လေ့လာသင်ယူထားသမျှကို လွယ်ကူစွာ ပြန်မှတ်မိနိင်စေမယ့် လျှို့ဝှက်နည်းလမ်း ၈ခု

လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ မှတ်မိနေသလိုလိုဖြစ်နေပေမယ့် ဘယ်မှာမြင်ဖူးဆုံဖူးမှန်းမသိဖြစ်နေမိတာမျိုး ဖြစ်ဖူးမယ်ထင်ပါတယ်။ အကြောင်းအရာတစ်ခုကို မှတ်ထားလိုက်ရင်လည်း မကြာဘူး….စမ်းတဝါးဝါးပဲ သတိရတော့တာမျိုးလို ဖြစ်ဖူးမယ်ထင်ပါတယ်။ ဂျာမန်လူမျိုး စိတ်ပညာရှင် Hermann Ebbingus ဆိုသူက လူတွေရဲ့မှတ်ဉာဏ်နဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဘာကြောင့် မေ့လျော့တတ်ကြသလဲဆိုတာကိုသိအောင် လေ့လာခဲ့ပါတယ်။ သူ့လေ့လာချက်တွေအရ အချက်အလက်တော်တော်များများကို မှတ်သားသင်ယူပြီးနောက် မိနစ် ၂၀ခန့်အကြာမှာ စတင်မေ့လျော့လာတယ်လို့တွေ့ရှိခဲ့ပါတယ်။ တစ်နာရီအတွင်းမှာတော့ သင်ယူလေ့လာမှတ်သားထားသမျှ တစ်ဝက်လောက်ကို မေ့လျော့သွားတတ်ကြတယ်လို့ သိရှိခဲ့ပါတယ်။ အဲဒီ့အချိန်အတောအတွင်းမှာ ပြန်ပြီး ထပ်တလဲလဲ သတိရအောင်လုပ်မနေဘူးဆိုရင် တစ်နေ့ကြာသွားတဲ့အခါမှာတော့ မှတ်ထားသမျှရဲ့ ၃ပုံ ၂ပုံကို မေ့သွားတတ်ပါတယ်။ အဲဒါကြောင့် သင်မှတ်မိချင်တဲ့အကြောင်းအရာကို တစ်နေ့တာလုံးမှာ အချိန်ကြာကြာမှတ်မိနေစေဖို့ စီမံတတ်ဖို့လိုပါတယ်။ အဲဒါကြောင့် သူက နည်းလမ်းတစ်ခုဖန်တီးခဲ့ပါတယ်။ ကျွန်တော်တို့ အကြောင်းအရာတွေကို ပိုပြီးမှတ်မိစေချင်တယ်ဆိုရင် ဘယ်လိုလုပ်သင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) သင်တကယ် လေ့လာမှတ်သားရမယ့် အရာတွေထဲက အရေးကြီးတာကို သေချာမှတ်သားပါ။ အဲဒါမှ အရေးကြီးတာကို ပိုပြီးမှတ်မိနေစေမှာပါ။

၂) အဓိက အကြောင်းအရာမျိုး၊ ပိုပြီးမှတ်မိသင့်တဲ့အကြောင်းအရာမျိုးကို စစချင်းမှာမှတ်သားတာပဲဖြစ်ဖြစ်၊ နောက်ဆုံးမှ မှတ်သားတာပဲဖြစ်ဖြစ်လုပ်ပါ။ ဘာကြောင့်လဲဆိုတော့ စစချင်းနဲ့ အဆုံးသတ်မှတ်သားထားတဲ့အကြောင်းအရာမျိုးကို ဦးနှောက်ကပိုပြီးမှတ်မိလွယ်စေလို့ပါ။

၃) သင်မှတ်သားရမယ့်ပစ္စည်း ဒါမှမဟုတ် အကြောင်းအရာကို သေချာနားလည်သဘောပေါက်အောင်လုပ်တာက ပိုပြီးမှတ်မိလွယ်စေပါတယ်။

၄) ဆန့်ကျင်ဘက်တွေ မှတ်သားတာက မှတ်မိလွယ်စေပါတယ်။ သင်က အခြားဘာသာစကားတစ်ခုကို သင်ယူနေတာဆိုရင် နေ့ နဲ့ ညလိုမျိုး ဆန့်ကျင်ဘက်စကားလုံးကို တွဲမှတ်တာက ပိုပြီးမှတ်မိလွယ်စေပါတယ်။

၅) အခြားဘာသာစကားတစ်ခုကို သင်ယူသောအခါ သင်သိပြီးစကားလုံးတစ်ခုနဲ့ ဆက်စပ်နေတဲ့နောက်ထပ်စကားလုံးတွေကို တွဲရက်သင်ယူပါ။ ဥပမာ၊ ရေကိုမှတ်သားတယ်ဆိုရင် သောက်တယ်ကိုပါ တွဲပြီး သင်ထားပါ။ အဲဒါဆို သင်က ရေသောက်မယ်ဆိုတဲ့စကားမှာ ဘယ်စကားလုံးကတော့ ရေ၊ ဘယ်စကားလုံးကတော့ သောက်မယ် လို့ပြောတာဆိုပြီး တတွဲထဲ မှတ်မိစေပါတယ်။

၆) အကြောင်းအရာတွေကို တူရာတူရာ မှတ်သားပါ။ ရောထွေးလွယ်တဲ့အကြောင်းအရာတူတာမျိုးကို တစ်ခါတည်းမှတ်သားပါ။

၇) ကိုယ်လေ့လာတဲ့ မှတ်သားတဲ့အကြောင်းအရာကို မြင်ယောင်တာမျိုးဖြစ်ဖြစ်၊ ကိုယ်လက်အမူအယာ (body language) နဲ့မှတ်သားထားတာမျိုးက ပိုပြီးမှတ်မိလွယ်စေပါတယ်။

၈) စကားလုံးအတိုလေးတွေ၊ အဓိပ္ပါယ်ကိုအတိုချုပ် မှတ်သားတာမျိုးတွေက ပိုပြီးမှတ်မိလွယ်စေပါတယ်။
အထက်ပါအချက်လေးတွေကို လိုက်လုပ်ကြည့်ရင်းနဲ့ သင့်မှတ်ဉာဏ်တွေ တဖြေးဖြေးချင်း တိုးတက်လာတာကို အံ့သြဖွယ်သင်တွေ့ရမှာပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။