အောင်မြင်တဲ့ကျောင်းသားတွေရဲ့ လေ့လာမှုနည်းလမ်းကောင်းများ

ဘယ်နေရာမှာမဆို ထူးချွန်အောင်မြင်တဲ့ကျောင်းသားတွေက ဥာဏ်ကောင်းလို့ဆိုတာထက် သူတို့မှာ သူတို့လုပ်နေတဲ့အလုပ်ကို သေချာတစိုက်မတ်မတ်လုပ်တတ်တဲ့စိတ်ကြောင့်လည်း ပါပါတယ်။ ဘယ်လောက်ဥာဏ်ကောင်းပါစေ ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင်လည်း ထိရောက်တဲ့အောင်မြင်မှုမရနိုင်ပါဘူး။ အဲဒါကြောင့် အောင်မြင်တဲ့ကျောင်းသားတွေရဲ့ လေ့လာသင်ယူမှုနည်းလမ်းကောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) တစိုက်မတ်မတ်လေ့လာခြင်း
တစိုက်မတ်မတ်လေ့လာခြင်းဆိုတာက တနည်းအားဖြင့် စာလေ့လာတဲ့ခုံမှာထိုင်လိုက်ပြီဆိုကတည်းက စာကိုသေချာလေ့လာပြီး တခြားကို အာရုံမရောက်ဘဲ တသတ်မတ်တည်း ရအောင်သင်ယူတာမျိုးပါ။ များသောအားဖြင့် စာသင်ခုံမှာ ထိုင်လိုက်ပေမယ့် ဒီစာလေ့လာနေပေမယ့် တခြားကိုတွေးနေတာမျိုး၊ လက်ရှိလေ့လာနေတဲ့ဘာသာကိုသေချာမရသေးပေမယ့် တခြားဘာသာကိုနောက်ဆံတင်းပြီး ဟိုစပ်စပ်ဒီစပ်စပ်လုပ်နေတာမျိုးတွေမလုပ်ဘဲ တစ်ခုဆိုတစ်ခုကို သေချာလေ့လာမှတ်သားတာမျိုးကိုပြောချင်တာဖြစ်ပါတယ်။

၂) အာရုံစူးစိုက်ခြင်း
ဒါလည်းအလားတူပါတယ်။ ကိုယ့်အတွက် လေ့လာသင်ယူရမယ့်အချိန်မှာ လေ့လာသင်ယူနေတဲ့စာကိုသာ အာရုံထဲထည့်ပြီး သေချာသင်ယူမယ်ဆိုရင် ပိုပြီး မှတ်မိလွယ်၊ မှတ်သားပြီးသားဖြစ်စေပါတယ်။ အဲဒါအပြင် သေချာအာရုံစိုက်ထားတဲ့အခါ မှတ်မိနေတဲ့အတွက်ကြောင့် နောက်ထပ် အချိန်အကြာကြီးယူပြီး ပြန်လေ့လာဖို့ရာမလိုတော့ဘဲ ပိုပြီးကျက်မှတ်ရလွယ်သွားစေပါတယ်။

၃) အားလပ်ချိန်သတ်မှတ်ထားခြင်း
စာလုပ်ချိန်၊ တခုခုကို လေ့လာသင်ယူချိန်မှာ တစိုက်မတ်မတ်လေ့လာ ၊ သေချာအာရုံစူးစိုက်ခြင်းကြောင့် ပိုပြီးမှတ်မိလွယ်စေသလို၊ အားလပ်ချိန်အဖြစ်သတ်မှတ်ချိန်မှာလည်း ကိုယ့်အတွက် တကယ် relax ဖြစ်မယ့်အရာလေးတွေကို လုပ်ခြင်းအားဖြင့် ဦးနှောက်ကို အနားပေးတတ်ကြပါတယ်။ အဲဒါကြောင့် ဦးနှောက်ထဲဖိစီးမှုမရှိတော့ဘဲ စာကိုပြန်လည်လေ့လာချိန်မှာ သေချာအားစိုက်ပြီးပြန်လေ့လာသင်ယူနိုင်ပြန်ပါတယ်။ အပြန်အလှန်ဆက်စပ်နေတဲ့သဘောပေါ့။ အဲဒီလိုမဟုတ်ဘဲ သင်ယူလေ့လာချိန်မှာလည်း သေချာအာရုံမစိုက်တဲ့အခါ သေချာမှတ်သားဖို့ခက်၊ အချိန်ပိုပေးလေ့လာရပြန်ပါတယ်။ အဲဒီ့အခါ အချိန်ကုန်၊ စာမရ၊ အားလပ်ချိန်လည်းမရတော့ဘဲ ဦးနှောက်ကိုပိုပြီး ဖိစီးမှုဖြစ်စေပါတယ်။ အဲဒါကြောင့် စာလေ့လာသင်ယူချိန်မှာ သေချာအာရုံစိုက်၊ တစိုက်မတ်မတ်လေ့လာဖို့အရေးကြီးသလို အားလပ်ချိန်လည်းအရေးကြီးပါတယ်။

၄) လေ့လာသင်ယူရာတွင်တက်ကြွခြင်း
ကိုယ်လေ့လာသင်ယူရမယ့်အရာတွေမှာ တက်ကြွနေတဲ့သူနဲ့ ပျင်းရိလေးကန်နေတဲ့သူ ဘယ်သူကပိုပြီး မှတ်မိလွယ်မယ်ထင်ပါသလဲ။ တက်ကြွနေတဲ့သူမှာ အမြဲစိတ်တက်ကြွနေတဲ့အတွက် ပိုပြီး အာရုံစူးစိုက်လေ့လာနိုင်တာကြောင့် ကိုယ်သင်ယူရမယ့်ဘာသာရပ်အပေါ် ပိုပြီး သင်လွယ်တတ်လွယ်စေပါတယ်။ အဲဒါကြောင့် စိတ်အားထက်သန်မှုကလည်း လိုပါတယ်။

၅) အကျင့်ဆိုးတွေကိုပြုပြင်နိုင်ခြင်း
အဓိကကတော့ ကိုယ့်မှာ လေ့လာသင်ယူခြင်းနဲ့ ပတ်သက်တဲ့အကျင့်ဆိုးတွေကို ပြုပြင်နိုင်ဖို့အရေးကြီးပါတယ်။ ဥပမာ။ တစ်နာရီထက်ပိုပြီး စာကြည့်စားပွဲမထိုင်ချင်တာမျိုး၊ စာလေ့လာနေရင်း ဖုန်းကိုအာရုံရောက်သွားတာမျိုး၊ ကိုယ်လုံးဝစိတ်မဝင်စားတဲ့ဘာသာကို လှည့်ကိုမကြည့်တာမျိုး စတဲ့ကိုယ့်ရဲ့ လေ့လာသင်ယူနိုင်ခြင်းနဲ့ဆိုင်တဲ့ အကျင့်ဆိုးတွေကို ကိုယ်တိုင် ပြုပြင်သွားနိုင်ဖို့လိုပါတယ်။

၆) ကိုယ်ပိုင်စည်းကမ်းသတ်မှတ်ပြီး သေချာလိုက်နာခြင်း
ဒါကလည်း အတင်းအကြပ်လုပ်ခိုင်းလို့လုပ်ရတာမျိုးထက် ဘယ်သူကမှ မတင်းကြပ်ပဲ ကိုယ့်အကြောင်းကိုယ်ပိုသိတာမို့ ကိုယ့်အတွက် ကိုယ်တိုင်သတ်မှတ်ထားတဲ့စည်းကမ်းကို ကိုယ်တိုင်လိုက်နာနိုင်အောင်ကြိုးစားတာပိုကောင်းပါတယ်။ အားသာချက်ကတော့ ကိုယ့်အကြောင်းကိုယ်ပိုသိတာမို့ ကိုယ်နဲ့အဆင်ပြေမယ့်စည်းကမ်းကိုချမှတ်နိုင်သလို အားနည်းချက်ကတော့ ကိုယ်သတ်မှတ်ထားတာမို့ ကိုယ်တိုင်အလေးမထားဘဲ မလိုက်နာရင်တော့ တိုးတက်မှာမဟုတ်တော့ပါဘူး။ ကိုယ်ချမှတ်ထားတဲ့စည်းကမ်းကို ကိုယ်တိုင်လိုက်နာနိုင်ရင် တစ်သက်လုံး အဲဒီ့လိုလူအတွက် တိုးတက်ဖို့သေချာသွားပါပြီ။ ဥပမာ။ စာလေ့လာတာ တစ်နာရီမပြည့်မချင်း တခြားဘာကိုမှ အာရုံမထားဘူး။ ဆိုတာမျိုး။ စာလေ့လာတာ တစ်နာရီပြည့်ချိန်မှာ ဒီစာကို ရကိုရရမယ်ဆိုတာမျိုး ၊ စတဲ့ စာလေ့လာခြင်းနဲ့ပတ်သက်တဲ့စည်းကမ်းကိုသာမက ကိုယ်ချမှတ်ထားတဲ့စည်းကမ်းကိုလိုက်နာနိုင်သွားတဲ့အခါ ဘဝမှာ မလုပ်သင့်တဲ့အကြောင်းအရာကိစ္စတွေကိုပါ မလုပ်မိစေဖို့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်လာမှာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။