ကလေးကိုအမှီအခိုကင်းစွာ ရှင်သန်နိုင်အောင် ပျိုးထောင်ပေးပါ။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းက အင်မတန်လေးနက်ပြီး တာဝန်ကြီးပါတယ်။ ကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာနေရုံနဲ့ ကလေးကိုပြုစုပျိုးထောင်ခြင်းတာဝန်က ပြည့်စုံတာမဟုတ်ပါဘူး။ အဲဒီလိုပါပဲ ကလေးရဲ့အငြိုအငြင်မခံရစေဘဲ လိုတရပုံစံမျိုးနဲ့ ကလေးလိုချင်တာ၊ ရလိုတာမှန်သမျှကို ဖြည့်ဆည်းပေးခြင်းက ကလေးအတွက် လတ်တလောမှာတော့ ခံစားချက်ကောင်းစေပေမယ့် ရေရှည်မှာတော့ လုံးဝမကောင်းနိုင်ပါဘူး။ ခဏတဖြုတ် ကလေးအငိုတိတ်မှာကို လိုချင်ရုံနဲ့တော့ ကလေးကို အရာအားလုံး အရိပ်တကြည့်ကြည့် အလိုမလိုက်သင့်ပါဘူး။


အဲဒီလို ကလေးကို အငိုမခံဘဲ အလိုလိုက်ခြင်းက ကလေးရဲ့ကြီးပြင်းလာမယ့် ဘဝတစ်လျှောက်မှာ တစ်စုံတစ်ခုရဖို့ အားထုတ်ကြိုးစားရခြင်းကို နားမလည်နိုင်တော့ပါဘူး။ ကလေးအတွက် လိုချင်တာရှိရင် မိဘ သို့မဟုတ် အုပ်ထိန်းသူဆီက တောင်းမယ်၊ တစ်ခါတောင်းလို့မရရင် နှစ်ခါ ဒါမှမဟုတ် အခါခါတောင်းလို့မှမရရင် ငိုယိုဂျီကျသောင်းကျန်းမယ်ဆိုတဲ့ အယူအဆမျိုး ဖြစ်လာစေပါတယ်။ ကလေးငယ်စဉ်မှာလည်း လိုချင်တာရှိရင် ငိုယိုသောင်းကျန်းဆန္ဒပြပြီး တောင်းရင် ရနိုင်တယ်လို့ ထင်မြင်သွားတတ်ပါတယ်။
အရွယ်ရောက်လာလို့ မိဘက အရာအားလုံးကို ဖန်တီးပေးနိုင်တယ်လို့ ထင်သွားတဲ့သားသမီးဟာ ကိုယ့်ရဲ့အစွမ်းအစနဲ့ ဘာကိုမှ ကြိုးစားဖန်တီးဖို့၊ ရရှိပိုင်ဆိုင်နိုင်ဖို့ ကိုယ့်အစွမ်းအစနဲ့မကြိုးစားချင်တော့ဘဲ မိဘအဆင်ပြေမှန်းမသိ၊ အဆင်မပြေမှန်းမသိဘဲ အတင်းပူဆာတတ်တဲ့ သားဆိုးသမီးဆိုးမျိုးဖြစ်လာဖို့ အလားအလာများပါတယ်။
အရွယ်ရောက်လာတဲ့အခါမှာလည်း မိဘက သားသမီးတွေရဲ့ဘဝကို အရာအားလုံးလိုက်စီမံပေးနိုင်မှာမဟုတ်ပါဘူး။ အချိန်တန်လို့ မိဘတွေရဲ့ ဘဝနေဝင်ချိန်ရောက်သွားတဲ့အထိ သားသမီးတွေက ကိုယ့်အားကိုယ်မကိုးဘဲ မိဘကိုသာ အားကိုးနေမယ်ဆိုရင် မိဘကိုယ်တိုင်လည်း ခွန်အားမရှိတော့တဲ့အချိန်မျိုးမှာ သားသမီးတွေက အစွမ်းအစမရှိတဲ့သူဖြစ်လာသလို၊ မိဘလည်း အသေဖြောင့်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် မိဘတွေက သားသမီးဘဝကို ငယ်စဉ်ကတည်းက လိုအပ်တာမှန်သမျှ လိုတရပြည့်စုံအောင်ဖြည့်ဆည်းပေးခြင်းဟာ ကလေးတွေအတွက် အစွမ်းအစမဲ့တဲ့သူဖြစ်လာစေနိုင်ပါတယ်။
အဲဒီလိုမဖြစ်စေဖို့က ကလေးကို ရုပ်ပိုင်းဆိုင်ရာအရ ဖြည့်ဆည်းသင့်တာဖြည့်ဆည်းပေးဖို့လိုသလို၊ ကလေးကိုယ်တိုင်ကြိုးစားဖန်တီးယူနိုင်ခြင်း၊ ကလေးကိုယ်တိုင်တာဝန်ယူတတ်စေခြင်းကိုလည်း ကလေးဘဝတည်းက သင်ပေးဖို့အရေးကြီးပါတယ်။ ကလေးတစ်ယောက်ရဲ့အစွမ်းအစကို ဖြစ်ပေါ်လာစေဖို့ ပြုစုပျိုးထောင်ပေးခြင်းက ကလေးတစ်ယောက်ရဲ့အုပ်ထိန်းသူ၊ မိဘအပေါ်မှာ အများကြီးမူတည်နေတာဖြစ်ပါတယ်။
အဲဒါအပြင် ကလေးတစ်ယောက်ကို သူ့အရွယ်အလိုက် သူ့ရဲ့တာဝန်ကို ယူတတ်ဖို့ သင်ပေးရပါတယ်။ တချို့မိဘတွေက “ကလေးမို့ မလုပ်တတ်သေးဘူး” “ကလေးကို မခိုင်းနဲ့….ဘယ်လိုလုပ်တတ်အုံးမှာလဲ” “ကလေးက ဘာသိအုံးမှာလဲ” “ကြီးလာရင် သူ့ဟာသူ နားလည်လာမှာပါ” ဆိုတဲ့စကားတွေထက် ကလေးကို သူ့တာဝန်သူယူတတ်အောင် အရွယ်အလိုက် သူလုပ်နိုင်တာလေးတွေကို တာဝန်ပေးသင့်ပါတယ်။ ဥပမာ။ ၂နှစ် ၃နှစ်အရွယ်ကလေးကို ဆော့ကစားပြီးအရုပ်လေးတွေ သူ့နေရာသူပြန်ထားခိုင်းတာမျိုး၊ ကြမ်းခင်းမှာ ရေဖိတ်သွားတာမျိုးကို ပြန်သုတ်ဖို့သင်ပေးတာမျိုး၊ စာအုပ်ကို စာအုပ်စင်ပြန်ထားတာမျိုး၊ သွားတိုက်တာ၊ မျက်နှာသစ်တာ၊ ခေါင်းဖြီးတာမျိုး ။
အသက်၄နှစ်၊ ၅နှစ်အရွယ် ကလးကို အိပ်ရာသိမ်းခိုင်းတာမျိုး၊ ထမင်းဝိုင်းကူပြီးပြင်ဆင်ခိုင်းတာမျိုး စသဖြင့်ပေါ့။ ကလေးအရွယ်အလိုက် တာဝန်ကိုပိုပြီး သိတတ်လာအောင် သင်ပေးတာ၊ တာဝန်ယူခိုင်းတာမျိုး ပုံမှန်လို လုပ်သွားတဲ့အခါ ကလေးအတွက် တာဝန်ရယ်လို့ အထူးအထွေမခံစားရတော့ဘဲ သူ့ရဲ့တစ်နေ့တာမှာ သူ့လုပ်သင့်တာလို့ထင်မြင်သွားပါတယ်။ အဲဒါကြောင့်ပဲ တာဝန်သပ်သပ်ရယ်လို့မခံစားရတော့ဘဲ သူ့တာဝန်သူယူခြင်းက ပုံမှန်ကိစ္စတစ်ခုဖြစ်သွားပါတယ်။
တချို့မိဘတွေက သားသမီးကို စာလုပ်နေရင်ပြီးရော…..စာတော်နေရင်ပြီးရော…..ဆိုတဲ့အတွေးမျိုးနဲ့ ထမင်းခူးတာက အစ၊ သနပ်ခါးလိမ်းတာအဆုံး၊ ရေသောက်တာအစ၊ ထမင်းပန်းကန်ဆေးပေးတာအဆုံး လုပ်ပေးတာမျိုးရှိပါတယ်။ ထိုသားသမီးတွေက ပညာတတ်တွေတတ်၊ ကျောင်းမှာ အမှတ်ကောင်းတွေရနေပေမယ့် ၊ တကယ်တမ်း အိမ်တစ်အိမ်မှာ ၊ မိသားစုတစ်ခုမှာ သူ့ရဲ့တာဝန်က ဘာလဲဆိုတာကို သူနားမလည်တော့ပါဘူး။ သူ့ဘဝမှာ တစ်ခါမှလည်း မလုပ်ဖူးတဲ့အတွက် လူအများကြားမှာ တစ်ဦးတည်းရှင်သန်ရတာမျိုးကြုံလာရင်လည်း ပုံမှန်နေ့စဉ်တာဝန်လေးကိုတောင် တာဝန်ယူရကောင်းမှန်းမသိတာမျိုးဖြစ်လာတတ်ပါတယ်။ တချို့အရွယ်ရောက်လာတဲ့ကလေးတွေဆိုရင် ထမင်းစားပြီးသားပန်းကန်ကိုတောင် မိဘက အဆင့်သင့်ဆေးပေးနေတဲ့အခါ ဒါမှမဟုတ် အိမ်ဖော်ကဆေးပေးတာမျိုးဖြစ်နေတဲ့အတွက် တကယ့်လူမှုအသိုင်းအဝန်းမှာပဲဖြစ်ဖြစ်၊ အခြားနယ်ပယ်တစ်ခုရောက်သွားတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ်စားထားတဲ့ထမင်းပန်းကန်ကိုတောင် ဆေးပေးရကောင်းမှန်းမသိတဲ့ကလေးမျိုးတွေအများကြီး မြင်ဖူးပါတယ်။
နောက်ထပ်ပြဿနာတစ်ခုကတော့ တိုင်းတစ်ပါးမှာကျောင်းသွားတတ်တဲ့အခါမျိုးပါပဲ။ မြန်မာမိဘတွေရဲ့ ကလေးကိုဘာမှမလုပ်တတ်သေးဘူး…..ဆိုတဲ့အတွေးနဲ့ အရာအားလုံးလုပ်ပေးတတ်ခြင်းက ကလေးတွေက အခြားသောနိုင်ငံမှာ တစ်ဦးတည်းကျောင်းတက်ရတဲ့အခါမျိုး၊ တစ်ယောက်တည်းရှင်သန်ဖို့အခက်အခဲဖြစ်တာမျိုးတွေကြုံလာတတ်ပါတယ်။ ထမင်းအိုးကို ပေါင်းအိုးနဲ့မတည်တတ်တာမျိုး၊ ဟင်းမချက်တတ်တာမျိုး ၊အိမ်မရှင်းတတ်တာမျိုးတွေဖြစ်လာပါတယ်။ အဲဒီလို ပုံမှန်နေ့စဉ်ရှင်သန်မှုတာဝန်လေးတွေကိုတောင် တာဝန်မယူနိုင်တဲ့ကလေးဟာ သူ့ရဲ့ဘဝတစ်ခုလုံးကို မိဘတွေမရှိတော့တဲ့အခါကျရင် ဘယ်လိုများတာဝန်ယူနိုင်မလဲ။
ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အခါမှာလည်း ဘဝတစ်လျှောက်လုံးအတွက် သူ့ရဲ့ကိုယ်တိုင်ကြိုးစားမှုနဲ့ ကိုယ်ပိုင်အစွမ်းအစရှိခြင်းမရှိခြင်းကသာ သူ့ဘဝရဲ့အာမခံချက်ဖြစ်မှာပါ။ ကိုယ်တိုင်အမှန်အမှားခွဲခြားနိုင်ပြီး ကိုယ့်အစွမ်းအစနဲ့ကိုယ်ကြိုးစားရကောင်းမှန်းသိပြီး တကယ်ကြိုးစားတဲ့ကလေးက သူ့ဘဝလမ်းကို သူကိုယ်တိုင်ကြိုးစားဖောက်နိုင်မှာဖြစ်လို့ မိဘတွေစိတ်ပူစရာလိုမှာမဟုတ်ပါဘူး။ အဲဒီလိုမဟုတ်ဘဲ မိဘကအရာအားလုံးလိုက်ဖြေရှင်း၊ လိုက်တွေးပြီး လိုက်ဆုံးဖြတ်ပေးနေရတဲ့ကလေးမျိုးကတော့ မိဘမရှိတော့ဘဲအခါမှာ သူ့ဘဝကိုသူတည်ဆောက်တဲ့အခါ ဖရိုဖရဲဖြစ်မှာ သေချာသလောက်ပါပဲ။
အဲဒါကြောင့် သင့်ရဲ့ကလေးကို “ငယ်သေးလို့…..၊ ဘာမှမလုပ်တတ်သေးလို့…..၊ ဘာမှမတတ်လို့…..” ဆိုပြီး အရာအားလုံး လိုက်ပြီး တာဝန်မယူပေးပါနဲ့။ ဘာမှမခိုင်းဘဲမနေပါနဲ့။ ကလေးဘဝထဲက သူ့အရွယ်အလိုက် သူနိုင်သလောက် တာဝန်လေးတွေယူပါစေ၊ တာဝန်ယူတတ်ဖို့သင်ပေးပါ။ အလေ့အကျင့်လုပ်ခိုင်းပါ။ တစ်နေ့မှာ ဘယ်သူ့ရဲ့အမှီအခိုမှ မပါဘဲ သူ့ဘဝကိုသူတာဝန်ယူတတ်ပြီး အမှီအခိုကင်းစွာရှင်သန်တတ်သူဖြစ်အောင် သင်ပေးခြင်းက ကလေးကိုအကောင်းဆုံးအမွေပေးခဲ့ခြင်းပါပဲလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။