မှန်ကန်သော ဘဝရည်မှန်းချက်တိုင်းသည် အင်မတန်မှ ခြောက်ခြားစရာကောင်းလှသည်။
ရည်မှန်းချက် ကြီးကြီးမားမားရှိတတ်တဲ့သူတိုင်းကိုကြည့်လိုက်ရင် အချိန်ကို အလဟဿမဖြုန်းတီးတတ်တာကို တွေ့ရမှာပါ။ ပေါ့ပေါ့တွေးတဲ့ဘဝက ပေါ့ပေါ့နေလို့ရပေမယ့် ဘဝကလည်း ဘာမှမဖြစ်လာနိုင်ပါဘူး။ လေးနက်စွာတွေးတဲ့ဘဝကတော့ တည်ငြိမ်လေးနက်ပြီး ပေါ့ပါးတဲ့ဘဝတွေလောက်တော့ ဘယ်သာယာနိုင်ပါ့မလဲ။ ဒါပေမယ့် အချိန်တန်တဲ့အခါ ပေါ့ပေါ့တွေးတဲ့သူက ဘယ်နေရာမှမရောက်နေပေမယ့် လေးနက်စွာတွေးတဲ့သူကတော့ နေရာတစ်ခုမှာ တန်ဖိုးရှိစွာရပ်တည်နေနိုင်မှာပါ။
သူသယ်ဆောင်ထားတဲ့ ရည်မှန်းချက်က တန်ဖိုးကြီးတာကိုး။
တန်ဖိုးကြီးမားတဲ့အရာဆိုတာ လွယ်လွယ်နဲ့တော့ ဘယ်ရနိုင်ပါ့မလဲ။ တန်ဖိုးကြီးတာ ရနိုင်ဖို့ တန်ကြေးကြီးကြီးတော့ ပေးရတာပဲလေ။ အဲဒီတော့ ဘဝကို တန်ဖိုးကြီးမားစေချင်သူတိုင်းက သူတို့ဘဝကိုတော့ ဘယ်လိုလုပ် လွယ်လွယ်နဲ့ဖြတ်သန်းလို့ရနိုင်ပါ့မလဲ။ အက်မင်က စာလေးတစ်ပုဒ်ဖတ်ဖူးပါတယ်။ သူဌေးတစ်ယောက်က အသက်ငယ်ငယ်နဲ့သူဌေးဖြစ်နေတော့ လူတစ်ယောက်ကမေးပါတယ်။
“ဒီအသက်နဲ့ ဒီလောက်ချမ်းသာနေတာ ဘယ်လောက်တောင်ကြိုးစားခဲ့သလဲ” လို့မေးတော့ ငယ်ငယ်ကတည်းက ဆင်းရဲတဲ့မိသားစုက ကြီးပြင်းလာရတာမို့လို့ အသက်ငယ်ငယ်နဲ့ အလုပ်ပေါင်းစုံလုပ်ခဲ့ရတဲ့အကြောင်းတွေ၊ အလုပ်ကြိုးစားရင်းနဲ့ ရတဲ့ပညာပေါင်းစုံကိုလည်း ရသလို သင်ယူခဲ့ပြီး လူငယ်ဘဝကို ပျော်ရွှင်စွာ မကုန်ဆုံးခဲ့ရဘူးဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ မေးတဲ့သူက ထပ်မေးပြန်ပါတယ်။ အဲဒါဆို တခြားလူငယ်တွေ ပျော်ပါးတဲ့လွတ်လပ်တဲ့ဘဝကို ဖြတ်သန်းနေတဲ့အချိန်မှာ သူဌေးကတော့ “လူငယ်ဘဝရဲ့အနှစ်သာရကို မခံစားခဲ့ရဘူးဆိုတော့ ဘဝက ဘာအဓိပါ္ပယ်ရှိပါတော့မလဲ….” ဆိုတဲ့မေးခွန်းပါ။ သူဌေးဖြေသွားတဲ့အဖြေကတော့ သိပ်ကောင်းပါတယ်။ “ဟုတ်တာပေါ့…..တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရတာ သဘာဝပဲလေ….။ အဲလိုစွန့်လွှတ်နိုင်ခဲ့လို့ ဒီနေ့မှာ ဒီလိုဘဝကို ရောက်ခဲ့တာပေါ့” လို့ပြန်ဖြေခဲ့ပါတယ်။
ထိုစကားက အရမ်းကိုမှန်ပါတယ်။ လောကမှာ တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရစမြဲပါပဲ။ ကိုယ်ရွေးချယ်တဲ့တစ်ခုက ကိုယ့်အသက်မက တန်ဖိုးကြီးနေတယ်ဆိုရင် စွန့်လွှတ်ရတာမတန်ဘူးလား။ ကိုယ့်ကိုကိုယ်ပြန်မေးသင့်ပါတယ်။ အဲဒီလိုပါပဲ…..လွတ်လပ်ပျော်ရွှင်ချင်တယ်ဆိုရင် ပေါ့ပေါ့ပါးပါးဘဲ ဘဝကို ဖြတ်သန်းပေါ့။ အချိန်တန် ကိုယ့်ထက်မြင့်မားတဲ့နေရာ၊ အဆင့်အတန်း၊ ဘဝကို ပိုင်ဆိုင်သူတွေကို ငေးမောအားကျနေရုံနဲ့တင် နှစ်သိမ့်နေနိုင်တယ်ဆိုရင် သဘောပါပဲ။ ရွေးချယ်သူရဲ့သဘောပါပဲ။
အဲလိုတော့ မနေနိုင်ဘူး၊ ကိုယ်တိုင်က ဘဝကိ အဓိပ္ပါယ်ရှိစွာ၊ လေးနက်စွာဖြတ်သန်းမယ်ဆိုရင်တော့ လွတ်လပ်ပေါ့ပါးတဲ့ဘဝကို စွန့်လွှတ်ရတာပါပဲ။ အဲဒါတင်မကဘူး….ဒီထက် ပိုပြီး ကြမ်းတမ်းတဲ့ လမ်းကြောင်းတစ်ခုကိုလည်း လျှောက်ရင်လျှောက်ရမှာပါပဲ။ ကိုယ်က တန်ဖိုးရှိတဲ့နေရာတစ်ခုကို ရောက်ချင်တာကိုး။ အဲဒါကြောင့် မြင့်မားတဲ့ရည်မှန်းချက်ကို မှန်းတတ်သူတိုင်းက ခြောက်ခြားစရာကောင်းတဲ့လမ်းကြောင်းပေါ်ကို လျှောက်လှမ်းရဲရတာပါပဲ။ “ကြောက်ရင်လွဲ…..ရဲရင်မင်းဖြစ်” ဆိုတဲ့စကားက အလကားဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ ရဲရဲဝင့်ဝင့် လျှောက်လှမ်းရဲသူသာလျှင် အထွဋ်အထိပ်ကို ရောက်ရမှာပါ။
အဲဒီ့တော့ စာဖတ်သူများလည်း ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်ပါအုံး။ ကိုယ်က ဘဝကို ဘယ်လိုများဖြတ်သန်းနေမိသလဲ၊ ရည်မှန်းချက်တွေတော့ ရှိပါရဲ့……ပေါ့ပါးတဲ့ဘဝပုံစံနဲ့ဖြတ်သန်းမိနေတယ်ဆိုရင် ခုပဲပြင်ဆင်လို့ရပါသေးတယ်။ အဲဒါမှ အချိန်လွန်တဲ့အခါ ရည်မှန်းချက်တွေဖြစ်မလာပါဘူးလို့ ညည်းတဲ့အချိန်ရောက်မလာမှာပါ။
မြင့်မားတဲ့ရည်မှန်းချက်တွေထားပြီး ဘဝကိုလည်း လေးနက်စွာ တန်ဖိုးထားဖြတ်သန်းမယ်ဆိုရင်တော့ စာဖတ်သူရဲ့ရည်မှန်းချက်တွေက တစ်နေ့မဟုတ် တစ်နေ့တော့ ဖြစ်လာမှာပါလို့ နှိုးဆော်ရင်း ဒီဆောင်းပါးလေးကို ဖော်ပြလိုက်ရပါတယ်။ #BAWA101