဲ့ ပတ်သက်တာမျိုးတွေရှာဖတ်တဲ့အခါ သင့်အဖြစ်နဲ့ယှဉ်ပြီး သင်လည်း စိတ်ဓာတ်ခွန်အားဖြစ်လာစေပါတယ်။
ဒီလောကမှာ ဘယ်သူကမှ အထူးစွမ်းအင်တွေပိုင်ဆိုင်ပြီးမွေးလာတာမရှိပါဘူး။ အရာအားလုံးပိုင်ဆိုင်ပြီးမွေးလာတဲ့သူလည်း မရှိပါဘူး။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီးမှ ကိုယ်အလိုရှိတာကို ရလာနိုင်တာပါ။ အဲဒါကြောင့် “မဖြစ်နိုင်ဘူးလား….ငါဘာလို့မဖြစ်နိုင်ရမှာလဲ” ဆိုပြီးတွေးလိုက်ပါ။

၂) သင့်ကိုသင်စိန်ခေါ်ပါ။
ဒုတိယတခုအနေနဲ့ ကိုယ့်ကိုကိုယ်စိန်ခေါ်ကြည့်လိုက်ပါ။ ကိုယ့်ကိုကိုယ်မေးလိုက်ပါတယ်….. “ဒီနေ့ကျရှုံးမှုတွေကို သင်အနိုင်မယူနိုင်ဘူးလား၊ နောက်ထပ်လအနည်းငယ်အကြာမှာ ဒီကျရှုံးမှုတွေက သင့်အတွက်ဘာမှမဟုတ်တဲ့အရာတွေဖြစ်လာမှာပါ။” ဒီကာလအတောအတွင်းမှာ အကောင်းဆုံးကြိုးစားပြမယ်၊ ဘာလို့မလုပ်နိုင်ရမှာလဲ။ စသည်ဖြင့် ကိုယ့်ကိုကိုယ်စိန်ခေါ်တဲ့စကားမျိုးပြောကြည့်လိုက်ပါ။

၃)ဘာကြောင့်အရှုံးပေးရမှာလဲ လို့တွေးပါ။
ကျွန်တော်တို့ ကိုယ့်ကိုကိုယ် လက်လျှော့လိုက်ပါတော့မယ်….လို့တွေးမိတာနဲ့ တပြိုင်တည်း “ဘာလို့ အရှုံးပေးရမှာလဲ၊ ဘာကြောင့် အရှုံးပေးရမှာလဲ” လို့တွေးပြီး သင့်ရဲ့လက်လျှော့ရမယ့်အကြောင်းရင်းကို ပြန်ရှာပါ။ အဲဒီ့အခါ သင့်ရဲ့လက်လျှော့ရတဲ့အကြောင်းရင်းက သင်ဖြေရှင်းနိုင်တဲ့ကိစ္စသေးသေးလေးဖြစ်နေပါလိမ့်မယ်။ တကယ်တမ်း ဘာမှမဟုတ်ဘဲ ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ကိစ္စအသေးအဖွဲလေးတွေကို မကျော်ဖြတ်နိုင်ဘူးလို့ ထင်နေတတ်ကြပါတယ်။ ဒါမှမဟုတ် သင်မထိန်းချုပ်နိုင်တဲ့ကိစ္စဆိုရင် နောက်ထပ်ဘယ်လမ်းကြောင်းနဲ့ သင်ရှေ့ဆက်မလဲဆိုတာ တွေးပါ။ အဲဒါက သင့်ကို နောက်ထပ်နည်းလမ်းတစ်ခုရှာတွေ့စေနိုင်ပါတယ်။
“ဒါလည်း အချိန်တန်ပြီးသွားမှာပါ” အချိန်တစ်ခုမှာ ခုကြုံနေသမျှက ဟာသတွေ၊ ရယ်စရာတွေဖြစ်သွားအုံးမှာပါ။ အရင့်အရင်က ပြဿနာအခက်အခဲတွေလည်း ခုချိန်ပြန်တွေးရင် ဘာမှမဟုတ်တဲ့ကိစ္စလေးတွေပဲ ဖြစ်နေတတ်တာမဟုတ်လား။ အဲဒါကြောင့် နောင်တစ်ချိန်မှာ ဘာမှမဟုတ်မယ့်ကိစ္စလေးအတွက်နဲ့ လက်မလျှော့လိုက်ပါနဲ့။

၄) သင်အောင်မြင်ဖူးခဲ့တာတွေကို ပြန်စဉ်းစားပါ။
ရည်မှန်းချက်တွေချမှတ်ခဲ့တာ၊ ချမှတ်ခဲ့တဲ့ရည်မှန်းချက်တွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တာမျိုးတွေကို ပြန်တွေးကြည့်ပါ။ တကယ်တော့ သင့်ကိုသင်မလုပ်နိုင်ဘူးလို့သာ ထင်နေတာပါ၊ သင်လုပ်နိင်ခဲ့တာတွေက အများကြီးပဲဆိုတာ သင်သိလာပါလိမ့်မယ်။ အဲဒါက သင့်ကိုခွန်အားဖြစ်စေမှာပါ။ စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားကြည့်လိုက်ပါအုံး၊ ဒီတစ်ကြိမ်မအောင်မြင်ပေမယ့် နောက်တစ်ကြိမ်အောင်မြင်မှာပါ။

၅) ခဏတဖြုတ်ကိုယ်ရောစိတ်ပါအနားပေးလိုက်ပါ။
အရမ်းကို မွန်းကြပ်နေပြီလို့ခံစားနေရတယ်ဆိုရင် အရင်ဆုံး စိတ်ရောကိုယ်ပါအနားယူလိုက်ပါ။ သင့်ဘဝရဲ့တစ်ချို့အစိတ်အပိုင်းမှာ သင်ထိန်းချုပ်လို့မရနိုင်တဲ့ပြဿနာမျိုးတွေရှိနိုင်ပါတယ်။ ထိုပြဿနာမျိုးအတွက် သင့်ကိုသင်နားလည်သွားအောင် အနားပေးလိုက်ပါ။ ဘာဆိုဘာမှမတွေးတော့ဘဲ အနားယူလို့ စိတ်တည်ငြိမ်သွားပြီဆိုကာမှ သင့်ရဲ့လန်းဆန်းတက်ကြွတဲ့စိတ်တွေနဲ့ အစကပြန်စပါ။

၆) သင်ယူပါ၊ ဖလှယ်ပါ၊ အထောက်အပံ့ပေးပါ။
သင်လက်လျှော့တော့မယ်လို့ ခံစားလိုက်ရတဲ့အချိန်မှာ သင်သိထားတာမလုံလောက်သေးလို့များလား….ဒါမှမဟုတ် သင်ထပ်ပြီး သင်ယူဖို့လိုနေသေးတာလားလို့တွေးပါ။ တကယ်လို့များ သင်သိထားတာထက်ပိုသိရမယ်ဆိုရင် ပိုသင်ယူလိုက်ပါ။ သင်သိထားတာတွေနဲ့ အခြားသူများသိထားတာတွေကို ဖလှယ်ပါ။
သင်လက်မလျှော့ခင်မှာ နောက်ထပ်သင်ယူရင်ဖြစ်လာနိုင်ချေရှိလားမရှီလား သေချာအောင်လုပ်သင့်ပါတယ်။

၇) အမြင့်ကိုတက်တဲ့လှေကားတစ်ခုလုံးအဖြစ်မတွေးပါနဲ့။
တကယ်တော့ အခုအခြေအနေက အမြင့်ကိုတက်မယ့်လှေကားတစ်ခုလုံးမဟုတ်ပါဘူး။ လှေကားတစ်ဆင့်အတွက်ပဲဖြစ်ပါတယ်။ထိုအဆင့်ကို ကျော်ဖြတ်နိုင်ရင် သင်နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်မှာပါ။ တဖြေးဖြေးချင်း တထစ်ပြီးတထစ်လှမ်းတက်သွားဖို့အတွက် ဒီတထစ်နဲ့တင် အရှုံးပေးလို့မဖြစ်သေးပါဘူးနော်။ အဲဒါကြောင့် အတိတ်ကိုလည်း ပြန်မတွေးနဲ့၊ အနာဂတ်မှာဖြစ်ပါ့မလားလို့လည်းမတွေးပါနဲ့။ ခုလှေကားတစ်ဆင့်ကိုသာဘယ်လိုဖြတ်သန်းမလဲပဲတွေးပါ။

၈) လက်မလျှော့လိုက်ပါနဲ့၊ အောင်မြင်မှုအတွက်စိတ်ရှည်ရပါတယ်။
သင်ကြိုးစားနေတာတွေဖြစ်မလာလို့ စိတ်ဖိစီးတယ်၊ စိုးရိမ်ပူပန်တယ်၊ စိတ်ဓာတ်ကျတယ်၊ စိတ်ပျက်တယ်။ လောကမှာ ဘယ်အရာကမှ ချက်ချင်းအောင်မြင်လာတာမရှိပါဘူး။ အားလုံးက အောင်မြင်ဖို့အတွက် အခါခါ အရှုံးတွေရင်ဆိုင်ပြီးမှ အောင်မြင်မှုရနိုင်တာပါ။ ထိုအောင်မြင်သူတွေ၊ မှန်းထားသမျှဖြစ်လာသူတွေရဲ့ သမိုင်းမှာ ဘယ်နှစ်ခါ လက်လျှော့ချင်စိတ်ဖြစ်ပေါ်လာဖူးသလဲ၊ သင်သိလား။ ဘယ်နှစ်ခါ အရှုံးနဲ့ရင်ဆိုင်ဖူးသလဲ သင်သိလား။ သင်လည်း ထိုနည်းလည်းကောင်းပါပဲ။

စိန်ခေါ်မှုတွေကပဲ တစ်နေ့မှာ သင်ဘယ်သူဆိုတာဖြစ်လာစေတာပါ။ သင်အနိုင်ရနိုင်ဖို့ စိန်ခေါ်မှုကိုရင်ဆိုင်နိုင်ဖို့လိုပါတယ်။ ပြီးတော့ စိတ်ရှည်ဖို့လည်း လိုပါတယ်နော်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။