ဘဝကိုပျော်ရွှင်စွာဖြတ်သန်းသူတို့လုပ်လေ့ရှိတဲ့အရာများ

ဘဝမှာ ဘာတွေပဲကြုံကြုံ ခပ်ပျော်ပျော်ပဲနေလိုက်ပြီး အားမလျှော့ဘဲရှေ့ဆက်သွားနေတဲ့လူတွေကို မြင်ဖူးမှာပါ။ လူတိုင်းကတော့ ဘဝမှာစိတ်ညစ်စရာရှိတာချည်းပါပဲ။ တစ်ခုမဟုတ်တစ်ခုနဲ့ အခက်အခဲ၊ ပြဿနာအမျိုးမျိုးရင်ဆိုင်နေကြရတာပါပဲ။ ဒါပေမယ့် အမြဲတမ်းစိတ်ကိုပျော်အောင်နေတတ်သူတွေမှာ စိတ်ကိုထားတတ်တဲ့အတွက်ကြောင့်လည်း ပေါ့ပါးနေသလိုဖြစ်နေကြပါတယ်။ သူတို့ကိုမြင်ရတဲ့လူတွေအတွက်လည်း ပေါ့ပေါးပျော်ရွှင်လာတတ်ပါတယ်။ အဲဒီ့လူတွေရဲ့ အခြေခံစိတ်ထားတွေကတော့ အောက်ပါစိတ်ထားလေးတွေကို အခြေခံထားလို့ပါပဲ။


၁)ကျေးဇူးတင်စရာတွေရှာဖွေတတ်ခြင်း
ဘယ်လောက်အဆိုးကြုံကြုံ စိတ်ညစ်ပေမယ့် အားလုံးဟာခဏတာ၊ ပြီးဆုံးသွားမှာပဲဆိုတာကို တကယ်လက်ခံထားပြီး ဆိုးနေတဲ့အချိန်မျိုးမှာတောင် ကောင်းကျိုးတွေကဘာရှိမလဲလို့တွေးမြင်တတ်သူတွေပေါ့။ တနည်းအားဖြင့် ဘဝဆိုးကြီးထဲမှာတောင်မှ ကျေးဇူးတင်စရာတွေကို ရှာဖွေကျေးဇူးတင်တတ်သူတွေပါ။ ဥပမာ အခုလို ကိုဗစ်ကပ်ရောဂါဖြစ်ပေါ်နေချိန်မှာ ဘာမှလုပ်မရဘူးဆိုရင်တောင် အိမ်မှာအနားယူရတာ အမြတ်ပဲလို့တွေးတတ်သူတွေဖြစ်ပါတယ်။ လက်တစ်ဖက်ကျိုးသွားရင်တောင် လက်တစ်ဖက်အကောင်းအတိုင်းရှိသေးတာ တော်သေးတာပေါ့လို့ တွေးတတ်တဲ့သူတွေပါပဲ။ သင့်မှာလည်း အဲဒီလိုတွေးတတ်တဲ့စိတ်လေးရှိရင်ကို ပူပင်နေတဲ့ဖိစီးမှုတွေ လျှော့သွားမှာပါ။ အခုလက်ရှိ သင့်ဘဝက အဆိုးတွေကြုံတယ်ဆိုရင်လည်း သင့်မှာ ဘာတွေကျေးဇူးတင်စရာကောင်းလောက်အောင် ကျန်ရှိနေသေးလဲဆိုတာ လိုက်တွေးပြီး ချရေးကြည့်လိုက်ပါနော်။

၂) ခွင့်လွှတ်တတ်ခြင်း
လူတွေကိုမုန်းတီးနေတာက သင့်အိမ်က ကြွက်တွေကို မီးရှိုှု့ဖို့ သင့်အိမ်ကိုသင်မီးရှိုှုှုှု့နေတာနဲ့တူပါတယ်တဲ့။ အဲဒီ့စကားက အရမ်းမှန်ပါတယ်။ သင့်အိမ်ကကြွက်တွေမီးမလောင်ခင် သင့်အိမ်အရင်မီးလောင်ရသလိုပါပဲ၊ သင်ကလူတစ်ယောက်ကိုမုန်းတီးနေရင် အဲဒီ့လူက ဘာမှမဖြစ်ခင် သင့်စိတ်တွင်းမှာ သူ့ကိုမုန်းတဲ့အမုန်းနဲ့တင် သင်အရင်ပူလောင်နေရပါပြီ။ အဲဒီ့မုန်းတီးစိတ်ကို သင့်ရင်ထဲထည့်ထားခြင်းက သင့်ကိုဒေါသတွေနဲ့တင် မပျော်ရွှင်စေတော့ပါဘူး။ အဲဒါကြောင့် ပျော်ရွှင်တဲ့လူတွေမှာ အမှားတွေကို လွယ်လွယ်ခွင့်လွှတ်တတ်တဲ့အကျင့်မွေးမြူတတ်ကြပါတယ်။

၃)အကြင်နာတရားထားခြင်း
လူသားချင်းစာနာနားလည်မှုနဲ့ တစ်ယောက်နဲ့တစ်ယောက်အကြင်နာတရားထားတတ်ခြင်းက တစ်ယောက်ကပေးလိုက်တဲ့အကြင်နာတရားက အခြားတစ်ယောက်အတွက် အေးမြစေသလို၊ ပေးလိုက်တဲ့လူကိုလည်း ပီတိပေးပါတယ်။ နှစ်ဖက်လုံး အကျိုးရှိပြီး စိတ်ကြည်နူးစေတာပေါ့။ အဲဒါကြောင့် လူတိုင်းကို အဆင့်အတန်းမခွဲခြား၊ ကြင်နာဖေးမတတ်သူတွေက အခြားသူထက်ပိုပြီးပျော်ရွှင်ပေါ့ပါးနေတယ်လို့ ထင်ရတာဖြစ်ပါတယ်။

၄) လူမှုဆက်ဆံရေးကောင်းခြင်း
လူ့ဂွစာတွေဆိုရင် လူတွေသိပ်ပြီး ပေါင်းသင်းဆက်ဆံရမလွယ်ကူဘူးဆိုတာ သိကြမှာပါနော်။ အဲဒါက လူမှုဆက်ဆံရေးနဲ့ဆိုင်တာဖြစ်ပါတယ်။ လူတိုင်းနဲ့အဆင်ပြေအောင်ပေါင်းသင်းဆက်ဆံတတ်မယ်၊ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချမယ်၊ တစ်ယူသန်မဟုတ်ဘဲ လက်ခံသင့်တာလက်ခံမယ်ဆိုရင် ပေါင်းသင်းဆက်ဆံရေးအဆင်ပြေမှာပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းသင်းဆက်ဆံရေးအဆင်ပြေခြင်းဟာလည်း စိတ်ပျော်ရွှင်ခြင်းနဲ့သက်ဆိုင်နေတာပါပဲ။ အဲဒါကြောင့် လူမှုဆက်ဆံရေးကောင်းမွန်တဲ့လူတွေက ပိုပြီးပေါ့ပါးတယ်၊ ပျော်ရွှင်တယ်လို့ထင်ရတာဖြစ်ပါတယ်။

၅) ရည်မှန်းချက်ရှိခြင်း
ရည်မှန်းချက်ရှိတဲ့သူတွေဟာ အခြားသူများထက် ဘဝမှာပိုနေပျော်တယ်လို့ထင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရည်မှန်းချက်ရှိသူတွေဟာ သူတို့ရဲ့ဘဝမှာ ဘာလုပ်မယ်၊ ဘာတွေရည်မှန်းထားတယ်ဆိုတဲ့ ရည်မှန်းချက်တွေကို တစ်ခုပြီးတစ်ခုဖြစ်အောင် ကြိုးစားမယ်၊ ကိုယ်ရည်မှန်းထားတာကိုသာ အာရုံစိုက်နေပြီးတော့ အခြားသော အာရုံများစရာကို အာရုံမရောက်နိုင်ပါဘူး။ ကိုယ်ရည်မှန်းထားတာကိုဖြစ်အောင်လုပ်ဖို့အာရုံရှိမယ်၊ ရည်မှန်းထားတာတွေဖြစ်လာတဲ့အခါ ပိုပြီး ဘဝကနေပျော်လာပါတယ်၊ အခြားသော လိုသူ၊ မလိုသူတွေ၊ အခြားကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကိုလည်း အာရုံမရောက်နိုင်တော့ပါဘူး။ အဲဒါကြောင့် ဘဝမှာရည်မှန်းချက်ရှိသူတွေက ပိုပြီးပျော်ရွှင်ကြပါတယ်။

၆) ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်း
ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တတ်တဲ့သူတွေကလည်း ဘဝမှာပိုပြီးပျော်ရွှင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တဲ့သူတွေက ကိုယ်ရဲ့ပျော်ရွှင်မှုကိုအလေးထားကြပါတယ်။ အဲဒါအပြင် ကိုယ့်ကို စိတ်ဆင်းရဲစေတဲ့လူတွေ၊ ကိုယ့်ကိုပုတ်ခတ်သူတွေ၊ ကိုယ့်ကိုမကောင်းပြောတဲ့လူတွေစသဖြင့် ကိုယ့်ကိုတနည်းနည်းနဲ့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာအရရော ထိခိုက်စေတဲ့လူတွေကို သူတို့ဘဝထဲ ပြတ်သားစွာ ဖယ်ရှားတတ်သူတွေလည်းဖြစ်ပါတယ်။ ကိုယ့်ကိုချစ်ခင်တဲ့လူတွေ၊ ကိုယ့်အကျိုးလိုလားသူတွေနဲ့သာ ကိုယ်ကိုယ်ကိုယ်ဝန်းရံကြတာမို့ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်သူတွေက ပိုပြီးဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါတယ်။
ကဲ….သင့်မှာရော ဘယ်လိုအကျင့်တွေရှိနေသလဲ။ သင်လည်းဘဝကို ပျော်ရွှင်စွာနေထိုင်ချင်တယ်ဆိုရင်တော့ အထက်ကအချက်လေးတွေကို ဂရုစိုက်ပြီး ကျင့်သုံးကြည့်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။