မိန်းကလေးတစ်ယောက်ပျက်စီးစေနိုင်သည့်အကြောင်းရင်းများ

မိန်းကလေးမှန်ရင် ဗိုင်းကောင်းကျောက်ဖိဖြစ်နေမှ မိန်းမကောင်းဖြစ်နိုင်မယ်လို့ အရင်ခေတ်တွေတုန်းကတော့ အဆိုရှိခဲ့ပါတယ်။ မိန်းမတို့ဘုန်းဆံထုံးဆိုပြီး ဆံပင်ရှည်ရှည်တဲ့မိန်းကလေးတွေဆိုရင် ပိုပြီးတင့်တယ်၊ ပိုပြီးလူရာဝင်တယ်လို့ ယူဆတတ်ကြပါတယ်။ အဲဒါအပြင် အရင်ခေတ်တွေတုန်းက မိန်းကလေးဆိုရင် အိမ်မှုကိစ္စနိုင်နင်းဖို့သာ အရေးကြီးပြီး အချိန်တန် လင်ကောင်းသားကောင်းရဖို့သာ အရေးကြီးတယ်လို့ ယူဆတတ်ကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ထိုအရာတွေထက် မိန်းကလေးတစ်ယောက်ကို မိန်းမကောင်းအဖြစ် စံထားသတ်မှတ်ကြတဲ့အချက်အချို့က ပြောင်းလဲလာကြပါပြီ။


မိန်းကလေးတွေလည်း ယောကျာ်းလေးတွေနဲ့အပြိုင် ခေတ်ကို ရင်ဘောင်တန်းပြီး ငွေကို အပြိုင်ရှာနိုင်၊ ပညာကိုအပြိုင်ရှာ၊ စီးပွားရေးအတွက် ပညာတွေသင်ယူရင်း ဘဝမှာတိုးတက်ဖို့ကို အပြိုင်ကြိုးစားလာကြပါပြီ။ ဒါပေမယ့် အပြိုင်အဆိုင်တိုးတက်အောင် ကြိုးစားနေတဲ့ကြားကပဲ တချို့တချို့တွေကလည်း မပြိုင်ဆိုင်သင့်တဲ့နေရာတွေမှာ ပြိုင်ဆိုင်ရင်း မဖြစ်သင့်တာတွေဖြစ်နေတုန်းပါပဲ။ တိုးတက်လာတဲ့ခေတ်ကို အမီလိုက်နိုင်ဖို့ ပညာရပ်အသစ်အသစ်တွေကို ထပ်ပြီးလေ့လာဆည်းပူးဖို့ကြိုးစားတာထက် အပေါ်ယံအရေပြားတစ်ထောက်စာအတွက် ဦးစားပေးတတ်လာသူတွေ၊ ဂုဏ်ပကာသနအတွက် ပြိုင်ဆိုင်သူတွေလည်း ပေါများလာပါတယ်။ အဲဒါကြောင့်တိုးတက်လာတဲ့ခေတ်နဲ့အပြိုင် လမ်းမှားလိုက်ပြီး တိုးတက်ချင်တဲ့မိန်းကလေးတွေလည်း တွေ့လာရပါတယ်။ အဲဒီ့အတွက် မိန်းကလေးတစ်ယောက်ပျက်စီးစေနိုင်တဲ့အကြောင်းရင်းတွေကိုဖော်ပြပေးလိုက်ရပါတယ်။

၁) ငွေမက်လွန်းခြင်း
ငွေသာအရေးကြီးဆုံးလား…ဆိုတဲ့ဆောင်းပါးကို ရေးခဲ့ဖူးပါတယ်။ ထိုဆောင်းပါးထဲကအတိုင်းပါပဲ။ ငွေထက်အရေးကြီးတာက ကိုယ်ကျင့်တရားပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ငွေက အရာရာကို ဖြေရှင်းနိုင်လာတယ်ဆိုတာလည်း အမှန်ပါပဲ။ လိုချင်တပ်မက်တဲ့အရာတွေတိုင်းကို ရနိုင်ဖို့အတွက် ငွေဖောဖောသီသီသုံးနိုင်ဖို့လိုပါတယ်။ အဲဒီ့အခါမှာ မတင်းတိမ်တတ်ဘဲ အသစ်ပေါ်တိုင်း ကိုယ်ပေါ်တင်ချင်တဲ့အမျိုးသမီးလေးတွေ၊ တပ်မက်စိတ်၊ လောဘကို ဉာဏ်နဲ့မယှဉ်နိုင်တဲ့အမျိုးသမီးလေးတွေမျာ ငွေနောက်ကောက်ကောက်ပါအောင် လိုက်ရင်း ပျက်စီးတတ်ကြပါတယ်။ အဲဒါကြောင့် ငွေမက်လွန်းခြင်းကလည်း အမျိုးသမီးတစ်ယောက်ကို ပျက်စီးစေတဲ့အခြေခံအကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ ငွေသည် ဘဝရဲ့လိုအပ်ချက်တစ်ခုအဖြစ်သာ အသုံးချရမယ့်အရာဖြစ်ပြီး ငွေကို အသုံးမချတတ်တဲ့အခါ ငွေက ဘဝကိုပြန်ဒုက္ခပေးသွားတတ်ပါတယ်နော်။

၂) အပျော်အပါးမက်လွန်းခြင်း
မိန်းကလေးတစ်ယောက်အနေနဲ့သာမဟုတ်ပါဘူး။ လူသားတစ်ယောက်အနေနဲ့ ပျော်ရွှင်တာက ကောင်းပါတယ်။ ဒါပေမယ့်ပျော်တာထက်ပိုလွန်းပြီး အမြဲတစေ အပျော်အပါးအတွက်နဲ့ချည်းအချိန်ကုန်နေတာကတော့ မကောင်းတော့ပါဘူး။ ပျော်လွန်းတဲ့အခါ အပျက်ဖြစ်ဖို့အလားအလာများလာပါတယ်။ လူစုလူဝေး တရုန်းရုန်းနဲ့ စားလိုက်သောက်လိုက်ပျော်လိုက်ပါးလိုက်နေခြင်းက ဘဝကို တန်ဖိုးရှိစွာကုန်ဆုံးသင့်တဲ့အချိန်တွေကို အလဟာသဖြစ်စေပါတယ်။ ငယ်တုန်းရွယ်တုန်းမှာ သင်ယူသင့်တာတွေ၊ အချိန်ကိုအကျိုးရှိစွာအသုံးချသင့်တာတွေကို မသိနိုင်တော့ပါဘူး။ အဲဒါအပြင် အပျော်အပါးမက်လွန်းတဲ့အပေါင်းအသင်းတွေကလည်း လမ်းမှန်ပေါ်ရောက်အောင် ဆွဲတင်မယ့်သူတွေမဟုတ်ပါဘူး။ သူတို့နဲ့တသားထဲဖြစ်အောင်သာ ဆွဲချကြမှာပါ။

၃) ကိလေသာစိတ်များခြင်း
ကိလေသာစိတ်ဆိုတဲ့နေရာမှာ အကြမ်းအားဖြင့် ကိလေသာ ၁၀ပါးရှိပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဘုရားတရားမလိုက်စားခြင်း၊ အပျင်းကြီးခြင်း၊ စိတ်မတည်ကြည်မှုမရှိခြင်း (ကိုယ်ကျင့်သိက္ခာမကောင်းခြင်း)၊ စိတ်နှစ်ခွဖြစ်တတ်ခြင်း၊ မကောင်းမှုလုပ်ရမှာကိုမရှက်ခြင်း၊ မကြောက်ခြင်း စသဖြင့် ပါဝင်ပါတယ်။ ထိုစိတ်တွေကို မထိန်းသိမ်းနိုင်ဘဲ တစ်မျိုးမျိုးအလွန်အကျူးစိတ်များတဲ့အခါမှာ ဘယ်လိုမှ ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ငွေမက်ခြင်းကလည်း လောဘနဲ့ဆက်စပ်နေတာပါပဲ။ ပြောရရင် ပျက်စီးခြင်းအကြောင်းတရားတွေက ကိလေသာ၁၀မျိုးထဲက တမျိုးမဟုတ်တမျိုးနဲ့တော့ ဆက်စပ်နေတတ်ပါတယ်။

၄) စာပေအသိပညာမရှိခြင်း
သိကြတဲ့အတိုင်းပါပဲ။ စာဖတ်ခြင်းက ဘဝကိုတိုးတက်စေတယ်၊ ဗဟုသုတတိုးစေတယ်ဆိုတာတွေက စာအုပ်တွေထဲမှာဖော်ပြနေသလိုထက် လက်တွေ့မှာအများကြီးသိသာစေပါတယ်။ ပိုပြီးလည်း ကွာခြားသွားစေနိုင်ပါတယ်။ စာတွေဖတ်ထားပြီး စာပေတွေထဲက အသိပညာနဲ့ပြည့်ဝနေတဲ့သူက လက်တွေ့မှာ အသုံးချနိုင်တာမျိုး၊ လက်တွေ့မှာ အသုံးဝင်လာတာမျိုးတွေကြောင့် စာဖတ်တဲ့သူနဲ့စာမဖတ်တဲ့သူက လုံးဝကို ကွာခြားသွားပါတယ်။ စာဖတ်ထားတဲ့သူက စိတ်ဓာတ်လည်းတည်ငြိမ်ပြီး အသိတရားတွေများတဲ့အတွက် မှန်ကန်တဲ့အရာတွေကို ပိုမြင်တတ်ပါတယ်။ အမှားတွေကိုလည်း ပိုသိတတ်လာလို့ ပိုပြီးရှောင်ကျဉ်နိုင်လာပါတယ်။ ဗဟုသုတလည်း ပိုများနေတဲ့အတွက်ကို လွယ်လွယ်နဲ့အမျိုးသမီးရယ်မို့ အထင်သေးလျှော့တွက်ပြီး လူလည်ကျချင်သူတွေအတွက် သားကောင်မဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် စာပေအသိပညာမရှိတဲ့မိန်းကလေးမျိုးက ပတ်ဝန်းကျင်ကသွေးဆောင်မှုတွေကို သွေးနထင်ရောက်လွယ်ပါတယ်။ သူများပြောသမျှ ယုံလွယ်ပါတယ်။ အဲဒါကြောင့်လည်း ပိုပြီးပျက်စီးနိုင်ပါတယ်။

၅) ဘာသာတရားနားမလည်ခြင်း
လူတိုင်းရဲ့ ကိုးကွယ်ရာဘာသာတရားကို ရိုသေစွာလေးစားလိုက်နာဖို့လည်းလိုပါတယ်။ ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး အခြားသောဘယ်ဘာသာတရားဖြစ်ပါစေ။ ကိုယ်ကိုးကွယ်ရာဘာသာတရားအလိုက် ဖြေသိမ့်စရာရှိတတ်ကြပါတယ်။ ဘာသာတရားရဲ့အရိပ်က အေးမြပါတယ်။ ဘာသာတရားရဲ့အဆုံးအမနည်းလမ်းလေးတွေကိုလည်း နားလည်ထားခြင်းက ကိုယ့်ဘဝရဲ့အပူသောကတွေကြားမှာ ဖြေသာစရာဖြစ်စေမှာပါ။ ဒါပေမယ့် ဘာသာတရားနားမလည်တဲ့မိန်ကလေးမျိုးကတော့ အထိန်းအကွပ်မရှိသလိုပါပဲ။ သူ့ကိုယ်သူ မှားနေရင်တောင် ပြန်ပြီးထိန်းသိမ်းရကောင်းမှန်း၊ ပြန်ပြီး ပြုပြင်ရကောင်းမှန်းမသိဖြစ်နေမှာပါ။ အဲဒါကြောင့်ကိုယ့်ကိုကိုယ် ဘာသာတရားအဆုံးအမမခံယူဘဲ ဖြစ်ချင်ရာဖြစ်ပြီး ပျက်ချင်တိုင်းပျက်စီးနိုင်ပါတယ်။
ဖော်ပြထားတဲ့အချက်လေးတွေကတော့ အကြမ်းဖျင်းယေဘုယျအချက်လေးတွေပါပဲ။ ထိုအကြောင်းအရာတွေက ဖြစ်နေကျတွေ့နေကျထဲက ကောက်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မှာငြိစွန်းနေတဲ့အချက်လေးတွေရှိတယ်လို့ သုံးသပ်မိတယ်ဆိုရင် အချိန်မှီပြုပြင်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။