အချိန်ဆွဲတတ်တဲ့အကျင့်ကို ဘယ်လိုပြင်မလဲ။
ကိုယ့်မှာ အလုပ်တစ်ခုခုလုပ်မယ်ဆိုရင် အချိန်ဆွဲတတ်တဲ့အကျင့်ရှိနေတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို အဓိကလုပ်ကြည့်လိုက်ပါနော်။ အဓိကက ကိုယ့်စိတ်ကိုသတိပြန်ပေးပြီး ကိုယ့်ကိုယ်ကိုယ်ပြန်တွန်းအားပေးဖို့ပါပဲ။ အဲဒါကတော့ ဘယ်သူမှလုပ်ပေးလို့မဖြစ်နိုင်ဘဲ ကိုုယ်တိုင်လုပ်မှရမှာဖြစ်ပါတယ်နော်။
ဘယ်အလုပ်မဆို စတင်မယ်လို့တွေးလိုက်တာနဲ့တင် “နောက်ပြီးရင်လုပ်မယ်….၊ ဒါပြီးမှလုပ်မယ်၊ ဒါလေးပဲခဏလေးပြီးရင်လုပ်မယ်” ဆိုတဲ့အတွေးမျိုးကို ဖျောက်ပစ်ပါ။ “မဖြစ်ဘူးလေ…ငါအချိန်ဆွဲတတ်တဲ့အကျင့်ကိုပြင်ချင်တယ်မဟုတ်လား၊ အဲဒါဆို ဒီစိတ်တွေကို မေ့ပစ်မှရမယ်” ဆိုတဲ့ ကိုယ့်စိတ်ကိုယ် ပြန်သတိပေးဖို့လိုပါတယ်။ အလုပ်မစတင်ခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် ဒီတစ်ခါ အချိန်ဆွဲတဲ့အကျင့်ကို မရရအောင်ဖျောက်မယ်လို့တွေးထားမှရမှာပါ။ အဲဒီ့စိတ်ကလည်း ကိုယ်တိုင်လုပ်မှရမှာမို့ ကိုယ့်စိတ်ကိုယ်ပြန်သတိပေးပါ။
၂) အလုပ်ပြီးဆုံးနိုင်ချိန်ကို ခန့်မှန်းသတ်မှတ်ပါ။
စတင်မယ်လို့တွေးလိုက်တာနဲ့ ကိုယ့်အလုပ်ပြီးဆုံးနိုင်မယ့်အချိန်ကို ခန့်မှန်းပြီး သတ်မှတ်လိုက်ပါ။ ဥပမား တစ်နာရီနဲ့ပြီးမယ့်အလုပ်ဆို တစ်နာရီအတွင်းပြီးအောင်လုပ်မယ်ပေါ့။ အဲဒီလိုသတ်မှတ်ပြီးတာနဲ့ ပြီးဆုံးသင့်တဲ့အချိန်ကို dead line ပုံစံကိုယ့်ကိုယ်ကိုယ်သတ်မှတ်ပေးလိုက်ပါ။ “ငါဒီအလုပ်ကို အခုဘယ်နှစ်နာရီမှာစတင်မယ်၊ ဘယ်အချိန်ရောက်ရင်တော့ ပြီးရမယ်” လို့စိတ်ထဲတွေးလိုက်ပါ။
၃) စတင်လုပ်ဆောင်တာနဲ့ သတိကပ်ထားပါ။
စလုပ်တာနဲ့တပြိုင်တည်း ပြီးရမယ့်အချိန်ကို စိတ်ထဲမှတ်ထားတဲ့အတွက် ကိုယ့်စိတ်ကိုယ်ပြန်ပြီး တွန်းအားပေးနေသလိုဖြစ်စေပါတယ်။ ပြီးရမယ့်အချိန်ကို မေ့ထားလို့မဖြစ်ပါဘူးနော်။ ငါဒီအလုပ်ကို ဒီအချိန်အတွင်းပြီးအောင်လုပ်မယ်ရယ်လို့ တမင်ကို ကိုယ့်ကိုယ်ကိုယ်သတိပေးနိုင်အောင်တွေးခိုင်းတာဖြစ်ပါတယ်။ အဲလိုတွေးနေခြင်းအားဖြင့် သတိမလွတ်တော့ဘဲ တခြားအချိန်ဖြုန်းမယ့်ကိစ္စတွေကို အာရုံမရောက်နိုင်တော့ပါဘူး။
၄) သတ်မှတ်ချိန်တွင်းပြီးအောင် လုပ်မည်ဟုဆုံးဖြတ်ပါ ။
ကိုယ့်ကိုယ်ကိုယ်လည်းခိုင်မာတဲ့ဆုံးဖြတ်ချက်သတ်မှတ်ထားပါ။ မပြီးပြီးအောင်လုပ်မယ်ပေါ့၊ ရအောင်လုပ်မယ်ပေါ့။ အဲဒီလိုစိတ်ကိုဆုံးဖြတ်ထားပါ။ တနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်ပြန်ပြိုင်တဲ့သဘောပါပဲ။ ဒီအလုပ်လေးကိုတောင် ဒီအချိန်တွင်း ပြီးအောင်ဘာလို့မလုပ်နိုင်ရမှာလဲ၊ ရအောင်လုပ်မယ်ဆိုတဲ့စိတ်က သင့်ကိုပြန်ပြီး အလုပ်ကိုအချိန်မဆွဲဖို့ မောင်းနှင်သွားမှာပဲဖြစ်ပါတယ်။
၅) ကိုယ့်ကိုယ်ကိုယ်သတိပြန်ပြန်ပေးပါ။
တခါတလေ အပြင်ကအကြောင်းအရာတွေ၊ အခြားသောအကြောင်းအရာတွေကြောင့် အာရုံပျံ့လွှင့်သွားတာ၊ ဖေ့ဘုတ်သုံးမိတာ၊ တခုခုကိုအာရုံပြောင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ အချိန်ဆွဲတဲ့အကျင့်ရဲ့အဓိက အကြောင်းရင်းကလည်း အဲဒီလိုပြင်ပအာရုံတွေကို အာရုံရောက်သွားလို့ပါပဲ။ အဲဒီ့လိုပြင်ပက အာရုံတွေရောက်လာတဲ့အခါ မြောပါမသွားအောင်ကိုယ့်ကိုယ်ကိုယ်ပြန်ပြန်သတိပေးပါ။ “မဖြစ်ဘူး…..ငါ့အလုပ်ကိုသတ်မှတ်ချိန်အတွင်းမပြီးဘဲနေမယ်” ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးဖို့လိုကိုလိုပါတယ်နော်။ အဲဒီလိုသတိမပေးရင်တော့ ပြင်ပအာရုံဝင်စားမှုတွေမှာ မြောပါသွားပြီး “ဒီနေ့မပြီးလည်းဘာဖြစ်လဲ နောက်နေ့မှသာ ဆက်လုပ်တော့” ဆိုတဲ့စိတ်တွေဝင်လာပြီး အချိန်ဆွဲတတ်တဲ့အကျင့်ကိုဖျောက်နိုင်မှာမဟုတ်ပါဘူးနော်။
အချိန်ဆွဲတတ်တာကလည်း ကိုယ့်ရဲ့စိတ်ပါပဲ။
အချိန်မဆွဲတတ်အောင်ပြုပြင်ယူဖို့ကလည်း ကိုယ့်ရဲ့စိတ်ကပြုပြင်ချင်တာပါပဲ။ အဲဒီ့အတွက် ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင်ထိန်းချုပ်နိုင်အောင် ကြိုးစားခြင်းတစ်မျိုးပါပဲ။ ကိုယ့်စိတ်ကို စိတ်ရှိသလို လွှတ်ထားလိုက်မယ်ဆိုရင်တော့ ဖြစ်သင့်တာတွေရော၊ မဖြစ်သင့်တာတွေရော အကုန်လုံးဖြစ်လာပါလိမ့်မယ်။ လူမှာ ဦးနှောက်ကအသိဉာဏ်သာလွန်တာကြောင့် လူရယ်လို့ဖြစ်နေတာမို့ ဘာမဟုတ်တဲ့ ကိုယ့်စိတ်လေးကို ကိုယ်တိုင်ထိန်းချုပ်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်စိတ်ကို အကောင်းဘက်ကနေ ပြန်သတိလေးပေးနေပေးပါ။ မကောင်းတဲ့အကျင့်ဘက်ကို အာရုံသွားနေတဲ့ကိုယ့်စိတ်ကို သတိလေးနဲ့ပြန်ကပ်ပြီး ကောင်းတဲ့စိတ်ဘက်ကို ပြန်ဆွဲခေါ်လာပေးပါ။ ဒါပေမယ့် အားလုံးသည် ကာယကံရှင်ကိုယ်တိုင်ပြုပြင်မှသာဖြစ်နိုင်တာမို့ တကယ်ပြုပြင်ချင်ရင် တကယ်လိုက်နာမှသာ ပြုပြင်နိုင်မှာဖြစ်ပါတယ်၊ နည်းလမ်းတွေဘယ်လောက်သိသိ ကိုယ်တိုင်မလိုက်နာမပြုပြင်ရင်တော့ ဘယ်သူကမှ ပြုပြင်ပေးလို့မဖြစ်နိုင်ပါဘူးလို့ တိုက်တွန်းလိုက်ရပါတယ်။