မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ အောင်မြင်သူတွေရဲ့နည်းလမ်းများ

ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေဟာ မတော်တဆဖြစ်လာတာမရှိပါဘူး။ သေချာစဉ်းစားဆုံးဖြတ်မှဖြစ်လာတာပါ။ ကျွန်တော်တို့ရဲ့နေ့ရက်တွေတိုင်းမှာ ဆုံးဖြတ်ချက်မချရတဲ့နေ့ရယ်လို့ မရှိပါဘူး။ ကိုလံဘီယာတက္ကသိုလ်က လေ့လာတွေ့ရှိချက်အရဆိုရင် တစ်နေ့မှာ ဆုံးဖြတ်ချက်ပေါင်း ၇၀လောက် ချမှတ်ရပါတယ်တဲ့။


အချို့သောဆုံးဖြတ်ချက်တွေကတော့ အသေးအဖွဲတွေပါ….ဥပမာ ဘာစားရင်ကောင်းမလဲ၊ အလုပ်ကို ဘယ်လမ်းကကားမောင်းသွားရင်ကောင်းမလဲ ဒါမှမဟုတ် အလုပ်တွေကို ဘယ်လိုပြီးအောင် လုပ်သင့်သလဲ။ စသဖြင့်ပေါ့။ အချို့ကျပြန်တော့ ခက်ခဲပါတယ်။ အလုပ်နှစ်ခုလုံးက ခေါ်ယူဆွေးနွေးထားတယ်၊ ကိုယ်က ဘာအလုပ်ကိုရွေးရမယ်မှန်းမခွဲခြားနိုင်တာမျိုး၊ အခြားမြို့သစ်တစ်မြို့ကို ပြောင်းချင်ပေမယ့် နေရထိုင်ရအဆင်ပြေမပြေ မသိနိုင်တာမျိုး စသဖြင့် ခက်ခဲနိုင်တဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိပါတယ်။
နေ့ရက်တိုင်းမှာ ချမှတ်ရတဲ့ဆုံးဖြတ်ချက်တွေကနေ အရေးကြီးတာကို သင်ယူရမယ်၊ အကျိုးရှိအောင် ဘယ်လိုလုပ်မလဲသင်ယူရမယ်၊ ပျော်ရွှင်မှု၊ အောင်မြင်မှုကို အဓိက ထားမယ်ဆိုတာမျိုးကို တွေးရမယ်။
ဆုံးဖြတ်ချက်ချရတဲ့အခါ တွေးခေါ်စဉ်းစားသင့်တာတွေအများကြီးရှိပေမယ့် အောင်မြင်သူတွေဘယ်လိုဆုံးဖြတ်ချက်ချသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁) ဆုံးဖြတ်ချက်သေးသေးလေးတွေကို အချိန်ဇယားလိုပဲ ပုံသေ ချမှတ်ထားပါတယ်။
ဆုံးဖြတ်ချက်ချခြင်းက ကြွက်သားတွေနဲ့တူပါတယ်။ တစ်နေ့လုံး အခါခါ စဉ်းစားဆုံးဖြတ်နေရင် အချိန်ကြာလာတဲ့အခါ အရမ်းမောပန်းသွားသလိုပဲ အကျိုးသက်ရောက်မှုသိပ်မရှိနိုင်တော့ပါဘူး။ အောင်မြင်သူတွေရဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ဆုံးဖြတ်ချက်အသေးအဖွဲလေးတွေကို အချိန်ဇယားတစ်ခုလိုပဲ သတ်မှတ်ထားပါတယ်။ ဒီကိစ္စအသေးအဖွဲပေါ်မှာ ဆုံးဖြတ်ချက်ချဖို့ အာရုံမနောက်တော့တဲ့အခါ ကိုယ့်ရဲ့အခြားရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်ကြီးတွေမှာ ပိုပြီး အာရုံစိုက်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာလည်း ပိုပြီး အားကောင်းနေတဲ့အတွက် ဆုံးဖြတ်ချက်ချရာမှာ မှန်ကန်ပြီး ပိုထိရောက်မှုရှိပါတယ်။ Steve Jobs က အမြဲလိုအလုပ်ကို အနက်ရောင်လည်ထောင်အကျီ ၤမျိုးသာ ဝတ်ဆင်လေ့ရှိပါတယ်။ Mark Zuckerberg ကျပြန်တော့ hoodie ခေါင်းစွပ်ဆွယ်တာမျိုးကိုပဲ အလွယ်တကူစွပ်လာလေ့ရှိတာတွေ့နိုင်ပါတယ်။ သူတို့၂ယောက်လုံးက သူတို့ရဲ့နေ့စဉ်ဘဝမှာ ထိုပုံရိပ်မျိုးနဲ့ အလားတူသာ အမြဲလိုဝတ်ဆင်လေ့ရှိကြတာ သတိထားမိပါလိမ့်မယ်။ သူတို့တွေက အဲလိုရိုးရှင်းတဲ့အရာအပေါ်မှာ အများကြီး ဦးနှောက်သုံးမစဉ်းစားကြပါဘူး။ သူတို့တွေက အခြားအရေးကြီးတဲ့အရာတွေမှာ ဆုံးဖြတ်ချက်ချဖို့သာ ဦးနှောက်ကို အလုပ်ပေးကြပါတယ်။ နေ့စဉ်လုပ်နေကျ စားဖို့၊ သောက်ဖို့၊ ဝတ်ဆင်ဖို့ိလို ကိစ္စအသေးအဖွဲတွေမှာ အာရုံနောက်မခံကြပါဘူ။

၂) အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို မနက်ခင်းမှာ ဆုံးဖြတ်တတ်ကြပါတယ်။
ရှုပ်ထွေးပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို မနက်ခင်း စိတ်ကြည်လင်နေချိန်မှာ လုပ်တတ်ကြပြီး အခြား အသေးအဖွဲကိစ္စတွေကို တော့ အလုပ်ပြီးချိန်မှ ဆုံးဖြတ်ချက်ချတတ်ပါတယ်။ မနက်ခင်းမှာ အခြားသောအလုပ်ကိစ္စ ၊ အရှုပ်အထွေးတွေ မတွေးတောခင်မှာ စိတ်ကြည်လင်နေတတ်တဲ့အတွက် ဆုံးဖြတ်ချက်ချမှတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေကိုတော့ အလုပ်အားလုံးပြီးသွားချိန် မောပန်းနေချိန်ကျမှ ပြီးစလွယ်ဆုံးဖြတ်လိုက်လို့ ကိစ္စမရှိဘူးမဟုတ်လား။

၃) သူတို့ရဲ့စိတ်ခံစားချက်ကို အာရုံစိုက်တတ်ကြပါတယ်။
စိတ်ပိုင်းဆိုင်ရာကို လိုက်ပြီး ဆုံးဖြတ်ချက်မရချနဲ့ ဆိုတဲ့စကားရှိတယ်မဟုတ်လား။ အောင်မြင်သူတွေက အဲဒါကို နားလည်ကြပါတယ်။ သူတို့ရဲ့စိတ်ခံစားချက်ကို အမြဲလိုသတိထား အာရုံထားတတ်ကြပါတယ်။ လူတော်တော်များများက အဲဒါကို အာရုံမထားကြပါဘူး ။ TalentSmart က လေ့လာတွေ့ရှိချက်အရ လူပေါင်းသုံးသန်းကို စမ်းသပ်တဲ့အခါ ၃၆ရာခိုင်နှုန်းခန့်က သူတို့ရဲ့စိတ်ခံစားချက်ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို မသိဘဲ ဆုံးဖြတ်ချက်ကို လွယ်လွယ်ချတတ်ကြပါတယ်။ ဆုံးဖြတ်ချကို ကောင်းစွာချမှတ်တတ်သူတွေကျတော့ သူတို့ရဲ့စိတ်ထဲမှာ မကောင်းတဲ့စိတ်ခံစားချက်ရှိနေလား၊ ကောင်းတဲ့ခံစားချက်မျိုးလား ဆိုတာကို အာရုံထားကြပါတယ်။ မကောင်းတဲ့စိတ်ခံစားချက်ရှိနေချိန် ဆုံးဖြတ်ချက်ချခြင်းက သူတို့ရဲ့ ကိုယ့်ကျင့်တရားကို ဝေဖန်ခံရနိုင်ပြီး စိတ်ပျော်နေချိန် ဆုံးဖြတ်ချက်ချခြင်းကလည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲနေတတ်ပြီး ရှုပ်ထွေးမှုဖြစ်စေပါတယ်။
အဲဒါကြောင့် စိတ်ခံစားချက်အလိုက် ဆုံးဖြတ်ချက်မချသင့်ဘူးဆိုတာကို အောင်မြင်သူတွေက သိကြပါတယ်။ ထိုအခြေအနေမျိုးကိုလည်း ရှောင်ကျဉ်တတ်ကြပါတယ်။

၄) သူတို့ရဲ့အမြင်ကို သေချာခွဲခြမ်းစိတ်ဖြာတတ်ကြပါတယ်။
ဆုံးဖြတ်ချက်တစ်ခုက ဘာတွေဖြစ်လာနိုင်သလဲ။ ဖြစ်နိုင်ချေရှိတာကို ကြိုတင်ခန့်မှန်းထားခြင်းက ဆုံးဖြတ်ချက်ချရာတွင် ပိုပြီးလွယ်ကူစေတာကို အောင်မြင်သူတွေက လက်ခံကြပါတယ်။ ပိုပြီးလည်း ထိရောက်မှုရှိတာကို သိကြပါတယ်။ ဒီဆုံးဖြတ်ချက်က ဘာအကျိုးရှိနိုင်သလဲ၊ ဒီဆုံးဖြတ်ချက်က ဘယ်လိုထိခိုက်နိုင်သလဲ၊ ဒီဆုံးဖြတ်ချက်ကို ချသင့်သလား ၊ မချသင့်ဘူးလား၊ ဒီဆုံးဖြတ်ချက်က ကိုယ့်ရဲ့တန်ဖိုး၊ စွမ်းရည်ကို သက်ရောက်နိုင်သလား စသဖြင့် တွေးတတ်ကြပါတယ်။

၅) ခေါင်းအေးအေးနဲ့ဆုံးဖြတ်ချက်ချတတ်ပါတယ်။
ဆုံးဖြတ်ချက်ချရာမှာ စိတ်ထဲရှင်းလင်းမှုမရှိဘူးလို့ ထင်တဲ့အခါမျိုးမှာ နောက်တစ်နေ့ကို ရွေ့လိုက်တတ်ကြပါတယ်။ အဲဒါက သင့်ရဲ့စိတ်ခံစားချက်ကို အချိန်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဘယ်လိုဆုံးဖြတ်ရမှန်းမသိဘဲ ရှုပ်ထွေးနေချိန်မှာ ဆုံးဖြတ်ချက်ချလိုက်ခြင်းက မှားယွင်ဖို့ ရာခိုင်နှုန်းများပါတယ်။ အဲဒါကြောင့်ခဏတဖြုတ်သွေးအေးအောင် ထားလိုက်ပြီး အနီးစပ်ဆုံးအချိန်တစ်ခုကို သတ်မှတ်လိုက်ပါ။

၆)အချိန်အများကြီးလည်း မယူတတ်ပါဘူး။
အချက်အလက်တွေ စုံလင်အောင် စုစည်းထားခြင်းက ဆုံးဖြတ်ချက်ချဖို့ အရေးပါတယ်ဆိုတာ သိကြပါတယ်။ တချိန်ထဲမှာပဲ ဆုံးဖြတ်ချက်ချဖို့ အချိန်အများကြီး မယူတတ်ကြပါဘူး။ သူတို့က ဆုံးဖြတ်ချက်ချဖို့ အချိန် သတ်မှတ်ထားတတ်ပါတယ်။

၇) ခေါင်းရှင်းဖို့ လေ့ကျင့်ခန်းလုပ်တတ်ပါတယ်။
ဆုံးဖြတ်ချက်ချရာမှာ ဖိအားဖြစ်ပေါ်တဲ့အခါ Cortisol ဆိုတဲ့ဓာတ်တစ်မျိုးထုတ်လုပ်ပါတယ်။ သင့်ရဲ့ရှင်းလင်းစွာတွေးခေါ်နိုင်စွမ်းကို လျော့ကျစေပါတယ်။ ဆုံးဖြတ်ချက်ချဖို့ အတွက် သင့်မှာ စိတ်ဖိစီးမှုဖြစ်နေပြီဆိုရင် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ မိနစ်၃၀ခန့် လေ့ကျင့်ခန်းလုပ်ကြည့်ခြင်းက စိတ်ကိုကြည်လင်ရှင်းလင်းစေတဲ့ endorphin ဓာတ်တွေထုတ်လွှတ်ပေးပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ခြင်းက ဆုံးဖြတ်ချက်ချရာမှာ ကောင်းမွန်တဲ့တုံ့ပြန်မှုတွေရှိတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

၈) ကိုယ့်ကျင့်တရားကိုထည့်စဉ်းစားတတ်ပါတယ်။
အောင်မြင်သူတွေက ဆုံးဖြတ်ချက်ချခြင်းမှာ သူတို့ရဲ့ကိုယ်ကျင့်တရားနဲ့ ပြန်လည်သုံးသပ်စဉ်းစားတတ်ကြပါတယ်။ အဲဒါက အရေးကြီးတယ်ဆိုတာကိုလည်း သိနားလည်ကြပါတယ်။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းက သူတို့ကို အခြားသူတွေ ယုံကြည်မှုပိုရှိလာစေပြီး သူတို့ရဲ့ပုံရိပ်တစ်ခုအဖြစ် သတ်မှတ်ထားနိုင်တာကို သိကြပါတယ်။

၉) အပြင်က အကြံဉာဏ်တွေကိုလည်း ရှာဖွေနားထောင်တတ်ပါတယ်။
ဆုံးဖြတ်ချက်ကို ချမှတ်ရာမှာ အခြားသူတွေရဲ့ အမြင်ကိုလည်း နားထောင်တတ်ပါတယ်။ ကိုယ့်ရဲ့အမြင်က မဟုတ်ဘဲ အခြားသူတွေရဲ့အမြင်ကနေ ဖြစ်လာတဲ့ ဆုံးဖြတ်ချက်အချို့ကို နားထောင်ခြင်းက အမြင်သစ်တွေရနိုင်ပါတယ်။ အတွေးသစ်တွေရအောင် ကူညီပေးနိုင်တဲ့အတွက် သေချာနားထောင်ပြီး လက်ခံသင့်တာလက်ခံတတ်ပါတယ်။

၁၀) အရင်ချမှတ်ဖူးတဲ့ဆုံးဖြတ်ချက်တွေကို ပညာယူတတ်ပါတယ်။
“မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေက အတွေ့အကြုံတွေကနေဖြစ်လာတာပါ၊ အတွေ့အကြုံတွေက မှားယွင်းတဲ့ဆုံးဖြတ်ချက်ကနေဖြစ်လာတာပေါ့” အဲဒါက အမှားတွေအများကြီးလုပ်ခြင်းက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်လာတာလို့ဆိုလိုတာမဟုတ်ပါဘူးနော်။ ဆုံးဖြတ်ချက်အမှားတွေက ဘာကြောင့်မှားသလဲဆိုပြီး သင်ခန်းစာယူခြင်းကနေ အတွေ့အကြုံများလာမယ်၊ အတွေ့အကြုံများလာတဲ့အခါ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ လွယ်လာတယ်လို့ဆိုလိုချင်တာပါ။ အောင်မြင်သူတွေက အရင်က ချခဲ့ဖူးတဲ့ဆုံးဖြတ်ချက်တွေကနေ ပညာယူတတ်သူ၊ သင်ခန်းစာယူတတ်သူတွေပါပဲ။
https://www.success.com/10-ways-successful-people-make-smart-decisions/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။