ကျရှုံးချိန်မှာ သတ္တိရှိပါ။ အောင်မြင်ချိန်မှာ မျှဝေပါ၊

ထိပ်ဆုံးရောက်နေတဲ့သူ အားလုံးနီးပါးဟာ ကျရှုံးဖူးတဲ့သူတွေသာဖြစ်ပါတယ်။ ကျရှုံးမှုပေါင်းများစွာကို ခံစားရပြီး ကျရှုံးချိန်မှာ သတ္တိရှိခဲ့လို့ နောက်ဆုံးမှာ အောင်မြင်ခဲ့တဲ့သူတွေဖြစ်လာခဲ့တာပါ။ မအောင်မြင်တဲ့သူတော်တော်များများက ကျရှုံးဖူးပေမယ့် ပြန်လည်ကြိုးစားဖို့ သတ္တိမရှိသလို၊ ကျရှုံးမှုတွေထပ်ပြီး ကြုံတွေ့ရမှာကိုလည်း ရင်ဆိုင်ဖို့ သတ္တိမရှိသူတွေပါပဲ။ ရပ်ကွက်ထဲက လူတွေပြောတတ်ကြတဲ့စကားတစ်ခုရှိပါတယ် “အရင်းမရှိရင် အရှုံးမရှိဘူး” ဆိုတဲ့စကားပါ။ ထိုစကားရဲ့အဓိပါ္ပယ်က ဘာမှမရင်းထားရင် ရှုံးတယ်ဆိုတာရှိမှာမဟုတ်ဘူးဆိုတဲ့သဘောပါ။ ဒါပေမယ့် ထပ်စဉ်းစားကြည့်ရင် ဘာမှမရင်းထားရင် ဘာအရှုံးမှ မရှိသလို၊ မြတ်တာလည်း ရှိမှာမဟုတ်ဘူးမဟုတ်လား။ ဘယ်အရာမဆို ရှုံးမှာကြောက်လို့များ မရင်းဘူးဆိုရင် မြတ်တာလည်း သင်စံရမှာမဟုတ်ပါဘူး။ တကယ်တော့ ထိုစကားက မှန်သယောင်နဲ့ မှားပါတယ်။ ကျရှုံးဖို့ သတ္တိိမရှိသူတွေက ထွင်ခဲ့တဲ့စကားဖြစ်ပုံရပါတယ်။ ကျရှုံးမှာကို သတ္တိရှိရှိ ရင်မဆိုင်ရဲရင် အောင်မြင်တာလည်း မရှိနိုင်ဘူးဆိုတာနဲ့ အဓိပါ္ပယ်အတူတူပဲမဟုတ်ဘူးလား။


ကျရှုံးမှုကို ထိပ်တိုက်ရင်ဆိုင်ရဲမှ အောင်မြင်မှုဆိုတာလည်း ရရှိစံစားနိုင်မှာပါ။ ကျရှုံးမှာကို သတ္တိမရှိသူကတော့ အောင်မြင်မှုနဲ့ အဝေးကြီးမှအဝေးကြီးပါပဲ။ အဲဒါကြောင့်အောင်မြင်သူတိုင်းက ကျရှုံးဖူးတဲ့သူတွေဖြစ်နေတာပေါ့။ ဘာလို့ဆိုတော့ ရှင်းရှင်းလေးပါပဲ။ သူတို့က ကျရှုံးချိန်မှာ သတ္တိရှိလို့ပါ။ ကျရှုံးမှာကိုလည်း မကြောက်မရွံ့ရင်ဆိုင်ရဲသလို၊ ကျရှုံးမှုဒဏ်ကိုလည်း သတ္တိရှိရှိခံနိုင်ခဲ့လို့ နောက်ဆုံးမှာ အောင်မြင်ရတာပါပဲ။ အဲဒါကြောင့် “အရင်းမရှိလို့ အရှုံးမရှိဘူး” ဆိုတဲ့စကားပြောတဲ့သူကိုပြောလိုက်ပါ။ အဲဒါဆိုရင် အမြတ်လည်း မရှိ၊ အောင်မြင်မှုလည်း မရှိပါဘူးလို့။ အောင်မြင်ချင်ရင် ကျရှုံးမှုကိုခံရမှာပါပဲ။
ကျရှုံးမှုဒဏ်ကို တစ်ခါခံပြီး နောက်တခါအောင်မြင်မယ်လို့လဲ တန်းမပြောနိုင်ပြန်ဘူး။ ကျရှုံးမှုကို အခါခါ ခံရမှာပါ။ အဲဒီ့တော့ သင်က အောင်မြင်ချင်ရင် ကျရှုံးချိန်မှာ သတ္တိရှိရပါလိမ့်မယ်။ George Clooney ကပြောထားပါတယ်၊ “မကြိုးစားခြင်းကသာ ကျရှုံးခြင်းပါပဲ” တဲ့။ Walt Disney ကကျတော့ “အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းရဲ့ကြားကခြားနားချက်က မရပ်တန့်ခြင်းပါပဲ” တဲ့။
ကျရှုံးချိန်မှာ သတ္တိရှိရှိ ပြန်လည်ထူမတ်ပြီးမကြိုးစားဘူးဆိုရင်မှသာ တကယ်ကျရှုံးတာပါ။ အဲဒါကြောင့် ကျရှုံးခြင်းကို ကြောက်လန့်မနေဘဲ အခါခါ ကျရှုံးပါစေ၊ ပြန်ထနိုင်အောင် သတ္တိရှိရှိ ပြန်လည် ကြိုးစားပါ။ ကျရှုံးချိန်မှာ ပြန်လည်ထူမတ်နိုင်ဖို့ သတ္တိရှိပါ။
အဲဒါကြောင့် အောင်မြင်မှုကိုလိုချင်ရင် အခါခါ ကျရှုံးမှုကို ရင်ဆိုင်ရမယ်၊ သတ္တိရှိရှိပြန်လည် ထူမတ်ပြီး ပြန်ကြိုးစားမယ်။ ဒါက အားလုံးနီးပါးသိပြီးသားပါ။ တကယ်လိုက်နာနိုင်မှ တကယ်အောင်မြင်မှာပါ။
နောက်ထပ်လူတစ်မျိုးကျတော့ ကျရှုံးမှုမှာလည်း သတ္တိရှိပါတယ်။ အောင်မြင်အောင်လည်းကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် အောင်မြင်ချိန်မှာ စိတ်ဓာတ်ပြောင်းလဲသွားတာပါပဲ။ အောင်မြင်သွားပြီ….ဒါဆိုရင် ကြိုးစားခြင်းရဲ့လမ်းဆုံးဖြစ်သွားပြီ။ အားလုံးကို အောင်မြင်ခြင်းနဲ့အဆုံးသတ်ပြီးသွားပြီလို့ ထင်လိုက်ရင် မှားသွားမှာပါ။ ကောက်ရိုးမီးလို ခုမီးရှို့ပြီး ခုပဲ ဝုန်းခနဲ ထတောက်ရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ ဝုန်းခနဲထတောက်တဲ့မီးက ငြိမ်းသွားပါသေးတယ်။ ငြိမ်းတာမှ ဝုန်းခနဲထတောက်သလို၊ ဝုန်းခနဲပြန်ငြိမ်းသွားတာပါနော်။ အဲဒါကိုတွေးရင်း အောင်မြင်ပြီးတာနဲ့ အားလုံးကိုတော့ အနိုင်ရသွားပြီ၊ ပြန်ကျရှုံးချိန်မရှိတော့ပါဘူးလို့များ တွေးပြီး စိတ်ကူးတွေယဉ်နေလို့မရပါဘူး။ ဘဝက မှန်ကင်းတလှည့်ထင်းတလှည့် အချိန်မရွေးဖြစ်နိုင်တာပဲမဟုတ်လား။ ဘယ်သူမှ အမြဲတမ်းကျရှုံးမနေသလို၊ ဘယ်သူမှလည်း အမြဲမအောင်မြင်နေနိုင်ပါဘူး။ အဲဒီ့တော့ ဘယ်လိုလုပ်ရမလဲ…..။
“လူတွေက သင်ဘာလုပ်ခဲ့လဲဆိုတာကို မေ့သွားလိမ့်မယ်၊ ဒါပေမယ့် သူတို့ကို ခံစားရအောင် လုပ်ပေးနိုင်တဲ့သူမျိုးကိုကျတော့ ဘယ်တော့မှမမေ့နိုင်ကြဘူး” လို့ မာယာအိန်ဂျလို ကပြောခဲ့ပါတယ်။
ထိုစကားလေးက တွေးကြည့်ရင် အဓိပါ္ပယ်ရှိပါတယ်။ သင်ဘယ်လောက်အောင်မြင်အောင်ကြိုးစားခဲ့ပါစေ…..တစ်ချိန်မှာ သင်အောင်မြင်ခဲ့တာက ပုံပြင်တစ်ပုဒ်လိုဖြစ်သွားမှာပါပဲ။ ဒါပေမယ့် သင်က ကျရှုံးချိန်မှာကော၊ အောင်မြင်ချိန်မှာပါ နှလုံးသားနဲ့ခံစားပြီး သင့်ပတ်ဝန်းကျင်၊ သင့်လူမျိုးအတွက် အကျိုးတစ်စုံတစ်ရာရှိတာကိုသာ ပေးခဲ့မယ်၊ လုပ်ခဲ့မယ်ဆိုရင်တော့ သင်မရှိတော့ရင်တောင် သင့်ကို လူတိုင်းက သတိတရရှိနေနိုင်ပါတယ်လို့ ပြောချင်တာပါ။ လူတွေရဲ့နှလုံးသားထဲကို သင့်နှလုံးသားနဲ့ခံစားထားတဲ့ တန်ဖိုးရှိတဲ့အရာတစ်ခုခု ထည့်ပေးခဲ့ဖို့ပေါ့။ အဲဒါက ဘာဖြစ်နိုင်မလဲ…..။ ငွေနဲ့တန်ဖိုးမဖြတ်နိုင်တဲ့အရာမျိုးဖြစ်မှာပါ။ ဥပမာ။ မရှိဆင်းရဲသားတွေအတွက် ပရဟိတတွေ လုပ်ပေးတာမျိုး၊ လူသားတွေအတွက် အကျိုးရှိစေတဲ့အရာတစ်ခုခုကို သင်က ဦးဆောင်ပြီးလုပ်ပေးတာမျိုးပေါ့။ သင်ကျရှုံးနေချိန်မှာ အဲဒါတွေလုပ်ဖို့မဖြစ်နိုင်ပါဘူး။ သင့်ဟာသင် ကျရှုံးမှုကို အနိုင်တိုက်နေချိန်မဟုတ်လား။ ဒါပေမယ့် သင်အောင်မြင်ချိန်မှာတော့ သင်လူသားတွေအတွက် လုပ်ပေးနိုင်မှာပါ။ ပြီးတော့ လုပ်ပေးနိုင်ဖို့လည်း ကြိုးစားသင့်ပါတယ်။ အဲဒါက လူသားဆန်ခြင်းတစ်မျိုးပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီးတစ်ခုလုံးနဲ့ချီပြီး ကောင်းဖို့မလုပ်နိုင်ရင်တောင် ကျွန်တော်တို့ပတ်ဝန်းကျင်ကလူသားတွေကောင်းကျိုးအတွက်တော့ လုပ်ပေးဖို့ကြိုးစားသင့်ပါတယ်။ အဲဒါက သင်ကိုယ်တိုင်နှလုံးသားနဲ့ခံစားပြီး သင်ကိုယ်တိုင်အခြားသူများရဲ့နှလုံးသားထဲကို သင့်နာမည်ကိုထည့်ပေးခြင်းပါပဲ။
မာသာထရီဇာ ဆိုရင် ခုချိန်ထိ သင်သတိရနေတုန်းမဟုတ်လား၊ ကျွန်တော်တို့ရဲ့ဗိုလ်ချုပ်အောင်ဆန်းဆိုရင်ကော သင်မေ့သွားလို့လား။ ဂန္ဓီဆိုရင်ကော ခုထိ ဘယ်သူမှ မမေ့သေးပါဘူး။ အဲဒါက လူသားတွေအတွက် ကောင်းခြင်းအရာရာကို ဝေမျှပေးခဲ့လို့ပါပဲ။ (အောင်မြင်ချိန်မှာမှ ဝေမျှခဲ့တာတော့မဟုတ်ဘူးပေါ့၊) ခြွင်းချက်အနေနဲ့ အောင်မြင်ချိန်ပဲဖြစ်ဖြစ် ကျရှုံးချိန်ပဲဖြစ်ဖြစ် အခြားသူများအတွက်ကောင်းခြင်းအရာတွေ ပေးနိုင်ခြင်းကတော့ အကောင်းဆုံးပဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့သည်လည်း လူသားတွေပဲမို့ ကိုယ့်ရည်မှန်းချက်တွေ၊ အောင်မြင်ခြင်းတွေအတွက် ကြိုးစားရင်းကနေပဲ ကျွန်တော်တို့ပတ်ဝန်းကျင်ကလူသားတွေအတွက် လုပ်ပေးသင့်တာလုပ်ပေးခြင်းကသာ ထာဝရအောင်မြင်ခြင်းဖြစ်နိုင်မှာပါ။ အဲဒါကြောင့် သင်သတ်မှတ်ထားတဲ့အောင်မြင်ခြင်းခရီးကိုရောက်ဖို့ ကျရှုံးချိန်မှာ သတ္တိရှိပါ။ အောင်မြင်မှုကို ရရှိတဲ့အချိန်မှာတော့ လူသားတွေအတွက် အကျိုးရှိတဲ့ ဝေမျှခြင်းတွေကို လုပ်နိုင်အောင် ကြိုးစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။