ကျရှုံးမှာကြောက်တဲ့စိတ်ကို ဘယ်လိုကျော်လွှားမလဲ။

ဘဝမှာ တစ်ခုခုကိုဆုံးဖြတ်ချက်ချမယ်ဆိုတိုင်း အောင်မြင်ပါ့မလား၊ ကျရှုံးမယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီး ကျရှုံးမှာကိုကြောက်တတ်တဲ့စိတ်မျိုးလည်းဖြစ်ဖူးမှာပါ။ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ပဲဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တာကို လုပ်မယ်လို့တွေးမိတိုင်မှာ ပြန်တွေးတတ်တဲ့အတွေးမျိုးပေါ့။ အဲဒီလိုတွေးမိတယ်ဆိုတာ ကျရှုံးသွားရင်….ဆိုတဲ့အကြောက်တရားကြောင့်ပါပဲ။ လူတိုင်းမှာ အနည်းနဲ့အများတော့ အကြောက်တရားရှိတတ်ကြပေမယ့် တချို့ကတော့ ထိုအကြောက်တရားကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့နည်းလမ်းမျိုးကို စဉ်းစားတတ်ကြပါတယ်။ တချို့ကျတော့လည်း ထိုအကြောက်တရားကြောင့်ပဲ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ရည်မှန်းထားတာ၊ ကိုယ်လုပ်ယူရမယ့်အရာတွေကို မကြိုးစားဘဲ လက်လွှတ်လိုက်ကြပါတယ်။ အဲဒီ့အခါမှာ ကြောက်တဲ့စိတ်ကို သေချာစီမံနိုင်တဲ့သူဟာ အောင်မြင်တဲ့လူဖြစ်လာပြီး ကြောက်တဲ့စိတ်ကိုဆုပ်ကိုင်ထားပြီး ကိုယ့်အတွက် အကြောက်တရားကိုမကျော်လွှားနိုင်တဲ့သူအများစုကတော့ ကျရှုံးသူရယ်ဖြစ်လာကြတာပါ။


၁) ဘာကိုကြောက်တာလဲ။
အရင်ဆုံး ကိုယ်ကြောက်တဲ့အကြောက်ကိုသိဖို့အရေးကြီးပါတယ်။ ကိုယ်ကြောက်တဲ့အကြောက်ဟာ အစိုးရိမ်လွန်နေတာလား၊ ကိုယ်တိုင်ဖြေရှင်းလို့ရမယ့်ကိစ္စလား၊ ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စမျိုးလားပေါ့။ ကိုယ်တိုင်က မဖြစ်လာသေးတာကို ကြိုတွေးစိုးရိမ်တယ်ဆိုရင် အဲဒီ့အကြောက်တရားကို ခုလက်ရှိမအားလပ်အောင်အကျိုးရှိရာတစ်ခုခုလုပ်ရင်း အစားထိုးထားလိုက်ပါ။ ကိုယ်ထိန်းချုပ်နိုင်တဲ့အရာဆိုရင် ချက်ချင်းထိန်းချုပ်ဖို့ကြိုးစားပါ။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာဆိုရင်တော့ လွှတ်ချခဲ့လိုက်ပါ။ အဲဒါကြောင့် သင့်မှာ အခြေအနေတစ်ခုခုနဲ့ကြုံတိုင်း ကျရှုံးမှာကြောက်တဲ့စိတ်ကို သေချာမှတ်သားခွဲခြားကြည့်ပါ။

၂) သင့်အမြင်ပေါ်မူတည်ပါတယ်။
သင့်လက်ခံတဲ့အမြင်ပေါ်မူတည်ပြီး သင့်ရဲ့အတွေးက သင့်အပေါ်သက်ရောက်စေတာပါ။ အဲဒါကြောင့် သင့်ကိုယ်သင်အမြဲပျော်ရွှင်နေစေဖို့ သင့်ဘဝအပေါ် သင်မြင်နေတဲ့အမြင်က အရေးကြီးပါတယ်။ အဲဒီလိုပါပဲ သင့်ရဲ့အကြောက်တရားပေါ် သင်မြင်နေတဲ့အမြင်ကလည်း အရေးကြီးပါတယ်။ ဥပမာ။ သင်က စာမေးပွဲကို အောင်မြင်အောင် ကြိုးစားနိုင်မှာမဟုတ်ဘူးလို့ မြင်တယ်ဆိုရင် သင့်မှာအောင်မြင်အောင်ကြိုးစားချင်စိတ်နည်းသွားမှာပါပဲ။ အဲဒါကြောင့် အကြောက်တရားအပေါ် သင်မြင်နေတဲ့အရာပေါ်မူတည်ပြီး အကြောက်တရားကို ဘယ်လိုကျော်လွှားမလဲဆိုတာ သင်တွေးဖြစ်လာမှာပါ။

၃) သင့်အမြင်ကိုပြောင်းလဲဖို့ကြိုးစားပါ။
ဒီစာမေးပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့အောင်မြင်အောင်ကြိုးစားမယ်ဆိုတဲ့အတွေးရှိတယ်ဆိုရင် သင်မဖြစ်မနေ မအိပ်မနေ ကြိုးစားတော့မှာပါပဲ။ အဲဒီလိုပါပဲ သင်ကြောက်နေတဲ့အရာအပေါ် “လုပ်နိုင်ပါ့မလား….” ဆိုတဲ့စိတ်ကလည်း သင်မြင်နေတဲ့အမြင်ဖြစ်ပြီး “လုပ်နိုင်ပါတယ်…..” ဆိုတဲ့စိတ်ကလည်း သင်မြင်နေတဲ့အမြင်ပါပဲ။ အဲဒါကြောင့် သင့်အမြင်က အဆိုးဖြစ်နေရင် အကောင်းဖြစ်အောင်ပြောင်းပစ်ဖို့လိုပါတယ်။ မလုပ်နိုင်ဘူးတွေးနေရင် လုပ်နိုင်တယ်လို့ပြောင်းဖို့လိုပါတယ်။ ဖြစ်ပါ့မလား…..လို့တွေးမိရင် ဖြစ်အောင်လုပ်မယ်…..လို့ တွေးဖို့လိုပါတယ်။ အဲဒါကြောင့် သင်တကယ် ကျရှုံးမှာကိုကြောက်တဲ့စိတ်ကို ကျော်လွှားချင်တယ်ဆိုရင် သင်ကြောက်နေတဲ့အရာအပေါ်မှာ သင်မြင်နေတဲ့အမြင်ကို ပြောင်းပစ်ဖို့လိုပါတယ်။ “ငါ့ကို ထိခိုက်စေမလား…..” ဆိုတဲ့အတွေးအစား ဒီအကြောက်တရားကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ရလာမယ့်အကျိုးရလဒ်ကိုမြင်ကြည့်ပြီး အကြောက်တရားကို မရရအောင်ကျော်လွှားတာမျိုးပေါ့။ အကြမ်းအားဖြင့်တော့ အခြေအနေတစ်ခုခုကိုရင်ဆိုင်ရတဲ့အခါ ကြောက်တဲ့အရာကို လုံးဝရှောင်ကျဉ်လိုက်တဲ့လူမျိုး(သို့) ကြောက်ပေမယ့် မဖြစ်လာသေးပါဘူးလေ၊ ခုချက်ချင်းလည်း ဖြေရှင်းစရာမလိုသေးပါဘူးဆိုတဲ့လူမျိုး (သို့) အကြောက်တရားကို ထိပ်တိုက်ရင်ဆိုင်ပြီး ဘယ်လိုရအောင်ကျော်လွှားမလဲ၊ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုသာ တွေးပြီး ကျော်လွှားတဲ့လူမျိုးရယ်ဆိုပြီး ၃မျိုးခွဲခြားနိုင်ပါတယ်။ အဲဒါကြောင့် သင့်အတွေးကို အကြောက်တရားနဲ့ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရှင်းမယ်ဆိုတဲ့စိတ်မျိုးဖြစ်အောင်ပြောင်းလဲနိုင်မှ သင့်အကြောက်တရားကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

၄) တဆင့်ခြင်းသွားပါ။
တဆင့်ခြင်းသွားပါဆိုတာက သင်တတ်နိုင်တာနဲ့ ဖြည်းဖြည်းမှန်မှန်ကြိုးစားသွားဖို့ပါပဲ။ ပုံမှန်ကြိုးစားနေဖို့တော့လိုပါတယ်။ ကိုယ့်တတ်နိုင်တာကို တတ်နိုင်သလောက် ပုံမှန်လုပ်သွားပြီး ကိုယ်ကြောက်တဲ့အခြေအနေတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားပါ။ ကြောက်တယ်လို့ပြောပြီး ကြိုတင်ပြင်ဆင်မှုမရှိရင်တော့ အကြောက်တရားကို အနိုင်ရမှာမဟုတ်သလို ကျော်လွှားနိုင်မှာလည်း မဟုတ်ပါဘူး။ အဲဒါကြောင့်သွေးအေးအေးနဲ့ အကြောက်တရားကို ထိပ်တိုက်ရင်ဆိုင်ကျော်ဖြတ်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။ အခြားသူတွေနဲ့ အခြေအနေခြင်းက တူချင်မှတူမှာမို့ မနှိုင်းယှဉ်ပါနဲ့။ ကိုယ့်ရဲ့သတ်မှတ်ထားတဲ့အခြေအနေနဲ့ နှေးမနေဖို့၊ ရပ်မနေဖို့သာအရေးကြီးတာပါ။ အဲဒီလိုတဆင့်ချင်းလည်း မပြင်ဆင်ဘူး၊ သင်ကြောက်တဲ့အရာကိုလည်း ဘယ်တော့မှ ကျော်လွှားနိုင်ဖို့ မကြိုးစားဘူးဆိုရင် သင်ပဲ အကြောက်တရားကို အရှုံးပေးရတဲ့လူဖြစ်မှာပါ။ ဥပမာ။ လက်ရှိသင့်အလုပ်မှာ ဆိုင်ကယ်စီးသင်မယ်ဆိုရင် ရာထူးလည်းတိုးမယ်၊ လစာလည်းတိုးမယ်လို့ သင့်ကိုပြောတယ်ဆိုပါစို့။ သင်က ဆိုင်ကယ်စီးရမှာကိုမပြောနဲ့ စက်ဘီးတောင်မစီးတတ်သူဆိုပါရင် “ငါတော့ လုံးဝဖြစ်မှာမဟုတ်ဘူး။ စက်ဘီးတောင်မစီးတတ်တာ ဆိုင်ကယ်လည်းစီးလို့တတ်မှာမဟုတ်ဘူး” ရယ်လို့ တွေးပြီး ထိုအလုပ်ကနေ ထွက်လိုက်မယ်ဆိုရင် သင်ကသင်ကြောက်တဲ့အကြောက်တရားနဲ့အဝေးဆုံးထွက်ပြေးတဲ့သူပါ။ အဲဒီ့အကြောက်တရားကို စက်ဘီးစီးစသင်ပြီး နောက်တဆင့်ဆိုက်ကယ်စီးသင်မယ်ဆိုပြီး တဆင့်ချင်း ဖြည်းဖြည်းချင်းကြိုးစားပြင်ဆင်ထားမယ်ဆိုရင် သင့်အလုပ်မှာ ဆိုင်ကယ်စီးတတ်သွားတဲ့အခါ သင့်အတွက်ပိုမြင့်တဲ့အခြေအနေတစ်ခုတော့ သင်ရသွားနိုင်ပါတယ်။ နောက်ဆုံး ဘာမှမရရင်တောင် သင်ဘယ်တော့မှစီးတတ်မယ်မထင်တဲ့ဆိုင်ကယ်တော့ သင်ကျွမ်းကျင်အောင်စီးတတ်သွားတာ အဖတ်တင်သွားမှာပါပဲ။ အဲဒါကြောင့် ဘယ်သူတွေ ဘယ်အရွယ်မှာ စက်ဘီးစီးတတ်ပြီ၊ ဆိုင်ကယ်စီးတတ်ပြီဆိုတာက သူတို့ကိစ္စပါ၊ သင်နဲ့နှိုင်းယှဉ်စရာမလိုပါဘူး။ သင့်အခြေအနေနဲ့သင် လိုအပ်လာတဲ့အခြေအနေတစ်ခုကို “ဖြစ်ပါ့မလား…..” ဆိုတဲ့အကြောက်တရားစိတ်နဲ့ ရှောင်မပြေးဘဲ ကိုယ်လုပ်နိုင်တာကို တဆင့်ချင်း ကြိုးစားဖို့သာလိုတာပါ။

၅) ကျရှုံးမှုတွေသည်လည်း မတည်မြဲပါဘူး။
နောက်ဆုံးတစ်ခု သင့်အတွက် မဖြစ်မနေ လုပ်သင့်တဲ့အခြေအနေတစ်ခုကို လုပ်ကိုလုပ်ရမယ့်အခါ သင့်အကြောက်တရားကို ကျော်လွှားဖို့တွေးရမှာကတော့ ကျရှုံးမှုတွေသည်လည်း မမြဲဘူးဆိုတာပါပဲ။ အမြဲတမ်း ကျရှုံးနေမှာမဟုတ်ဘဲ သင်ပြန်ပြီး အနိုင်ယူနိုင်ဖို့ကြိုးစားမယ်ဆိုရင် အနိုင်ရနိုင်ချေရှိသေးတာပါပဲလေ။ “ဖြစ်ပါ့မလား…..” ဆိုတဲ့အကြောက်တရားစိတ်ကို ကြိုးစားကြည့်မယ်ဆိုရင် အရင်းနဲ့အမြတ်ပဲရှိတယ်ဆိုတဲ့ရလဒ်ကို မြင်ပြီး “ကျရှုံးမှုကြုံလည်းခဏပါပဲ။ ပြန်ကြိုးစားလို့ရတာပဲ…..” ဆိုတဲ့ စိတ်မျိုး တွေးရမှာပါ။ ကျရှုံးမှုမှန်သမျှသည် သင်သာ မပိုက်ထားဘူးဆိုရင် မမြဲပါဘူး။ ကျရှုံးမှာကြောက်တယ်….လို့အော်ပြီး အကြောက်တရားကိုသာ ပိုက်ထားတာကသာ တကယ်ကျရှုံးတာဖြစ်ပါတယ်။ တကယ်လည်း အနိုင်မရနိုင်သလို အကြောက်တရားကိုလည်း ကျော်လွှားနိုင်တော့မှာမဟုတ်ပါဘူး။
အဲဒါကြောင့် သင့်စိတ်ထဲမှာ တကယ်အကြောက်တရားကို ကျော်လွှားချင်တယ်ဆိုရင် အထက်ကအဆင့်ဆင့်ကို လိုက်နာကျင့်သုံးပြီး ကြိုးစားကြည့်ပါ။ အကြောက်တရားကို ကြောက်လို့ ခပ်ဝေးဝေးထွက်ပြေးတာမျိုး၊ ကိုယ်နဲ့မဆိုင်သေးပါဘူးဆိုပြီး အေးဆေးနေတာမျိုးထက် အကြောက်တရားကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုတွေးမှသာ အကြောက်တရားကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်လို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။