ဒေါသကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းများ

သင်က ANGRY BIRD ဖြစ်နေတယ်ဆိုရင်တော့ ဒီအချက်လေးတွေက သင့်ကိုကူညီပါလိမ့်မယ်။ ဒေါသထွက်တယ်ဆိုတာ လူသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိနေကျ စိတ်ခံစားချက်တစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ ထိန်းချုပ်မှုကင်းမဲ့သွားမယ်ဆိုရင် အပျက်ဘက်ကို ဦးတည်လာနိုင်သလို၊ ဆိုးရွားတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးဆက်ဆံမှုတွေကိုလည်း ထိခိုက်လာနိုင်ပါတယ်။ အလုပ်မှာ သင့်ဘဝမှာ စသဖြင့် မကောင်းတဲ့အကျိုးဆက်တေါဖြစ်လာနိုင်ပါတယ်။ တခါတရံ ဒေါသကို မထိန်းချုပ်နိုင်ခင် ဒေါသစမထွက်မီ စိတ်ပိုင်းဆိုင်ရာခံစားချက်အခြေအနေကို သင့်သတိထားနိုင်မယ်ဆိုရင် ဒေါသကို ထိန်းချုပ်နိုင်စေမှာပါ။ သင့်စိတ်ပိုင်းဆိုင်ရာအရ တခုခုကို သင်စိတ်တိုမိတော့မယ်ဆိုရင်ပေါ့။ အဲဒါကြောင့် သင့်စိတ်တိုဒေါသထွက်ခြင်းကို ထိန်းချုပ်နိုင်လာပါလိမ့်မယ်။ သင့်ရဲ့ပုဂ္ဂိုလ်ရေးစွမ်းရည်တွေ၊ လူမှုဆက်ဆံရေးတွေ၊ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို ထိန်းချုပ်ဖို့က အရေးကြီးပါတယ်။ သင်က angry bird လိုမျိုး ခံစားလာရပြီဆိုရင်တော့ အောက်က အချက်လေးတွေကို လိုက်နာကြည့်ပြီး သင့်ဒေါသကို သင်ထိန်းချုပ်ကြည့်လိုက်ပါနော်။


၁) အသက်ပြင်းပြင်းရှုသွင်းလိုက်ပါ။
သင့်ခန္ဓာကိုယ်မှာ ဒေါသထွက်နေပြီဆိုရင် ဘယ်အရာကိုမဆို အထိခိုက်မခံနိုင်အောင် ဖြစ်လာပါတယ်။ နည်းနည်းလေးထိလိုက်တာနဲ့ပေါက်ကွဲတော့မလိုဖြစ်တာမျိုးပေါ့။ အဲဒီ့အခါမှာ အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်ခြင်း ဒါမှမဟုတ် အသက်ရှုလေ့ကျင့်ခန်ကို အာရုံပြောင်းလိုက်ခြင်းက သင့်စိတ်ကို အပြောင်းအလဲဖြစ်စေပါတယ်။

၂) စက္ကန့်ပိုင်းလောက် သင့်ကိုသင်အချိန်ပေးလိုက်ပါ။
သင်စိတ်တိုဒေါသထွက်နေပြီဆိုရင် သင့်ကိုသင်ခဏတစ်ဖြုတ်တော့ အချိန်ပေးလိုက်ပါ။ စက္ကန့်ပိုင်းလောက် ငြိမ်ငြိမ်လေးနေလိုက်တာက သင့်စိတ်ကို တည်ငြိမ်သွားစေပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာ ၆၀ကနေ ၁ထိရေတွက်နေကြည့်လိုက်ပါ။ သင့်စိတ်က ရေတွက်နေတဲ့ဆီမှာသာ အာရုံရောက်သွားတဲ့အတွက် သင့်ဒေါသတွေ တဖြေးဖြေးချင်းပျောက်ကွယ်သွားပါလိမ့်မယ်။

၃) လမ်းခဏတဖြုတ်လျှောက်လိုက်ပါ။
သင်ဒေါသထွက်လာတဲ့အခါ ဒေါသထွက်စေတဲ့နေရာကနေ ခဏတဖြုတ်လမ်းထွက်လျှောက်လိုက်ပါ။ မတူညီတဲ့လုပ်ဆောင်ချက်တွေနဲ့ သင့်ဒေါသကို ဆွေးနွေးလိုက်ပါ။ အဲဒါက သင့်မှားယွင်းတဲ့အပြုအမူတွေကိုလည်း ဒေါသအလျှောက်မလုပ်ဖြစ်တော့ပါဘူး။

၄) သင့်ကိုဒေါသဖြစ်စေတဲ့အရာတွေကိုသိပါ။
သင့်ကို ဒေါသထွက်စေတဲ့ အခြေအနေတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေ၊ ဖြစ်ရပ်တွေကို သင်သတိထားပါ။ ထိုအခြေအနေမျိုးတွေဖြစ်လာရင် ဒေါသက ထိန်းချုပ်မရနိုင်ဘဲ ပေါက်ကွဲတတ်တယ်ဆိုတာကို သင့်ကိုသင်သတိပေးထားပါ။ ထိုအခြေအနေမျိုးကြုံလာရင် ရှောင်လိုက်ပါ။ သင့်စိတ်ကို အထက်ကပြောပြထားတဲ့အချက်တွေနဲ့အတတ်နိုင်ဆုံးဖြေလျော့ပါ။ အဲဒီလိုဖြေလျော့လို့အဆင်မပြေဘူးဆိုရင်တော့ သင့်ကိုယ်သင်အချိန်ပေးပြီး ဒေါသကိုကိုင်တွယ်ဖို့ သတိထားပါ။ အဲဒီလိုမဟုတ်ရင်တော့ ထိုနေရာကနေ ရှောင်ထွက်ခြင်းက အကောင်းဆုံးပါပဲ။ ဒေါသကြောင့်ဖြစ်တဲ့အကျိုးဆက်တွေက သင့်ကိုပဲ သက်ရောက်စေပါလိမ့်မယ်။

၅) ဒေါသကိုထိန်းချုပ်ဖို့လေ့ကျင့်ပါ။
သင့်စိတ်ကိုတည်ငြိမ်အောင်ထားပါ။ ဆောက်တည်ရာမရ ဒေါသကို လွှတ်ပေးလိုက်မယ်ဆိုရင် အရာအားလုံးဆုံးရှုံးရပါလိမ့်မယ်။ သင့်ရဲ့မကောင်းတဲ့ပုံရိပ်ကိုလည်း အားလုံးကိုပြသလိုက်သလိုဖြစ်နေပါလိမ့်မယ်။ သင်ဘယ်လောက်ကောင်းကောင်း ကိစ္စမရှိပေမယ့် ဆိုးတဲ့ပုံရိပ်ကိုတော့ လူတိုင်းက ရှုံ့ချပါလိမ့်မယ်။ အဲဒါကြောင့် ဒေါသကို ထိန်းချုပ်တဲ့နည်းလမ်းတွေကို အကျင့်ဖြစ်အောင် လေ့ကျင့်ထားသင့်ပါတယ်။ အသက်ကို ရှုသွင်းရှုထုတ်လုပ်တာမျိုး၊ စိတ်ကိုဖြေလျော့စေတာမျိုးပေါ့။

၆) အရာဝတ္ထုတွေကို ရိုက်ချိုးတာ၊ ဖျက်ဆီးတာမျိုးရှောင်ပါ။
သင့်ဒေါသကို ပြေလျော့စေဖို့အတွက် အနီးအနားမှာရှိတဲ့ပစ္စည်းတွေကို ရိုက်ချိုးဖျက်စီးခြင်းက အကျိုးမရှိပါဘူး။ အလုပ်မဖြစ်စေပါဘူး။ သင့်ကိုပဲ ထိခိုက်စေပါလိမ့်မယ်။ သင်တန်ဖိုးထားတဲ့ပစ္စည်းတွေဖြစ်နေခဲ့ရင် သင့်ဒေါသပြေချိန်မှာ သင်ပဲနှမြောတသဖြစ်ရပါလိမ့်မယ်။ အဲဒါက သင့်ဒေါသကို ပြောလျော့စေမှာမဟုတ်ပါဘူး။ အဲဒီ့အစား ဒေါသထွက်တဲ့အခါ သစ်သီးတွေ စားသုံးပေးတာက ကျန်းမာရေးနဲ့တောင်ကိုက်ညီနိုင်ပါသေးတယ်။

၇) ရယ်မောပစ်ဖို့ကြိုးစားကြည့်ပါ။
ရယ်မောခြင်းက သင့်ဒေါသကိုထိန်းချုပ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ အဲဒီလိုအခြေအနေမျိုးမှာ သင်ရယ်မောတတ်ဖို့လေ့ကျင့်သင့်ပါတယ်။ သင့်ပုံရိပ်ကိုလည်း မထိခိုက်စေသလို၊ သင့်ကိုလည်း ဆိုးကျိုးတွေမဖြစ်စေနိုင်ပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ ရယ်မောခြင်းက သင့်ဒေါသတစိတ်တပိုင်းတောင် ပြေလျော့သွားစေနိုင်ပါသေးတယ်။ အဲဒါကြောင့် တခါတရံမှာလည်း ဒီနည်းလမ်းကိုသုံးနိုင်ပါတယ်။

၈)အိပ်စက်လိုက်ပါ။
အရွယ်ရောက်နေတဲ့လူတစ်ယောက်က ၇နာရီနဲ့ ၈နာရီကြားအိပ်စက်ဖို့လိုပါတယ်။ အိပ်ရေးမဝခြင်းက ကျန်းမာရေးဆိုင်ရာပြဿနာတွေအများကြီးဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုပါ ထိန်းချုပ်ရခက်ခဲစေတာမျိုးပေါ့။ အဲဒါကြောင့် အိပ်ရေး၀၀အိပ်စက်ခြင်းကလည်း သင့်ဒေါသထွက်လွယ်ခြင်းကို ထိန်းချုပ်စေနိုင်ပါတယ်။

၉) သင့်ဒေါသတွေပြေလျော့အောင် လေ့ကျင့်ခန်းလုပ်ပါ။
ဒေါသထွက်နေတဲ့အချိန်မှာ ကိုယ်လက်လှုပ်ရှားမှုတခုခုလုပ်လိုက်ခြင်းကလည် းဒေါသပြေစေပါတယ်။ သင့်စိတ်တိုနေတယ်လို့ခံစားရပြီဆိုရင် စက်ဘီးစီးတာမျိုး၊ လမ်းလျှောက်လိုက်တာမျိုး၊ ပြေးတာမျိုး စသဖြင့် သင်နှစ်သက်တဲ့လေ့ကျင့်ခန်းတခုခုလုပ်ခြင်းနဲ့ သင့်အချိန်တွေကို ကုန်ဆုံးစေလိုက်ပါတယ်။ အဲဒီ့လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ သင့်ခံစားချက်တွေပိုကောင်းလာတယ်လို့ခံစားရပါလိမ့်မယ်။ သင့်ရဲ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှာပေးနိုင်ပါယတ်။

၁၀) လျစ်လျူရှုပြီး ပျော်ရွှင်အောင်နေပါ။
တခါမဟုတ် တခါတော့ လူမှုကျင်လည်ရတဲ့ဘဝထဲမှာ ကိုယ့်ကိုစိတ်တိုဒေါသဖြစ်စေတဲ့လူမျိုးကိုကြုံရမှာပါပဲ။ အဲဒီ့အခါမျိုးမှာ အဲဒီလိုလူမျိုးတွေကို လျစ်လျူရှုပြီး ပျော်ရွှင်အောင်ဘယ်လိုနေထိုင်ရမလဲသာ အာရုံစိုက်ပါ။ ရယ်စရာဗီဒီယိုဖိုင်တွေကြည့်တာမျိုး၊ စာတွေဖတ်တာမျိုးလုပ်ပြီး ပျော်ရွှင်အောင် ဘယ်လိုနေထိုင်နိုင်မလဲသာ အာရုံစိုက်ကြည့်ပါ။
https://www.lazoi.com/Member/ViewArticle… လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။