အမြဲကံကောင်းတဲ့လူဖြစ်စေဖို့ လုပ်သင့်တဲ့အကျင့်များ

ကံကောင်းတယ်ဆိုတာကို လူတော်တော်များများက လက်ခံပုံချင်းမတူကြပါဘူး။ တကယ်တမ်းတော့ ကံဆိုတာက သူ့ဟာသူရှိနေပြီး လူတစ်ယောက်ရဲ့ကောင်းခြင်းဆိုးခြင်းကို support လုပ်ပေးနေတာလို့ ကိုယ်တွေကတော့မခံယူပါဘူး။ ကံသည်အလုပ်၊ အလုပ်သည်ကံရယ်လို့ မှတ်ယူခြင်းက တနည်းအားဖြင့် “ကိုယ်ကြိုးစားရင် ကြိုးစားသလောက် တိုးတက်လာမှာမို့ ကံကောင်းလာမှာပဲ” ရယ်လို့ တွေးပြီး အားတင်းနိုင်သေးတယ်လေနော်။ အဲဒီ့အတွက် အမြဲကံကောင်းဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ခံယူချက်က အရေးကြီးပါတယ်။ “မွေးကတည်းက ပါလာတဲ့ကံကိုက မကောင်းတာ” ဆိုတဲ့အတွေးမျိုးနဲ့ ကိုယ့်စိတ်ကို အတင်းဆွဲချပြီး စိတ်ဓာတ်ကျအောင်လုပ်တာမျိုး မတွေးဘဲ “အလုပ်သည်ကံ၊ ကံသည်အလုပ်” အလုပ်ကို ကြိုးစားပြီး ကံကောင်းလာအောင်လုပ်မယ်လို့တွေးတာက ပိုကောင်းပါတယ်။ အဲဒါကြောင့် တကယ်တမ်းကံကောင်းခြင်းဆိုတာကို ကိုယ်ကလုပ်ယူနိုင်ဖို့ ကိုယ့်ရဲ့အကျင့်အဖြစ်မွေးမြူရမယ့်အရာတွေရှိပါတယ်။


၁) ကိုယ့်စွမ်းရည်ကိုသာ စိတ်ဝင်စားပါ။
ကိုယ့်အကြောင်းကိုစိတ်ဝင်စားတဲ့လူတွေက ကိုယ်ဘာတွေထပ်ပြီး တိုးတက်အောင်လုပ်သင့်သလဲ၊ ဘာတွေမှာ အားနည်းနေသလဲ၊ အားနည်းချက်ကို ဘယ်လိုအားသာချက်နဲ့ထိန်းရမလဲ၊ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ကဘာလဲ၊ ကိုယ့်ရဲ့အကျင့်ဆိုးတွေကို ဘယ်လိုထိန်းမလဲ စသဖြင့် ကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုသာ အာရုံစိုက်တာမို့ အမြဲတမ်းသူများထက် ပိုပြီး ခြေတစ်လှမ်းသာတဲ့လူဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့်လည်း ကံအမြဲလိုကောင်းနေတတ်တာပေါ့။ အဓိကကတော့ ကိုယ့်ရဲ့စွမ်းရည်ကိုအာရုံစိုက်ခြင်းဟာ ကိုယ့်ရဲ့တိုးတက်မှုကို အမြဲကြံဆနေပြီး ကိုယ့်ရဲ့တိုးတက်မှုကြောင့် ကိုယ်က ကံကောင်းနေတတ်တာပါပဲ။

၂) ဘယ်အလုပ်မဆို စေတနာအပြည့်ထားပါ။
ဘယ်အလုပ်ကိုမဆို မလုပ်ရင်မလုပ်နဲ့။ လုပ်ရင်လည်း စေတနာအပြည့်နဲ့ ထိထိရောက်ရောက်ကြိုးစားပမ်းစားလုပ်တတ်ခြင်းက တန်ဖိုးမသိတဲ့လူအတွက် တန်ဖိုးမရှိပေမယ့် တန်ဖိုးသိတဲ့လူနဲ့တွေ့တဲ့အခါမှာတော့ ကိုယ့်ရဲ့အရည်အချင်းကိုအသိအမှတ်ပြုခံလာရပြီး ကံကောင်းလာတယ်ဆိုတာ သူ့အတွက်ဖြစ်လာတတ်ပါတယ်။ အဲဒါကြောင့် ဘယ်အလုပ်ကိုမဆို ဘယ်သူသိသိမသိသိ တန်ဖိုးထားပြီး စေတနာအပြည့်နဲ့ လုပ်ပေးဖို့အရေးကြီးပါတယ်။

၃) အကြင်နာတရားထားတတ်ပါစေ။
လူတိုင်းအပေါ်အကြင်နာတရားထားတတ်ခြင်းဟာ တကယ့်တမ်းအခြေအနေအခက်အခဲတွေကြုံလာတဲ့အခါ ကိုယ့်အတွက် မထင်မှတ်ထားတဲ့ ကံကောင်းခြင်းဖြစ်လာတတ်တယ်ဆိုတာ ယုံတမ်းပုံပြင်မဟုတ်ပါဘူး။ တကယ်ဖြစ်လာတတ်တာမျိုးပါ။ အခြေအနေအဆင့်အတန်းမခွဲခြားဘဲ လူတိုင်းကို အကြင်နာတရားပြည့်ဝစွာဆက်ဆံတတ်ခြင်းကြောင့် ကိုယ့်အပေါ်လည်း ကိုယ်မထင်မှတ်ထားတဲ့ အကြင်နာတရားမျိုးတွေပြန်ရလာတာမျိုးပေါ့။

၄) ဇွဲရှိရှိ ကြိုးစားပါ။
ဇွဲရှိရှိကြိုးစားတတ်ခြင်းဟာ ကိုယ့်အတွက် အနည်းဆုံးဇွဲဆုတော့ရနိုင်ပါသေးတယ်။ နောက်ဆုံး သင်ခန်းစာတစ်ခုပိုက်ပြီး ရှေ့ဆက်လို့ အောင်မြင်နိုင်ပါသေးတယ်။ အဲဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို ဇွဲရှိရှိကြိုးစားတတ်ပါစေ။ အဲဒါက သင့်ရဲ့ကံကောင်းခြင်းဖြစ်လာမှာပါ။

၅) အရှုံးတွေထဲက သင်ခန်းစာယူပါ။
အရှုံးတွေကတော့ ကြုံရမှာပါပဲ။ ကျရှုံးမှုကြုံဖူးတဲ့သူမှ ကံကောင်းမှုကို သိနိုင်တာမဟုတ်လား။ အဲဒါကြောင့် သင်ကံကောင်းချင်ရင် အရှုံးတွေထဲက သင်ခန်းစာယူပြီး ဇွဲရှိရှိဆက်ကြိုးစားလိုက်ပါ။

၆) ကိုယ်ထိန်းချုပ်နိုင်တဲ့ကိစ္စတွေကို သေချာခွဲခြားသိတယ်။
ကိုယ်ထိန်းချုပ်နိုင်တဲ့ကိစ္စတွေကိုသာအာရုံစိုက်ခြင်းက အချိန်ကုန်သက်သာပြီး လူရဲ့စွမ်းအင်လည်းအလကားမကုန်စေတော့ပါဘူး။ ကိုယ်က ဒီအရာကို မထိန်းချုပ်နိုင်ဘူး၊ ကိုယ်က ဒီအရာကို ထိန်းချုပ်နိုင်တယ် ကိုယ်တိုင်သေချာကြိုးစားမယ်ဆိုတဲ့စိတ်မျိုပေါ့။ အဲဒါကြောင့် ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေအပေါ်မှာသာ အာရုံစိုက်ပြီး စိတ်လေနေတဲ့လူထက်စာရင် ပိုကံကောင်းနိုင်ချေများတာပေါ့။
အထက်ကအချက်တွေကိုသာ တကယ်မသွေမတိမ်း လိုက်နာပြီး ကြိုးစားကြည့်ပါ။ အချိန်ကာလတစ်ခုအရောက်မှာ လူအများက သင့်ကို ကံကောင်းလိုက်တာလို့ မတွေးဘဲကို မနေနိုင်ပါဘူး။ အဲဒါကြောင့် သင်တတ်နိုင်နဲ့ အစွမ်းကုန်ကြိုးစားခြင်းက သင့်ကို ကံကောင်းစေမှာပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။