လက်ရှိအခြေအနေထက် တိုးတက်ချင်ရင် ဒါတွေကို ရပ်လိုက်ပါ…...

သင့်ရဲ့လက်ရှိအခြေအနေထက် ပိုပြီးတိုးတက်ချင်တယ်ဆိုရင် တချို့သောအကျင့်တွေကို ချက်ချင်းပြုပြင်သင့်ပါတယ်နော်။ ပြုပြင်မှဖြစ်မယ်လို့သိပြီးတဲ့နောက်မှာတော့ ပြုပြင်ဖြစ်အောင်ပြုပြင်ဖို့ကတော့ ကိုယ့်တာဝန်ပါပဲနော်။ အမှန်တကယ်တိုးတက်ချင်ရင် တကယ်လုပ်မှဖြစ်မှာပါ။ အဲဒါကြောင့် အောက်မှာဖော်ပြထားတဲ့အချက်တွေထဲက သင့်ထံမှာရော ဘယ်လိုအကျင့်မျိုးတွေရှိနေသလဲ ပြန်သုံးသပ်ကြည့်ပါ။ ပြုပြင်သင့်တာကိုချက်ချင်းပြုပြင်လိုက်ပါလို့တိုက်တွန်လိုက်ပါတယ်နော်။


၁) စာမဖတ်ဖြစ်ခြင်း
စာဖတ်ခြင်းက အသိဉာဏ်ဗဟုသုတတိုးစေရုံမကဘူး သင့်ရဲ့တစ်နေ့တာမှာ စိတ်ဖိစီးသမျှကို ပြေလျော့စေပါတယ်။ စိတ်တည်ငြိမ်စေတာပေါ့။ တစ်နာရီလောက်ပဲအချိန်လေးပေးပြီး စာကိုပုံမှန်ဖတ်သွားပေးပါ။ အစပိုင်းမှာ မဖြစ်မနေ အကျင့်လုပ်ပြီး ဖတ်ပါ။နောက်ပိုင်းဆိုရင် စာဖတ်မဖြစ်ရင်တောင်တခုခုလိုနေသလိုထင်လာပါလိမ့်မယ်။

၂) အချိန်အလကားဖြုန်းမိခြင်း
ခုခေတ်က ဖုန်းတွေလူတိုင်းလက်ထဲရောက်နေတဲ့ခေတ်မို့ အချိန်အလကားဖြုန်းမိဖို့လည်းလွယ်ပါတယ်။ တိုးတက်အောင်လုပ်ဖို့လည်းလွယ်ပါတယ်။ ဖုန်းထဲကနေ ကိုယ့်ဖေ့ဘုတ်သုံးမယ့်အချိန်မှာ တခုခုသင်ယူဖို့ ဖုန်းထဲကို ဘယ်လို apk လေးတွေထည့်ထားမလဲဆိုတာမျိုး ပြောင်းပြီးအသုံးချဖို့တွေးကြည့်ပါ။ စာဖတ်တဲ့apk တွေ၊ အင်္ဂလိပ်စာလေ့လာတဲ့ apk တွေ စသဖြင့်ပေါ့။ အဲဒါဆိုရင် ဖုန်းကိုင်လိုက်တာနဲ့ social media လုပ်ရင်း ၊ ဂိမ်းဆော့ရင် းအချိန်မဖြုန်းမိတော့ပါဘူး။ ဖုန်းနဲ့မှမဟုတ်ပါဘူး အခြားသော အကျင့်တွေနဲ့အချိန်အလကားဖြုန်းမိနေရင်လည်း ပြုပြင်ဖို့ ကြိုးစားလိုက်ပါတော့နော်။

၃) အားနာလွန်းတဲ့စိတ်
လူတစ်ဖက်သားအပေါ်အားနာလွန်းတဲ့စိတ်ဟာ သင့်ကိုပဲတနည်းနည်းနဲ့ထိခိုက်စေပါတယ်။ နောက်ဆုံး သင့်အချိန်ကိုပါ သူ့အတွက် အားနာပြီးပေးလိုက်မိတာမျိုးပေါ့။ အဲဒါကြောင့် အားနာလွန်းတတ်တဲ့စိတ်ကိုလည်း ပြင်ဖို့ကြိုးစားပါ။

၄) အမြဲတမ်း perfect ဖြစ်ချင်တဲ့စိတ်
အမြဲတမ်း အမှားမရှိဘဲ ပြီးပြည့်စုံချင်တဲ့စိတ်က သင့်အချိန်တွေကို ခိုးယူသွားတတ်ပါတယ်။ တစ်ခုတည်းကို စိတ်တိုင်းမကျမချင်း ပြင်နေခြင်းက နောက်ထပ်လုပ်စရာရှိတာတွေကို ပါနှောင့်နှေးသွားစေတတ်ပါတယ်။ အဲဒါကြောင့် အမြဲတမ်း perfect ဖြစ်ချင်တဲ့စိတ်ကိုလည်း လျှော့ချလိုက်ပါ။ ကိုယ့်မှာ အဲဒီလိုအလွန်အကျွံ့ over perfect ဖြစ်ချင်နေတဲ့စိတ်ရှိရင် အတတ်နိုင်ဆုံးပြင်သင့်ပါတယ်။

၅) ကိုယ့်ကိုယ်ကိုယ်သံသယဝင်တဲ့စိတ်
ဒါလည်းအတူတူပါပဲ ။ငါလုပ်နိုင်ပါ့မလား.….ငါ့ဖြစ်ပါ့မလား…ဆိုတဲ့စိတ်က အောင်မြင်မှုကို နှောင့်နှေးသွားစေပါတယ်။ ငါဖြစ်နိုင်တယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကိုမွေးပါ။ ဖြစ်အောင်လုပ်နိုင်တယ်လို့တွေးတဲ့နောက်မှာတော့ သင်ဆန္ဒရှိတာကို ချက်ချင်းထလုပ်မိသွားပါလိမ့်မယ်။ အဲဒီ့ကနေမှ ဆက်လက်ပြီး အောင်မြင်အောင်ကြိုးစားဖို့ပဲလိုတာပေါ့။

၆) တိကျတဲ့ရည်မှန်းချက်မရှိခြင်း
ရည်မှန်းချက်ဆိုတာ ဖြစ်ကိုဖြစ်လာရမယ်လို့ ပြောတာမဟုတ်ပေမယ့် ဘယ်နေရာကိုရောက်ဖို့ ဘယ်လမ်းကိုသွားမယ်ဆိုတဲ့အတွေးတွေနဲ့ သင့်ကို လမ်းပြသလိုဖြစ်စေပါတယ်။ အဲဒီ့စိတ်ရှိနေသရွေ့ သင်သွားချင်တဲ့လမ်းကနေ အခြားလမ်းကို မသွေဖီတော့ပါဘူး။ အာရုံမများတော့ဘူးပေါ့။ အဲဒါကြောင့် ဘာဖြစ်ချင်တာလဲဆိုတဲ့ တိကျတဲ့ရည်မှန်းချက်ချမှတ်ထားဖို့လိုပါတယ်။ ကိုယ်လက်ရှိလုပ်နေတဲ့အရာသည် ဘာကိုရည်ရွယ်ပြီး ဘယ်အထိအောင်သွားမှာလဲဆိုတဲ့ တိကျတဲ့ရည်မှန်းချက်မျိုး မရှိသေးရင် အခုပဲ စဉ်းစားကြည့်ပါ။

၇) ကြိုတင်ပြင်ဆင်မှုမရှိခြင်း
ရည်မှန်းချက်မရှိခြင်းက ဘဝကိုဆက်လျှောက်ဖို့ လမ်းညွှန်ဆိုင်းဘုတ်မရှိတာနဲ့တူပါတယ်။ အဲဒီ့အတွက် ဘယ်ကိုသွားချင်လို့သွားချင်မှန်းမသိ၊ ဘာကိုကြိုတင်ပြင်ဆင်ရမယ်မှန်းမသိတော့ပါဘူး။ တိကျတဲ့ရည်မှန်းချက်မရှိခြင်းက ကြိုတင်ပြင်ဆင်မှုမရှိခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။

၈) အရည်အချင်းတိုးတက်မှုအတွက် အားမထုတ်ခြင်း
အခြားသူတွေဘာတိုးတက်သွားပြီလဲ၊ ဘာတွေဖြစ်လာပြီလဲလို့တွေးမိနေပြီဆိုရင် ကိုယ့်ကရော ဘာတွေလုပ်မိနေသလဲလို့ပြန်တွေးပါ။ ကိုယ့်အရည်အချင်းအတွက် ကိုယ်ဘာတွေကြိုးစားအားထုတ်ထားသလဲ၊ ကိုယ့်အရည်အချင်းအတွက် ကိုယ်တိုင်ကဘာမှမလုပ်ထားဘူးဆိုရင် သင်ကဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ အဲဒီ့အခါမှ အခြားသူကို အားကျနေလို့လည်း မထူးတော့ပါဘူး။ အဲဒါကြောင့် သင့်အရည်အချင်းတိုးတက်မှုအတွက် ဘာကိုမှမကြိုးစားနေဘူးဆိုရင် ခုချက်ချင်း သင့်ကိုသင်တစ်ခုခုကို ပြုပြင်ပြောင်းလဲဖို့လိုနေပါပြီ။

ငွေပေးပြီး သင်တန်းတက်မှ ရမယ့် သင်တန်းလက်မှတ်တွေနဲ့ အရည်အချင်းမျိုးကို ဆိုလိုချင်တာမဟုတ်ပါဘူး။ ငွေပေးရသည်ဖြစ်စေ၊ မပေးရသည့်ဖြစ်စေ၊ ကိုယ်တကယ်တတ်မြောက်ပြီး ကိုယ့်ရဲ့တကယ့်အရည်အချင်းတိုးတက်ပြီး ကိုယ်တကယ်တတ်ကျွမ်းသွားစေတဲ့ပညာမျိုးကို ကိုယ့်ပတ်ဝန်းကျင်မှာတင် သင်ယူလို့ရပါတယ်။ သင်တန်းရယ်လို့တက်မှမဟုတ်ပါဘူး။ သင်တကယ် နှံ့စပ်အောင်လေ့လာသင်ယူဖို့သာလိုတာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။