မိသားစုကိုဘယ်လိုအချိန်ပေးမလဲ။

ဒီနေ့ခေတ်မှာက အကုန်လုံးလိုလို ခေတ်ကို အမှီလိုက်ဖို့ ကြိုးစားရုန်းကန်နေရတာချည်းပဲမို့ အလုပ်များကြတဲ့လူတွေချည်းပါပဲ။ အဲဒီ့အခါမှာ မိသားစုကို အချိန်ပေးဖို့ရာ လျစ်လျူရှုထားသလိုဖြစ်လာပါတယ်။ တကယ်တော့ မိသားစုကို အချိန်ပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။ မိသားစုမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်တတ်ခြင်းက အလုပ်ခွင်မှာလည်း အလုပ်ပိုပြီးမြောက်စေဖို့ ၊ စိတ်တက်ကြွဖို့ရာ အထောက်အကူဖြစ်နေစေပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့အားလပ်ချိန်အဖြစ် သတ်မှတ်ထားပြီး ထိုအချိန်မှာ မိသားစုကို အချိန်ပြန်ပေးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် အချိန်ပေးလို့ရစေမယ့် အခြေအနေအပိုင်းအခြားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ အချိန်အတိအကျမတူနိုင်တာမို့ ကိုယ့်အတွက် အဆင်ပြေစေမယ့် အချိန်မျိုးကို ရွေးပြီး မိသားစုကို အချိန်ပေးဖို့ကြိုးစားကြည့်ပါနော်။


၁) တစ်ပတ်အတွင်း ရုံးတက်ရက်နောက်ဆုံးရက်မှာ အလုပ်အကုန်အပြီးသတ်ပါစေ။
ဥပမာ သင်က စနေ၊ တနင်္ဂနွေနေ့ ရုံးပိတ်တဲ့သူဆိုရင် သောကြာနေ့ညနေအထိမှာတင် သင့်ရဲ့လုပ်စရာအလုပ်တွေကို အကုန်အပြီးသတ်ထားပါစေ။ အဲဒါမှ အလုပ်နဲ့ပတ်သက်ပြီး စနိုးစနှောင့်မဖြစ်ရမှာပါ။ မဟုတ်ရင် မိသားစုကို အချိန်ပေးချင်တဲ့စိတ်နဲ့ အလုပ်မပြီးသတ်သေးတဲ့စိတ်နဲ့ကြားမှာ သင်ပိုပြီး စိတ်ဖိစီးရပါလိမ့်မယ်။

၂) သောကြာနေ့ညတွေမှာ ထမင်းအတူစားပါ။
များသောအားဖြင့်က သောကြာနေ့ညလိုမျိုးမှာ အလုပ်တွေအပြီးသတ်ပြီး စနေ၊ တနင်္ဂနွေနားရက်ဖြစ်တာမို့ပါ။ တနင်္ဂနွေတစ်ရက်ပဲပိတ်တဲ့သူတွေအတွက်တော့ စနေနေ့လိုမျိုးမှာ အလုပ်တွေအပြီးသတ်ပြီး ပေါ့ပါးတဲ့စိတ်နဲ့ ရုံးဆင်းချိန်အိမ်အပြန်မှာ အလုပ်အကြောင်းဘာမှမတွေးဘဲ မိသားစုကိုအချိန်ပေးဖို့ပါပဲ။ အဲဒီလိုနေ့မျိုးမှာ အိမ်ပြန်ရောက်တာနဲ့ ထမင်းဝိုင်းအတူပြင်ဆင်တာ၊ မိသားစုနဲ့အတူ အချိန်ပေးစကားပြောတာမျိုးလုပ်နိုင်တာပေါ့။

၃) စိတ်ကိုဖြေလျော့ပြီး စိတ်လက်ပေါ့ပါးအောင်နေပါ။
မိသားစုအချိန်ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့အားလပ်ရက်တွေမှာ အလုပ်ကို နောက်ဆံမတင်းဖို့လိုပါတယ်။ မဟုတ်ရင် စိတ်ဖိစီးမှုပြေလျော့မှာမဟုတ်ဘဲ အလုပ်ကိုစိတ်ကရောက်လိုက် မိသားစုကိုလည်း တာဝန်မကျေသလိုခံစားနေရတာမျိုးဖြစ်နေနိုင်ပါတယ်။ အဲဒါကြောင့် အလုပ်ကို အလုပ်မှာ မေ့ထားခဲ့ပြီး မိသားစုကို အချိန်ပြန်ပေးချိန်မှာတော့ စိတ်ကိုဖြေလျော့ထားပြီး စိတ်လက်ပေါ့ပါးအောင်နေတာ ပိုကောင်းပါတယ်။ အဲဒါက သင့်ကိုလည်း relax ဖြစ်စေမှာပါ။

၄) မုန့်စားရင်း မိသားစုနဲ့အတူ ရုပ်ရှင်ကြည့်မယ်။
ရုပ်ရှင်ကားတစ်ကားကို တစ်မိသားစုလုံး မုန့်စားရင်း အတူထိုင်ကြည့်တာမျိုးကလည်း ရုပ်ရှင်ရုံမသွားလည်း အိမ်မှာတင် အပန်းဖြေလို့ရတဲ့နည်းလမ်းတစ်မျိုးပါပဲ။ စားချင်တဲ့မုန့်တွေ စုပြီး မိသားစုလိုက် ဝိုင်းဖွဲ့ကာ ရုပ်ရှင်ကားအတူကြည့်ပြီး ဇာတ်ကောင်တွေအကြောင်း စမြုံပြန်ရတာလည်း အရသာတစ်မျိုးပါနော်။ ရယ်စရာရှိ အုပ်စုဖွဲ့ရယ်လိုက်တာမျိုးက သင့်ကို စိတ်ဖိစီးမှုပြေလျော့စေလို၊ သင့်မိသားစုကိုလည်း အချိန်ပေးပြီးသားဖြစ်စေတာပေါ့။

၅) စာဖတ်ပြီးဆွေးနွေးမယ်။
ဒီခေတ်မှာ စာအုပ်တစ်အုပ်ဖတ်ပြီး မိသားစုနဲ့အတူ ဆွေးနွေးတာမျိုး ရှားပါးသွားပြီထင်ပါတယ်။ ဘယ်စာအုပ်တော့ ဖတ်ကြည့်သင့်တယ်၊ ဘယ်စာအုပ်ကတော့ ကိုယ်ကြိုက်တယ်။ ဘယ်စာအုပ်ကတော့ အိမ်ကလူတွေနဲ့ ကိုက်ညီမယ်ဆိုတဲ့ အတွေးဖလှယ်တာမျိုးတွေလုပ်လို့ရပါတယ်။
စာဖတ်သူတွေလည်း ကိုယ့်မိသားစုကို ဘယ်လိုအချိန်ပေးဖြစ်လဲဆိုတာလေး မန့်ရင်း မျှဝေခဲ့ပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။