မိဘနဲ့သားသမီးကြား ဆက်ဆံရေးကို အဆင်မပြေစေသောအကြောင်းရင်းများ
မိဘနဲ့သားသမီးကို အဆင်မပြေစေတဲ့အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ညှိုနှိုင်းပြီး အပြန်အလှန်ဆွေးနွေးကြရင် အဆင်ပြေနိုင်ပါတယ်။ ခက်တာက အဆင်မပြေတဲ့မိသားစုတော်တော်များများက ညှိုနှိုင်းလို့မရတာပဲဖြစ်ပါတယ်။ အမှန်တော့ သားသမီးကလည်း သားသမီးအလျောက် ထိန်းသိမ်းသင့်တာကိုထိန်းသိမ်းပြီး မိဘစကားလိုက်နာသင့်တာကိုလိုက်နာ၊ မိဘကလည်း မိဘဆိုပြီး တစ်ဖက်စောင်းနင်းမလုပ်ဘဲ သားသမီးကိုနားလည်ပေးသင့်တာကိုနားလည်ပေးမယ်ဆိုရင် အဆင်ပြေကြမှာပါ။ အဲဒါကြောင့် ဘယ်လိုဆက်ဆံမှုမျိုးတွေက မိဘနဲ့သားသမီးကြားအဆင်မပြေစေသလဲဆိုတာဖတ်ကြည့်ပြီး ဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။မိဘနဲ့သားသမီးကြား ဆက်ဆံရေးကို အဆင်မပြေစေသောအကြောင်းရင်းများ
မိဘတော်တော်များများက “ငါမိဘ……ပြောတာနားထောင်၊ အထွန့်မတက်နဲ့” ဆိုပြီး လုပ်တတ်ကြတာမြင်ဖူးမှာပါ။ အဲဒီလိုမျိုး မိဘဆိုတာနဲ့ သားသမီးက ဘာမှပြန်ပြီး ဖြေရှင်းခွင့်၊ ရှင်းပြခွင့်မရှိတဲ့အခါ သားသမီးက မိဘနဲ့ဆွေးနွေးဖို့၊ တိုင်ပင်ဖို့ တွေးတော့မှ မဟုတ်ပါဘူး။ မိဘတွေကိုဘာပြောပြော ဘယ်လိုမှညှိုနှိုင်းလို့ရမှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ သားသမီးကလည်း လုပ်ချင်ရာလုပ်တတ်သူတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် မိဘဖြစ်နေပေမယ့်လည်း သားသမီးရဲ့စကား၊ သားသမီးတွေဖြစ်ချင်စိတ်ကို အရင်နားထောင်ပေးသင့်ပါတယ်။ ဘယ်ဟာကတော့ဖြစ်သင့်တယ်၊ ဘယ်ဟာကတော့ မလွန်စေနဲ့ရယ်လို့ တိုင်ပင်နိုင်တဲ့မိဘဖြစ်မှသာ သားသမီးကလည်း လမ်းမှားမရောက်မှာဖြစ်ပါတယ်။ (လုံးဝအပြင်းအထန်ထားမြစ်သင့်တဲ့ ကိုယ့်ကျင့်တရားဆိုင်ရာအပြစ်များ၊ လူမှုရေးကျင့်ဝတ်များနဲ့ အရက်သေစာ၊မူးယစ်ဆေးလိုမျိုးကတော့ တားမြစ်ရမှာဖြစ်ပါတယ်)
၂) ထိန်းချုပ်လွန်းခြင်း
တချို့မိဘတွေက သားသမီးကို အရမ်းထိန်းချုပ်တတ်ပါတယ်။ သားသမီးက သူ့စိတ်နဲ့သူကိုယ်….သူဖြစ်ချင်တာလေးတွေ ပုံဖော်ခွင့်မရဘဲ “ဆရာဝန်ပဲဖြစ်အောင်လုပ်ပါသားရယ်၊ ဆေးကျောင်းပဲတက်ရမယ်နော်၊” တို့ဆိုတာမျိုးတွေနဲ့ သားသမီးက ဘာဖြစ်ချင်မှန်းတောင် အရေးလုပ်မဆွေးနွေးတဲ့မိဘတွေရှိပါတယ်။ အဲဒါက သားသမီးဖြစ်ချင်တာကို ပုံဖော်ခွင့်မပေးတဲ့အပြင် သားသမီးရဲ့ကြိုးစားချင်စိတ်ကိုပါ သတ်ပြစ်လိုက်တာနဲ့အတူတူပါပဲ။
၃) ခေတ်ကိုမလေ့လာခြင်း
မျိုးရိုးကွာဟခြင်းက မိဘနဲ့သားသမီးကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာပါပဲ။ မိဘလုပ်သူက အရာအားလုံးကို ရှေးရိုးပေတံကြီးနဲ့တိုင်းပြီး “ငါတို့တုန်းက ဘယ်လို…..ဘယ်ကဲ့သို့…..” ရယ်လို့ ပြောနေလို့ သားသမီးက နားထောင်မှာမဟုတ်ပါဘူး။ သားသမီးရောက်နေတဲ့ခေတ်ကို နားလည်အောင် စနည်းနာသင့်ပါတယ်။ သိသင့်သလောက်သိထားတဲ့အခါ သားသမီးကို အရမ်းထိန်းချုပ်စရာလိုဘဲ လွတ်လပ်ခွင့်ပေးသင့်တာပေးလို့ ထိန်းချုပ်သင့်တာထိန်းချုပ်ပြီး ဘေးကနေ လမ်းမှားမရောက်အောင် ထိန်းကျောင်းနိုင်ပါတယ်။
၄) မျက်စိစုံမှိတ်အလိုလိုက်ခြင်း
တချို့မိဘတွေကျပြန်တော့ ခေတ်ကိုလည်း မလေ့လာတော့တဲ့အပြင် သားသမီးရဲ့အခြေအနေကိုလည်း သိအောင် မကြိုးစားတော့ပါဘူး။ မျက်စိစုံမှိတ်ပြီး “လိုက်လို့မမီဘူး……” ဆိုပြီး လုပ်တတ်ပါတယ်။ သားသမီးကို မျက်စိစုံမှိတ်ယုံထားလိုက်ပြီး “သူသိတယ်……ငါက ဘာမှသိတာမဟုတ်ဘူး” ရယ်လို့ ဂုဏ်ယူပြီးတောင် ပြောတတ်ပါသေးတယ်။ သားသမီးလုပ်တာမှအမှန်ဆိုပြီး သားသမီးစကားနားထောင်တတ်တဲ့မိဘမျိုးပါ။ သားသမီးက အဲဒီ့အခါ စဉ်းစားဆင်ခြင်ဉာဏ်နဲ့ပြည့်ဝရင် အဆင်ပြေနိုင်ပေမယ့် သားသမီးက ဆင်ခြင်နိင်စွမ်းအားနည်းရင် ထင်ရာစိုင်းတော့တာပါပဲ။ တကယ်တော့ အဲဒီလိုလည်း မဖြစ်သင့်ပါဘူး။ သားသမီးရဲ့အခြေအနေအရပ်ရပ်ကို လေ့လာပြီး ဘေးကနေ ထိန်းပေးသင့်တာထိန်းပေးရမှာဖြစ်ပါတယ်။
၅) စိတ်ခံစားချက်ချင်းနားမလည်ခြင်း
သားသမီးနဲ့မိဘကြား အပြန်အလှန်ဖြစ်စေချင်တာကို နားလည်မှဖြစ်မှာပါ။ တော်တော်များများကတော့ မျက်နှာချင်းဆိုင်လိုက်တာနဲ့ မိဘက သူတို့ဖြစ်ချင်တာကိုတိုက်တွန်းနေပြီး သားသမီးဖြစ်ချင်တာကိုလည်း နားမထောင်ပေးတတ်ကြပါဘူး။ အမှန်တော့ သားသမီးဖြစ်ချင်တာကို အရင်နားထောင်ပေးလိုက်မှ သားသမီးက ကျေနပ်တတ်ပါတယ်။ သားသမီးဖြစ်ချင်တာကို သေချာနားထောင်ပေးပြီးမှ မိဘကလည်း ကိုယ့်ရဲ့အခြေအနေကို အမှန်အတိုင်းဖွင့်ပြဆွေးနွေးပြီး ဖြစ်နိုင်မဖြစ်နိုင်ပြောပြသင့်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးဖြစ်လာဖို့က သားသမီးငယ်စဉ်ကတည်းနဲ့ သားသမီးနဲ့ စိတ်ပိုင်းဆိုင်ရာအားဖြင့် ရင်းနှီးမှု emotional attachment ရှိထားအောင် မိဘက ကျင့်သုံးထားရမှာဖြစ်ပါတယ်။