မြို့ပြနဲ့ ပတ်ဝန်းကျင်ကို မသိမသာ ပျက်စီးစေတဲ့အကျင့်ဆိုးများ
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မသိလိုက်မသိဘာသာ လုပ်မိနေတတ်တဲ့အကျင့်ဆိုးတွေရှိပါတယ်။ ထိုအကျင့်ဆိုးတွေက ချက်ချင်းလို ပတ်ဝန်းကျင်ကို ထိခိုက်စေတာမျိုး၊ ချက်ချင်းသိသာသွားတာမျိုး မဟုတ်ပေမယ့် တဖြေးဖြေးနဲ့ အချိန်ကာလတစ်ခုအရောက်မှာ ပျက်စီးယိုယွင်းလာတာမျိုးကို မျက်ဝါးထင်ထင်တွေ့ကြရပါတယ်။ ထိုအချိန်ထိ မိမိပတ်ဝန်းကျင်ကို ပြုပြင်ဖို့၊ ပြန်လည်ပြင်ဆင်ဖို့ မပြုလုပ်ဘူးဆိုရင် နောက်ထပ် အချိန်တစ်ခုအရောက်မှာ အင်မတန်ဆိုးဝါးတဲ့ပတ်ဝန်းကျင်က ကျွန်တော်တို့ရဲ့အသက်အန္တရာယ်တွေကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။ ကျွန်တော်တု့ိတစ်ယောက်စီရဲ့ မှားယွင်းနေတဲ့အကျင့်ဆိုးတွေကို မသိသေးဘူး၊ မပြုပြင်သေးဘူးဆိုရင် ကျွန်တော်တို့အားလုံးအတွက် မကောင်းနိုင်ပါဘူး။ အချိန်ကာလတစ်ခုအရောက်မှာ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ပျက်စီးစေနိုင်ပါတယ်။ အဲဒါဆိုရင် ဘယ်လိုအချက်တွေမှားယွင်းနေလဲ ဖတ်ကြည့်လိုက်ပါအုံးနော်။
၁) အမှိုက်တွေကို အမှိုက်ပုံမှာ စနစ်တကျမစွန့်ပစ်ခြင်း မြို့ပြမှာသာမက မြို့စွန်မြို့ဖျားတွေမှာပါ အတွေ့များတာကတော့ အမှိုက်တွေကို စနစ်တကျမစွန့်ပစ်ခြင်းပါပဲ။ တိုက်တွေပေါ်ကနေ အမှိုက်ကို အထုပ်လိုက် တိုက်နောက်ဖေးလမ်းကြားကို ပစ်ချတာမျိုးလုပ်ကြပါတယ်။ တစ်ခန်းက ထိုကဲ့သို့ပစ်ချရင် နောက်တစ်ခန်းကပါ အမှိုက်ပုံသွားမပစ်ကြတော့ဘဲ “သူတို့တောင် အမှိုက်ထုပ်ပစ်ချသေးတာပဲ။ ငါတို့လည်း ပစ်ချမယ်” ဆိုတဲ့စိတ်နဲ့ အပြိုင်အဆိုင် အမှိုက်ပစ်ချကြပါတယ်။ အချိန်ကာလတစ်ခုမှာဆိုရင်ဖြင့် အမှိုက်တွေတောင်ပုံယာပုံနဲ့ တိုက်နောက်ဖေးမှာ အနံ့အသက်မကောင်းတဲ့ အမှိုက်ပုံကြီးဖြစ်လာပါတော့တယ်။ ရပ်ကွက်တွေမှာဆိုရင်လည်း အမှိုက်ကန်ထဲသွားပစ်ဖို့ ဝန်လေးကြပြီး ရပ်ကွက်က ရေမြောင်းတွေထဲကို အလွယ်တကူအမှိုက်ပစ်ချကြပါတယ်။ တိုက်ပေါ်ကနေ ရေမြောင်းထဲပစ်ချတာမျိုး၊ လူနေအိမ်တွေကနေ ရေမြောင်းထဲပစ်ချတာမျိုး စသည်ဖြင့် လုပ်တတ်ကြပါတယ်။ ဆိုးကျိုးတွေကတော့ ချက်ချင်းမဖြစ်ပေါ်ပေမယ့် ကာလတစ်ခုအရောက်မှာတော့ ရေမြောင်းပိတ်ခြင်း၊ မိုးများတဲ့အခါ ရေကြီးရေလျှံခြင်း၊ ရေမြောင်းပိတ်ဆို့မှုကြောင့် ခြင်တွေပေါက်ဖွားလွယ်ခြင်း၊ ရေအိုင်နေသည့်အတွက် ခြင်ပေါက်ဖွားမှုပိုများလာခြင်း၊ သွေးလွန်တုတ်ကွေးနဲ့အခြားသော တုတ်ကွေး (ဥပမာ ။ ဆင်တုတ်ကွေး) များ အဖြစ်များလာခြင်း တို့ဖြစ်လာပါတယ်။ အဲဒါကြောင့် အမှိုက်ကို အမှိုက်ကန်ထိ သွားမပစ်ချင်တဲ့အခါ ကိုယ့်မိသားစုသာမက ကိုယ့်ပတ်ဝန်းကျင်က လူတွေပါ ဆိုးကျိုးတွေကို အတူခံစားကြရမှာကို သတိထားပါ။ တစ်ဦးတစ်ယောက်ကစပြီး တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံး လိုက်နာကြမယ်ဆိုရင် ပိုသန့်ရှင်းပြီး ပိုကျန်းမာတဲ့ပတ်ဝန်းကျင်အသစ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
နောက်တစ်ပုံ၂) သစ်ပင်ပန်းပင်ကို တန်ဖိုးမထားခြင်း ခုဆိုရင် ကမ္ဘာကြီးပူနွေးလာမှုကို ပိုပြီးရင်ဆိုင်လာကြရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ရာသီဥတုဖောက်ပြန်မှုတွေကို ကြုံနေကြရတာပါပဲ။ အပင်စိုက်ခြင်းက ရာသီဥတုဖောက်ပြန်မှုအတွက် အကောင်းဆုံးနည်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အပင်တွေက လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး လူသားတွေအတွက် အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးပါတယ်။ အဲဒါကြောင့် လေထုကိုသန့်စင်ပေးနိုင်တာပေါ့။ အပင်တွေကြောင့် အရိပ်ရစေသလို၊ လေထုထဲက သန့်စင်တဲ့အောက်ဆီဂျင်ကိုလည်း လူသားတွေရနိုင်ပါတယ်။ အပင်တွေကြောင့် UV rays တွေရဲ့ဒဏ်ကနေ သက်သာစေနိုင်ပါတယ်။ အပင်ရဲ့အမြစ်တွေက မြေကြီးကိုကုတ်တွယ်ထားခြင်းကြောင့် မြေတိုက်စားမှုမဖြစ်အောင် အပင်တွေက ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ တိုက်ခန်းတွေဆောက်လုပ်တဲ့အခါ အပင်တွေကို ခုတ်ထွင်ရှင်းလင်းတာတွေ များပြားလာပါတယ်။ ရပ်ကွက်လူနေအိမ်တွေမှာလည်း ကန်ထရိုက်တိုက်တွေများလာတဲ့အတွက် အပင်တွေ ခုတ်ပစ်လာရပါတယ်။ အပင်တွေ နည်းပါးသထက်နည်းပါးလာပါတယ်။ ကားတွေဆိုင်ကယ်တွေပိုမိုများပြားလာတဲ့အတွက် လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုပိုများလာပါတယ်။ အပင်တွေနည်းပါးလာပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုများပြားလာတဲ့အတွက် လေထုညစ်ညမ်းလာပါတယ်။ စက်ရုံအလုပ်ရုံတွေများပြားလာမှုကြောင့် လေထုကော ရေထုပါ ညစ်ညမ်းလာပါတယ်။ လေထုရေထုညစ်ညမ်းမှုကြောင့် ရောဂါပေါင်းစုံ ဖြစ်ပွားလာကြပြန်ပါတယ်။ အဲဒါကြောင့် တစ်ပိုင်တစ်နိုင် သစ်ပင်ကို တန်ဖိုးထား စိုက်ပျိုးသင့်ပါတယ်။ သစ်တစ်ပင်ကို အလွယ်တကူခုတ်ပစ်မယ့်အစား ထိန်းသိမ်းထားသင့်ပါတယ်။ နောက်ထပ်လည်း ပတ်ဝန်းကျင်မှာ အပင်တွေ စိုက်ပျိုးသင့်ပါတယ်။
နောက်တစ်ပုံ၃) ပလပ်စတစ်အန္တရာယ် ပလပ်စတစ်အသုံးပြုမှုများပြားလာခြင်းက ကျွန်တော်တို့ပတ်ဝန်းကျင်အတွက် အန္တရာယ်ကြီးတစ်ခုပါပဲ။ နှစ်ပေါင်းများစွာတိုင်အောင် မြေထုထဲမှာကော၊ ရေထုထဲမှာကော ပျက်စီးမလွယ်တဲ့ ပလပ်စတစ်က ပတ်ဝန်းကျင်ကို ပျက်စီးစေရုံမက သတ္တဝါတွေကိုလည်း သတ်ပစ်နိုင်ပါတယ်။ မီးရှို့ဖျက်ဆီးတဲ့အခါမှာလည်း အနံ့အသက်က ဆိုးဝါးလွန်းလို့ ပတ်ဝန်းကျင်ကို ထိခိုက်စေပြန်ပါတယ်။ ရေရှည်မှာ မပျက်စီးနိုင်တဲ့ပလပ်စတစ်အမှိုက်တွေက နေရာယူလာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေပါတယ်။ အပင်တွေရှင်သန်ဖို့ရာအခက်အခဲဖြစ်စေပါတယ်။ ရေသတ္တဝါနဲ့ ကုန်းသတ္တဝါတွေအတွက်လည်း အန္တရာယ်ဖြစ်စေပါတယ်။ အဲဒါကြောင့် ပလပ်စတစ်ကို လျှော့သုံးတာမျိုး ဒါမှမဟုတ် ပလပ်စတစ်တွေကို တခါအသုံးပြုပြီး ပြန်လည်အသုံးပြုတာမျိုး (recycle) တခါသုံးအိတ်တွေသုံးတာမျိုး ဒါမှမဟုတ် ပလပ်စတစ်အစားထိုးအိတ်တွေ သုံးတာမျိုးလုပ်သင့်ပါတယ်။ ပလပ်စတစ်အိတ်တွေကို ပြန်လည်အသုံးချခြင်းကြောင့် (reuse) နောက်ထပ် မပျက်စီးနိုင်မယ့်ပလပ်စတစ်အမှိုက်တွေ ထပ်မတိုးလာနိင်တော့ပါဘူး။ အဲဒီ့အခါ ပလပ်စတစ်ထုတ်လုပ်မှု လျော့ကျလာပါလိမ့်မယ် (reduce) ။ ခုချိန်မှာ recycle ၊ reuse ၊ reduce နည်းလမ်းကို အသုံးပြုခြင်းကြောင့် ပလပ်စတစ်ထုတ်လုပ်မှုပိုမိုလျှော့နည်းလာတဲ့အခါ နောင်တစ်ချိန် ပတ်ဝန်းကျင်ကိုဆိုးရွားစွာထိခိုက်မှုကို လျော့ကျစေနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ပုံ၄) ရေမြောင်းများပိတ်ဆို့နေခြင်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အတွေ့များတာကတော့ အမှိုက်တွေနဲ့ ရေမြောင်းတွေပိတ်ဆို့နေတာပဲဖြစ်ပါတယ်။ အထက်ကပြောထားသလိုပဲ….အမှိုက်တွေကို လက်လွတ်စပယ် ပစ်ချနေခြင်းက ရေမြောင်းတွေကို ပိတ်ဆို့စေတဲ့ပြဿနာတစ်ခုပါပဲ။ ရေမြောင်းတွေမှာ ပလပ်စတစ်ဗူးခွံတွေ၊ ကျွတ်ကျွတ်အိတ်တွေ၊ ဖော့ဘူးတွေ ပိတ်ဆို့နေတဲ့အခါ ရေစီးရေလာမကောင်းနိုင်တော့ပါဘူး။ ရေစီးရေလာမကောင်းဘဲ ရေအိုင်နေတဲ့အခါ ခြင်၊ ယင် တွေပေါက်ဖွားမှု ပိုများလာပါတယ်။ အနီးနားပတ်ဝန်းကျင်က လူနေအိမ်တွေ၊ တိုက်ခန်းတွေမှာ ခြင်ယင်ကြောင့် ရောဂါတွေပိုအဖြစ်များလာစေပါတယ်။ နှမ်းတစ်စေ့ထဲနဲ့တော့ ဆီမဖြစ်နိုင်ပေမယ့် များလာတဲ့အခါမှာတော့ ဆီဖြစ်နိုင်ပါတယ်။ အဲလိုပါပဲ….တစ်ဦးတစ်ယောက်ထဲက လုပ်ယူတာထက် ၊ ကိုယ်နေထိုင်ရာရပ်ကွက်မှာ တက်ညီလက်ညီနဲ့ ရေနုတ်မြောင်းတွေဖော်တာ၊ အမှိုက်တွေရှင်းတာ၊ ခြုံနွယ်တွေရှင်းလင်းတာမျိုးအတူတကွလုပ်ခြင်းက ခြင်၊ ယင်ကြောင့်ဖြစ်တဲ့ ရောဂါတွေ နည်းပါးလာစေမှာဖြစ်သလို၊ ကိုယ်တိုင်အမှိုက်ရှင်း၊ ရေမြောင်းဖော်ရခြင်းကြောင့် အမှိုက်ကိုလည်း အလွယ်တကူပစ်ဖို့ ဝန်လေးသွားကြမှာပါ။
နောက်တစ်ပုံ၅) ဓာတ်ငွေ့ထုတ်လွှတ်မှုအန္တရာယ် ကားတွေပေါများလာတာနဲ့အမျှ ကားပိတ်တဲ့ပြဿနာကို နေ့ဓဒူဝကြုံတွေနေကြရပါတယ်။ အဲဒီလို ကားတွေပေါများလာခြင်းက ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးလည်း ရှိပါတယ်။ ကားတွေပေါများလာတဲ့အခါ ကားကထွက်တဲ့မီးခိုးငွေ့တွေ၊ စက်ရုံအလုပ်ရုံတွေ ပေါများလာတဲ့အခါ စက်ရုံအလုပ်ရုံတွေက ထွက်တဲ့မီးခိုးငွေ့တွေက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ ထိုကထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကိုလည်း သန့်စင်ပေးမယ့် သစ်ပင်ပန်းပင်တွေ နည်းပါးလာခြင်းကလည်း လေထုကိုညစ်ညမ်းစေပြန်ပါတယ်။ ထိုညစ်ညမ်းတဲ့လေထုကို ရှုရှိုက်နေရခြင်းက ရောဂါပေါင်းစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စာဖတ်သူတွေရော သင်တို့ပတ်ဝန်းကျင်မှာ သင်တို့မြင်တွေ့နေကျ ပတ်ဝန်းကျင်ပျက်စီးစေတဲ့အကျင့်ဆိုးတွေရှိရင် ကွန့်မန့်မှာရေးပေးသွားကြပါအုံး။ တစ်ယောက်တည်းအားနဲ့မသိသာပေမယ့် အားလုံးဝိုင်းဝန်းပြုပြင်ကြရင် ရေရှည်မှာ ပတ်ဝန်းကျင်ပျက်စီးခြင်းကနေ ကာကွယ်ပြီးသားဖြစ်စေမှာမို့ အားလုံးဝိုင်းကူဖြေရှင်းကြပါစို့နော်။