မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့စကားကိုသာ လက်ကိုင်ထားမယ်ဆိုရင် ပိုပြီးပျော်စရာကောင်းတဲ့မိသားစုဘဝဖြစ်လာမှာပါ။
တစ်ရက်က နာမည်ကြီးတစ်ယောက်ရဲ့ အမျိုးသားက ကလေးအတွက် နေ့လယ်စာ သူကိုယ်တိုင်ဝင်ချက်ပြုတ်နေတဲ့ဗီဒီယိုလေး ကြည့်လိုက်မိပါတယ်။ ကြည့်နေရင်းနဲ့ “တော်လိုက်တာ......သူကကံကောင်းလိုက်တာ၊ သူ့အမျိုးသားလေး တော်လိုက်တာ” ဆိုတဲ့အတွေးတွေတန်းစီနေခဲ့ပြီး၊ သူတို့မိသားစုလေးကို ကြည့်ပြီး ပီတိဖြစ် ကြည်နူးမိပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာက မီးဖိုချောင် ဝင်ပြီး ကူညီချက်ပြုတ်ပေးတတ်တဲ့ အိမ်ထောင်ဦးစီးမျိုးရထားတဲ့ မိန်းမတစ်ယောက်ကို အရမ်းကို အထူးတလည်ကံကောင်းသူအဖြစ်သတ်မှတ်တတ်ကြပါတယ်။
တကယ်တော့ ယောကျ်ားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် လူသားတွေချည်းသာဖြစ်တဲ့အတွက် ဘယ်သူက ဘယ်သူ့ထက် ပိုပြီးအခွင့်အရေးပိုသာတယ်ဆိုတာမျိုးမရှိနိုင်ပါဘူး။ အားလုံးဟာ ကိုယ်ပိုင်အခွင့်အရေးရှိပြီး ဘယ်သူမှပိုသာတဲ့အခွင့်ထူးခံရယ်လို့မရှိသလို၊ ဘယ်သူကမှ ပိုပြီး ပေးဆပ်ရမယ်ရယ်လို့ မရှိပါဘူး။ နိုင်ငံတကာမှာ ဝင်ငွေကို ယောကျ်ားမိန်းမ အတူရှာနေသလို၊ ယောကျ်ားအလုပ်ကိုဝိုင်းကူညီပေးတဲ့မိန်းမရှိသလို၊ မိန်းမအိမ်မှုကိစ္စကိုလည်း ဝိုင်းကူညီတဲ့ယောကျ်ားတွေအများကြီးပါပဲ။ ဒီနေ့ခေတ်မှာ လူမှုကွန်ရက်ကြောင့် အမြင်လည်း ကျယ်လာပြီမို့ ယောကျ်ားမို့ ငွေရှာ၊အိမ်မှုကိစ္စနဲ့လားလားမှမသက်ဆိုင်။ မိန်းမမို့ အိမ်မှုကိစ္စချည်းသာလုပ်၊ ငွေမရှာနဲ့၊ ဆိုတဲ့အမြင်တွေ တဖြည်းဖြည်းနည်းပါးလာကြတာပါ။
မိသားစုရယ်လို့ဖြစ်လာတဲ့အခါမှမဟုတ်ပါဘူး၊ အမျိုးသားဖြစ်စေအုံး၊ အိမ်မှုကိစ္စနိုင်နင်းတဲ့အခါ ကိုယ့်တစ်ကိုယ်စာအတွက်တောင် ကိုယ်တိုင်စီမံချက်ပြုတ်နိုင်တာမို့ ဘယ်နေရာရောက်ရောက်အဆင်ပြေနိုင်ပါတယ်။ မိသားစုရယ်ဖြစ်လာတဲ့အခါမှာတော့ တာဝန်တွေက ပိုလာပါတယ်။ အဲဒါကြောင့် ဘယ်သူ့တာဝန်ရယ်လိုခွဲခြားနေတာမျိုး မလုပ်ဘဲ နားလည်မှု့နဲ့အားလုံးအတူတကွ ဖြေရှင်းမှသာ မိသားစုကြားမှာ မေတ္တာတရားတွေပိုပြီး တိုးပွားလာနိုင်မှာပါ။ ဖတ်မိတဲ့ဘာသာပြန်ဇာတ်လမ်းလေးတစ်ခုမှာဆိုရင် အိမ်မှုကိစ္စတွေနဲ့အမြဲအလုပ်များနေတဲ့အမေဖြစ်သူဟာ ထုံးစံအတိုင်းအလုပ်တတွေရှုပ်နေရာကနေ ညစာအတွက်ကြော်ထားတဲ့ငါးတွေတူးကုန်ပါတယ်တဲ့၊ အဲဒီ့အခါမှာ ထမင်းဝိုင်းမှာ ငါးကြော်တူးနေတဲ့အတွက် အမေလုပ်သူက အဖေလုပ်သူကိုတောင်းပန်ပါတယ်။ “အလုပ်တွေရှုပ်နေလို့ ညစာငါးကြော်တူးသွားတဲ့အတွက်ဆောရီးပါ” ပေါ့။ အဲဒီ့အခါ သားဖစ်သူကတော့ ကလေးပီပီ ငါးကြော်တူးတွေကို မကြိုက်ဟန်ပြပေမယ့် အဖေလုပ်သူကတော့ “အိုကိစ္စမရှိပါဘူး။ ငါးကြော်တူးနေလည်း စားကြောင်းပါတယ်။ တောင်းပန်ဖို့မလိုပါဘူးမိန်းမရယ်” လို့ ကြင်နာစွာပြန်ပြောလိုက်တာကြောင့် သားဖြစ်သူလည်း ဘာမှမပြောတော့ဘဲ ညစာစားလိုက်ကြပါတယ်။ အိပ်ရာဝင်ချိန်ကျမှ သားဖြစ်သူက အဖေဖြစ်သူရဲ့တုံ့ပြန်ပုံကို အံ့အားသင့်စွာမေးခွန်းထုတ်ပါတော့တယ်။ “တူးနေတဲ့ငါးကြော်တွေက တကယ်စားကောင်းတာလားဖေဖေ” လို့မေးလိုက်ပါတယ်။ အဲဒီ့မှာ အဖေဖြစ်သူပြန်ပြောလိုက်တဲ့စကားက မိသားစုတစ်ခုအတွက်မရှိမဖြစ်တဲ့ သော့ချက်တစ်ခုကို ပြသွားတာပါပဲ။ အဖြေက ဘာလဲဆိုတော့ “ တူးနေတဲ့ငါးကြော်ကို စားလိုက်တော့လည်း ဘာများအရေးကြီးသလဲသားရဘ်၊ တနေ့လုံးအိပ်မလုပ်တွေနဲ့ အလုပ်ရှုပ်မောပန်းနေတဲ့အမေ့ကိုမှ မစာနာဘဲ ငါးကြော်တွေတူးရသလားဆိုပြီး အပြစ်တင်မာန်မဲမယ်ဆိုရင် အမေ့ရဲ့စိတ်ထိခိုက်သွားမယ့်ကိစ္စက ငါးကြော်ထက်ပိုပြီး အရေးကြီးတယ်မဟုတ်လား” တဲ့။
မူရင်းဇာတ်လမ်းနဲ့ အနည်းငယ်ကွဲပြားမှုတော့ရှိနိုင်ပေမယ့် အဓိကအချက်ကတော့ အိမ်မှုကိစ္စတွေနဲ့အလုပ်ရှုပ်ရ၊ မောပန်းရတဲ့ အိမ်ထောင်ရှင်မကို အိမ်ထောင်ရှင်ယောကျ်ားတစ်ယောက်က စာနာနားလည်ပေးလိုက်ခြင်းဟာ အိမ်ထောင်တစ်ခုအတွက် တနည်းအားဖြင့် မိသားစုတစ်ခုအတွက် အဓိကကျတယ်ဆိုတာကို မက်ဆေ့ပေးသွားတာလေးကိုတော့ မှတ်မိနေတာပါပဲ။ မြန်မာမိသားစုအတော်များများမှာ (အားလုံးကိုမဆိုလိုပါဘူး) အဲဒီလို နားလည်စာနာပေးရမယ့်အစား အထက်ပြောသလို “သားကိုသခင်၊ လင်ကိုဘုရား”ဆိုတဲ့မှားယွင်းနေတဲ့အယူအဆဆိုးကြီးကိုသာ လက်ကိုင်ထားမိရင်အိမ်ထောင်ရှင်တွေကြားမှာ သွေးကွဲစရာတွေဖြစ်လာနိုင်ပါတယ်။
တူးနေတဲ့ငါးကြော်ဇာတ်လမ်းထဲကလို ဝင်ငွေမရှာပေမယ့် နာမည်တပ်မရတဲ့အိမ်မှုကိစ္စလုပ်နေတဲ့ မိန်းမဖြစ်သူကိုလည်း စာနာစိတ်လေးနဲ့ဖေးမကူညီမယ်၊ အိမ်မှုကိစ္စတွေကို အတူလုပ်ကိုင်ကြလို့ အိမ်မှုတာဝန်ပေါ့သွားတဲ့အခါ ဝင်ငွေရှာတဲ့အိမ်ထောင်ဦးစီးအတွက်လည်း အိမ်ထောင်ရှင်မလုပ်သူက ဝင်ငွေကူရှာပေးနိုင်တာပါပဲ။ အဲဒါကြောင့် “သားကိုသခင်၊ လင်ကိုဘုရား”ဆိုတဲ့ ဂျင်းစကားပုံကို မယုံစားဘဲ “မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုတဲ့စကားကိုသာ လက်ကိုင်ထားမယ်ဆိုရင် ဝင်ငွေတိုးပွားလို့ အိမ်မှုကိစ္စအလှည့်စီတာဝန်ခွဲလို့ မျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ သာယာတဲ့မိသားစုတစ်ခုဖြစ်မှာ အသေအချာပါပဲလို့ ဖော်ပြလိုက်ရပါတယ်နော်။