သင့်စွမ်းရည်က သင့်ကိုယ်ပိုင်အလင်းရောင်ပါပဲ။
“စိန်နားကပ်ရောင်နဲ့ ပါးပြောင်…” ဆိုတဲ့စကားကိုကြားဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်အလင်းရောင်နဲ့ လင်းလက်နေတာမဟုတ်ဘဲ စိန်နားကပ်ရဲ့အရောင်ကြောင့် ပြောင်လက်နေရတယ်ဆိုတဲ့သဘောပါ။ ပြောချင်တာကတော့ ကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးနဲ့မဟုတ်ဘဲ အခြားသူတစ်ယောက်ရဲ့ တန်ဖိုးပေါ်မူတည်ပြီး ကိုယ်ပါတန်ဖိုးရှိသယောင်ထင်မြင်စေတာဖြစ်ပါတယ်။ “ဆင်ဖြူတော်မှီပြီး ကြံစုပ်ချင်တဲ့သဘော” ပါ။ ထိုသဘောတရားအရ ဆင်ဖြူတော်ရှိနေတုန်းတော့ ကြံရည်၀၀လင်လင်ရနိုင်ပေမယ့် ဆင်ဖြူတော်မရှိတော့တဲ့အခါ ဘယ်လိုလုပ်မလဲလို့တွေးစရာရှိပါတယ်။
အချို့တွေက ပြောတတ်ကြပါတယ် “မိဘက ချမ်းသာနေတာပဲ…..မိဘစည်းစိမ်ထိုင်စားလို့ရတယ်” ဆိုတာမျိုး “မိဘက ရာထူးတွေ၊ ဂုဏ်တွေငွေတွေရှိနေတာပဲ….ဘာမှမလိုတော့ဘူး” ဆိုတဲ့စကားမျိုးတွေပြောတာကြားဖူးကြမှာပါ။
ကျွန်တော်တို့ငယ်ငယ်ကတည်းက အရိုးစွဲခဲ့တဲ့ “ကုဋေ ရှစ်ဆယ်သူဌေးသား” ပုံပြင်ထဲမှာလိုပေါ့။ မိဘက ကုဋေကုဍာပေါင်းများစွာ ချမ်းသာမှုစည်းစိမ်တွေထားခဲ့ပါစေအုံး။ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်တဲ့အသိဉာဏ်နဲ့ အရည်အချင်းမရှိတဲ့သားသမီးဟာ ဆယ်သက်စားမကုန်နိုင်တဲ့စည်းစိမ်ပေမယ့် ကုန်ဆုံးသွားရတာပါပဲ။ အဲဒါအပြင် ကိုယ်ပိုင်အစွမ်းအစမရှိတဲ့အခါကျပြန်တော့ ကုန်ဆုံးသွားတဲ့စည်းစိမ်ကိုလည်း ပြန်မရှာနိုင်သလို၊ ကိုယ့်ဘဝရပ်တည်ရှင်သန်ဖို့တောင် မစွမ်းဆောင်နိုင်ပြန်ပါဘူး။ အဲဒီ့တော့ “မိဘကချမ်းသာနေတာပဲ…..ဘာမှလုပ်စရာမလိုဘူး။” ဆိုတဲ့စကားကမှန်ပါ့အုံးမလား။ မိဘက ငွေကြေးချမ်းသာလို့ ကိုယ်ပိုင်အရည်အချင်းမရှိရင် ဆယ်သက်စားမကုန်တဲ့စည်းစိမ်ပိုင်ဆိုင်ထားလည်း အလကားပါပဲနော်။
တကယ်တော့ မိဘရဲ့စည်းစိမ်ချမ်းသာဟာ မိဘပိုင်ဆိုင်တာဖြစ်ပြီး သားသမီးရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ရထားတာမဟုတ်ပါဘူး။ ကိုယ်ပိုင်အရည်အချင်းရှိတဲ့သားသမီးတစ်ယောက်ဟာ မိဘရဲ့စည်းစိမ်ချမ်းသာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့ဟာသူရပ်တည်နိုင်အောင်ကြိုးစားနိုင်မှာပဲဖြစ်ပါတယ်။ အဲဒါကြောင့်မိဘတွေကိုလည်း ကိုယ့်ရဲ့သားသမီးကို ကိုယ်တိုင်ကြိုးစားချင်စိတ်ရှိအောင်ပြုစုပျိုးထောင်ဖို့အရေးကြီးတယ်လို့ ပြောကြတာဖြစ်ပါတယ်။
ဘဝမှာလည်း အလားတူပါပဲ။ ကိုယ်ပိုင်အလင်းရောင်နဲ့တောက်ပနိုင်တဲ့သူဟာ ဘယ်သူကမှ သူ့ရဲ့အလင်းရောင်ကို မှေးမှိန်သွားအောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုပဲ ကိုယ်ပိုင်အလင်းရောင်မရှိဘဲ အခြားသူတစ်ယောက်ရဲ့အလင်းရောင်နဲ့မှီခိုချင်သူကလည်း ဘယ်တော့မှ ကိုယ်ပိုင်အလင်းရောင်မရှိလာနိုင်ပါဘူး။ အမြဲတမ်း သူများကိုမှီခိုချင်တဲ့စိတ်က ကိုယ်ပိုင်အလင်းရောင်ရှိအောင် ကြိုးစားချင်စိတ်ကို ပျောက်ဆုံးလာစေပါတယ်။ အရည်အချင်းမဲ့လာစေပြီး ကိုယ်တိုင်လုပ်ယူချင်စိတ်၊ ကြိုးစားချင်စိတ်ကင်းမဲ့လာစေပြီး အမြဲတစေ သူများကိုပဲ အားကိုးချင်စိတ်ဖြစ်လာစေပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင်စွမ်းရည်မရှိနိုင်တော့ပါဘူး။
ကျွန်တော်တို့ရဲ့ဘဝရှင်သန်ရေးအတွက် ကျွန်တော်တို့ကိုယ်တိုင်မှာပဲတာဝန်ရှိတာပါ။ အခြားဘယ်သူ့ကိုမှ တာဝန်ယူခိုင်းလို့မရပါဘူး။ လူတိုင်းက မတူညီတဲ့တိုက်ပွဲတွေကို ဆင်နွှဲနေရတာချည်းပါပဲ။ အဲဒီတော့ ကိုယ်ပိုင်အရည်အချင်းရှိအောင်သာ ကြိုးစားထားမှ ကိုယ်ပိုင်ဘဝကို ကိုယ်လိုသလို ဖန်တီးစီမံနိုင်မှာဖြစ်ပါတယ်။ “I am the master of my fate” ဆိုတဲ့စကားလိုပဲ ကိုယ်တိုင်သာ ကိုယ့်ကံကြမ္ပာရဲ့ပဲ့ကိုင်ရှင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်အစွမ်းအစ ရှိတဲ့သူဟာ ကိုယ်အလိုရှိတာကိုလည်း ကိုယ်တိုင်ဖန်တီးယူနိုင်မှာပါ။ ကိုယ်အလိုရှိသလို ကိုယ့်ဘဝကို ကိုယ်တိုင်ရုန်းကန်ကြိုးစားနိုင်မှာပါ။ ကိုယ်သွားမယ့်လမ်းကြောင်းကိုလည်း ကိုယ်တိုင်လမ်းခင်းနိုင်မယ့်သူဖြစ်ပါတယ်။ အခြားသူရဲ့အရည်အချင်းကို မှီခိုအားကိုးနေတဲ့သူကတော့ အခြားသူသွားတဲ့နောက်ကိုသာ လိုက်ရပါလိမ့်မယ်။ အခြားသူက စီမံသမျှကိုခံရပါမယ်၊ အခြားသူက ဦးဆောင်တဲ့အတွက် အခြားသူရဲ့စိတ်နဲ့သာရှင်သန်ရပါလိမ့်မယ်။ ကိုယ်ပိုင်အရည်အချင်းမရှိတဲ့သူဟာလည်း ခေါင်းဆောင်မဖြစ်နိုင်ပါဘူး။
အဲဒါအပြင် ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်တိုင်ကြိုးစားချင်စိတ်ရှိတဲ့သူက သူ့ရဲ့နယ်ပယ်မှာလည်း အမြဲလိုနေရာတစ်နေရာ မရရအောင်ကြိုးစားနိုင်မှာပါ။ ဘယ်လိုဘဝအခြေအနေ၊ ဘဝနယ်ပယ်ကလာပါစေ….သူရဲ့ပင်ကိုယ်အရည်အချင်းကိုသာ အသုံးချပြီး ဘဝကိုရုန်းကန်ရပ်တည်နိုင်တာမို့ ကျရှုံးလည်း ခဏပါပဲ။
ငယ်တုန်း၊ အချိန်ရှိနေတုန်းကို ကိုယ့်စွမ်းရည်တိုးတက်စေမယ့် ထိရောက်တဲ့သင်တန်းတက်ပါ၊ အချိန်ကိုအကျိုးရှိရှိ အသုံးချပါ၊ အလုပ်ခွင်စောစောဝင်ပါ။ အဲဒါမှ ကိုယ်နှစ်သက်တဲ့နယ်ပယ်ကဘာလဲသိမှာဖြစ်ပါတယ်။ ကိုယ်မနှစ်သက်တဲ့နယ်ပယ်ဆိုရင်လည်း စောစောသိ၊ စောစောနုတ်ထွက်ပြီး ကိုယ်စိတ်ပါဝင်စားရာကို ဆက်လုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်းကိုသာ သွေးထားပါ။ ကိုယ်ပိုင်အလင်းရောင်နဲ့တောက်ပနိုင်လာရင် ဘယ်နေရာမှာမဆို တည်တံ့နိုင်ပါတယ်။ အိပ်မက်တွေက ဈေးကြီးတယ်လို့….၊ ဈေးမကြီးဘူးတို့ စဉ်းစားနေဖို့တောင် အချိန်မရှိပါဘူး။ ကိုယ်ပိုင်စွမ်းရည်ထက်မြက်လာရင် ကိုယ့်အိမ်မက်ကို ကိုယ်တိုင်အသက်သွင်းနိုင်လာမှာပါ။ သက်ဆိုင်ရာစွမ်းရည်မထက်မြက်ဘဲနဲ့တော့ ကြာကြာမတောက်ပနိုင်ပါဘူး။
အဲဒါကြောင့် ဘဝအတွက်ရွှေတွေ၊ ငွေတွေစည်းစိမ်တွေမလိုအပ်ဘူးမဟုတ်ပေမယ့် ကိုယ်တိုင်ကြိုးစားဖန်တီးယူနိုင်တဲ့အရည်အချင်းရှိရင် အားလုံးကို ကိုယ်ကဖန်တီးယူနိုင်ပါတယ်။ ကိုယ်လိုချင်တာက ဘယ်သူ့ကိုမှ မျှော်ကိုးပြီးမှ ရတာမဟုတ်ဘဲ ကိုယ်တိုင်ရယူနိုင်ပါတယ်။ အဲဒီ့အတွက် ဘဝမှာ အဆင်ပြေအောင်မြင်ဖို့ ဘယ်သူဘယ်ဝါကိုမှ အားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးချင်စိတ်ကိုမွေးပါ။ ကိုယ့်အရည်အချင်းပိုထက်မြက်လာဖို့သာ အချိန်ပေးကြိုးစားပါ။ အဲဒါက အချိန်တန် ကိုယ့်အတွက်စည်းစိမ်ဥစ္စာကို စုဆောင်းခြင်းတစ်မျိုးပါပဲ။ ကိုယ့်ပိုင်အရည်အချင်းရှိတဲ့သူအတွက် ကိုယ်ပိုင်ရတနာသိုက်ပါပဲ။ ကိုယ့်စွမ်းရည်ကိုသာ မြင့်တင်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။