Smart ဖြစ်တယ်လို့ ကိုယ့်ကို လူတွေ အထင်ကြီးလေးစားလာအောင် ဘယ်လိုလုပ်ရမလဲ။

“ကြည့်လိုက်တိုင်း Smart ဖြစ်နေတာပဲ” ဆိုတဲ့စကားမျိုးကို ကြားဖူးမှာပါ။ မျက်လုံးထဲ မြင်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ အမြဲလန်းဆန်းတက်ကြွနေပြီး မျက်လုံးထဲ အမြဲလိုအဆင်ပြေနေတာမျိုးပေါ့။ အဲဒါမျိုးဖြစ်အောင် ဘယ်လိုနေထိုင်မလဲ ဆိုတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စပါပဲ။ ဘာလို့ဆို လူတိုင်းက ထိုကဲ့သို့ smart ဖြစ်တာမျိုး လိုချင်ကြတာချည်းပါပဲ။ အဲဒါကြောင့် smart ဖြစ်အောင် ဘယ်လိုနေထိုင်မလဲဆိုတာလေ ဖော်ပြပေးချင်ပါတယ်။


၁) ကိုယ်နဲ့ fit ဖြစ်မယ့် အဝတ်အစားမျိုးကိုပဲ ရွေးပါ။
လူတစ်ယောက်ကို အရင်ဆုံး အသွင်အပြင်ကို မြင်ကြရတာပါ။ ပထမဆုံး အမြင်မှာတင် အဆင်မပြေဖြစ်နေရင် လုံး၀ smart ဖြစ်တယ်လို့ ခံစားရမှာ မဟုတ်တော့ပါဘူး။ အဲဒါကြောင့် အဝတ်အထည်က စပြီး ကိုယ့်နဲ့ fit ဖြစ်မယ်အဝတ်အထည်မျိုးကို ဝတ်ဆင်တာအကောင်းဆုံးပါပဲ။ မြန်မာဝတ်စုံဆိုရင်လည်း မြန်မာဝတ်စုံအလျောက် မိန်းကလေးဆိုရင် ကိုယ်နဲ့fit ဖြစ်ပြီး အဆင်ပြေမယ့် ဝတ်စုံမျိုးဝတ်ပါ။ အနောက်တိုင်းဝတ်စုံဆိုလည်း အနောက်တိုင်းဝတ်စုံအလျောက် ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတာမျိုးဖြစ်ပါစေ။ တစ်ချို့ကျတော့ ကိုယ်နဲ့ အရမ်းတင်းကြပ်လွန်းနေလို့ နေထိုင်မရတာမျိုး၊ ပွလွန်းချောင်လွန်းနေပြန်တော့လည်း ကိုယ့်ကိုကိုယ် လေထဲလွင့်နေပြီး အဝတ်မပါသလိုခံစားနေရပြီး ကိုယ့်ကိုကိုယ် မလှမပဘူးလို့ခံစားနေရတာမျိုးတွေ မဝတ်ပါနဲ့။ အဲဒါက သင့်ကိုသင် လှတယ်လို့မခံစားရသလို သင့်အတွက် တစ်နေ့လုံးလည်း အဆင်ပြေတယ်လို့ မခံစားရလို့ ဒီအဝတ်အထည်ပေါ်ပဲ အာရုံရောက်နေရပါလိမ့်မယ်။ ကျန်တာတွေအာရုံမစိုက်နိုင်တော့ဘူးပေါ့။
၂) ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့အဝတ်အထည်ဖြစ်ပါစေ။
မိန်းကလေးတွေအဖြစ်များကြတာပါ။ လှတယ်ဆိုပြီး ဝိုင်းပြောလို့သာ ဝတ်လိုက်တာ။ စကပ်က အရမ်းတိုလွန်းနေလို့ ဆွဲဆွဲချနေရတာမျိုး၊ အင်္ကျ ီက လည်ပင်းအရမ်းဟိုက်နေလို့ မကြာခဏ စိတ်မချဖြစ်နေတာမျိုးက တစ်နေ့လုံး ဘာလုပ်လုပ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေမှာ မဟုတ်ပါဘူး။ ဘာလုပ်လုပ် နောက်မလုံသလိုခံစားနေရလို့ သင်လည်း smart ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ယောကျ်ားလေးတွေမှာလည်း ထိုပြဿနာမျိုးကြုံနိုင်ပါတယ်။ ကြပ်လွန်းတဲ့ ဂျင်းပင်ကြောင့်အနေခက်တာမျိုးပေါ့။ အဲဒါကြောင့် ကိုယ်နဲ့လည်; fit ဖြစ်မယ်၊ ကိုယ့်ကိုကိုယ်လည်း “ငါဒီဝတ်စုံနဲ့အရမ်းမိုက်နေပါလား” ဆိုတဲ့အတွေးမျိုးဝင်စေပြီး လုံခြုံမှုရှိတဲ့ဝတ်စုံမျိုးဖြစ်သင့်ပါတယ်။
၃) သပ်ရပ်သန့်ရှင်းမှုရှိပါစေ။
မိန်းကလေးဆိုရင် ဆံပင်ဖားလျားနဲ့ အိမ်ကထွက်လာတုန်းကတော့ လှပါတယ်။ ကားပေါ်ရောက်ကာမှ လေတွေဝှေ့လိုက်လို့၊ ဘတ်စ်ကားတိုးစီးလိုက်လို့ ဆံပင်တွေပွကုန်တာမျိုးဆိုရင်လည်း အိမ်ကထွက်လာတုန်းကလို smart မဖြစ်နိုင်တော့ပါဘူး။ ယောကျာ်းလေးဆိုရင်လည်း အဲလိုပါပဲ။ ဆံပင်ပွယောင်းနေပြီး ဆီမဆွတ်၊ ဂျယ်မလိမ်း ပွရှုပ်နေတဲ့ဆံပင်နဲ့ အင်္ကျ ီကလည်း တွန့်လိမ်ကျေနေတာမျိုးဆို ကြည့်လိုက်တာနဲ့ အိပ်ရာထဲကထလာတာလားလို့ ထင်သွားမယ်ဆိုရှု် အဲဒါ smart မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် အများအမြင်မှာ သပ်ရပ်သန့်ရှင်းတာမျိုး ဖြစ်ဖို့လည်းလိုပါတယ်။ ရေမွှေးဆိုလည်း အနံစူးပြီးခေါင်းကိုင်ချင်တာမျိုးထက်၊ အနံသင်းသင်းလေးနဲ့ အနားကဖြတ်သွားသူတိုင်း မွှေးသွားစေမယ့် အနံ့မျိုးလေးဆွတ်ထားတာ၊ အဝတ်အထည်ကိုလည်း သန့်ရှင်းပြီး သပ်ရပ်နေတာမျိုး၊ ဈေးမကြီးချင်နေပါစေ …… ကြည့်လိုက်တာနဲ့ သပ်ရပ်သန့်ရှင်းနေတာမျိုးက လူကို ကြည့်လိုက်တာနဲ့ smart ဖြစ်တယ်လို့ အထင်ရောက်စေနိုင်ပါတယ်။
အထက်ပါအချက် ၃ချက်က အပြင်အဆင်ပိုင်းနဲ့ပတ်သက်လို့ လူတွေ smart ဖြစ်တယ်လို့ ထင်စေမယ့် အဓိက အချက်တွေပါပဲ။ ပထမဆုံးမြင်ရမယ့် အပြင်အဆင်ပိုင်းမှာ smart ဖြစ်အောင် ပြင်ဆင်ပြီးရင် စိတ်ပိုင်းဆိုင်ရာနဲ့ အတွေးအခေါ်ပိုင်းကိုလည်း smart ဖြစ်အောင် လုပ်ဖို့လိုပါတယ်။ အဲဒါမှသာ “ဟင်း….လူကတော့ စမတ်ဖြစ်ပါနဲ့။ တကယ်တမ်းကျတော့ ဘာအရည်အချင်းမှလည်း မရှိဘူး” ဆိုတာမျိုးမဖြစ်ဖို့ လူကော စိတ်ပါ အရည်အချင်းနဲ့ပြည့်ဝပြီး smart ဖြစ်နေအောင် ကြိုးစားသင့်ပါတယ်။ အဲဒီတော့
၁) စာဖတ်ပါ။
ကိုယ့်ကို smart ဖြစ်တယ်လို့ အထင်ကြီးတဲ့အထဲမှာ စာဖတ်ပြီး ဗဟုသုတနဲ့ပြည့်စုံခြင်းလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အဲဒါက သင့်အတွက် ဘယ်နေရာရောက်ရောက် လူတောတိုးနေမှာဖြစ်သလို တကယ်လည်း smart ဖြစ်စေတဲ့အကျင့်ကောင်းတစ်ခုပါ။ စာဖတ်တာကနေ ဗဟုသုတတွေရမယ်၊ သူများမသိတာကို ကိုယ်က ဝင်ရှင်းပြနိုင်မယ်၊ တစ်ကမ္ဘာလုံးကို စာအုပ်ထဲကနေ မြင်နိုင်တဲ့အတွက် အထွေထွေဗဟုသုတနဲ့ ပြည့်စုံလာနိုင်လို့ အခြားသူက မသိဘဲ သင်ကသိနေတာမျိုးဖြစ်တဲ့အခါ “ဟာ….ဟင်” နဲ့ အံ့အားသင့်လို့ သင်တောင်အချီးကျူးခံနေရအုံးမှာပါ။
၂) စကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီး နားထောင်ပေးပါ။
အခြားသူများကို လေးစားမှုထားခြင်းက သင့်ကို smart ဖြစ်တဲ့သူတစ်ယောက်အဖြစ် အထင်ရောက်စေနိုင်ပါတယ်။ လူတွေရဲ့သဘောကိုက ကိုယ်ပြောချင်တာကို စိတ်ဝင်တစားနားထောင်ပေးတဲ့သူကို လိုချင်ကြတာများပါတယ်။ အဲဒါကြောင့် အခြားသူများက သူတို့ရဲ့ခံစားချက်ကို ပြောပြတဲ့အခါ တစ်ခုခုကို ပြောတဲ့အခါမျိုးမှာ မျက်လုံးချင်းဆုံပြီး စိတ်ဝင်တစားနားထောင်ပေးပါ။ ထင်မြင်ချက်တောင်းရင် အကောင်းဆုံးဖြစ်နိုင်မယ့်အချက်ကို ပြောပြပေးပါ။ အဲလိုမျိုး သူတို့ရင်ဖွင့်တာနားထောင်တဲ့သူမျိုး၊ ဖြေရှင်းချက်ပေးတတ်သူမျိုးကို တော်တော်များများက စိတ်ညွှတ်လွယ်ပြီး ပိုပြီး အထင်ကြီးလေးစားတတ်ပါတယ်။ ပိုပြီးလည်း smart ဖြစ်တယ်ထင်ကြပါတယ်။
၃) ရယ်စရာလေးတွေ ပြောတတ်ပါစေ။
တစ်ချိန်လုံး ရယ်နေတဲ့ ငပေါလိုပုံစံမျိုးတော့မဟုတ်ဘူးပေါ့။ တစ်ခါတစ်ရံ အပျော်လေးတွေ၊ ရယ်စရာလေးတွေ ပြောတတ်သူကိုတော့ လူတွေက ပိုပြီး ခင်တွယ်လေးစားတတ်ပါတယ်။ smart ဖြစ်တယ်လို့ ထင်အောင်ဆိုပြီး အမြဲ ရုပ်တည်ကြီးနဲ့ နေရင် ပျင်းစရာကောင်းလွန်းလို့ သင့်အနားကနေအကုန်လုံးထွက်ပြေးကုန်ကြပါလိမ့်မယ်။ အမြဲတမ်းလည်း ရယ်နေစရာမလိုသလို၊ အမြဲလည်း ခပ်တည်တည်ကြီးလုပ်နေစရာမလိုပါဘူး။ တစ်ခါတစ်ရံ မထင်မှတ်ထားတဲ့ရယ်စရာမျိုးပြောတတ်သူကိုလည်း လူတွေက smart ဖြစ်တယ်ထင်ပြီး အထင်ကြီးလေးစားတတ်ပါတယ်။
၄) သနားကြင်နာတတ်ပါစေ။
သနားစရာတွေရင် သနားကြင်နာမှုနဲ့ လှူလိုက်တာမျိုး၊ ပေးကမ်းတတ်တာမျိုး၊ အချိန်ပေး ကူညီလိုက်တာမျိုးကလည်း smart ဖြစ်တဲ့လူတွေရဲ့ လက္ခဏာထဲမှာ ပါပါတယ်။ တည်ကြည်လေးနက်တဲ့ စိတ်ထားရှိပြီး သနားကြင်နာတတ်ခြင်းကလည်း လူအများ အထင်ကြီးလေးစားတတ်ပါတယ်။
၅) ရိုးသားဖြောင့်မတ်မှုရှိပါ။
ရိုးသားစွာနဲ့ ဘက်မလိုက်ဘဲ မှန်ကန်မှုရှိတာမျိုးကို လူအများက အထင်ကြီးလေးစားတတ်ပါတယ်။ တကယ်လည်း အမှန်တရားကို ကိုးကွယ်သူဖြစ်ပါစေ။ ပြီးတော့ သင်ကိုယ်တိုင်လည်း မှန်ကန်အောင်နေထိုင်တာမျိုးပေါ့။
၆) နည်းပညာနဲ့ပတ်သက်တာတွေ၊ update ဖြစ်နေတာမျိုးတွေ သိနေပါစေ။
ခုလတ်တလောဖြစ်နေတတ်တဲ့အကြောင်းအရာတော်တော်များများကို သိတတ်နားလည်ထားတာကလည်း အခြားသူများက မသိနားမလည်တဲ့အခါ ကိုယ်က ဝင်ရောက်ဖြေရှင်းပေးနိုင်တာမျိုးလုပ်နိုင်ပါတယ်။ အဲဒါက အခြားသူများကိုလည်း အံ့အားသင့်စေသလို သင်မသိတာမရှိသလောက်ပါလား…..ဆိုတဲ့အတွေးမျိုးက သင့်ကို ပိုပြီး smart ဖြစ်တယ်လို့ထင်ပြီး ပိုပြီး အထင်ကြီးလေးစားစေနိုင်ပါတယ်။
၇) အခြားသူများရဲ့အမြင်ကိုလည်း လေးစားတတ်ပါ။
ငါပြောတာမှ အမှန်….ဆိုပြီး ငါတကောကောနေရင်တော့ ဘယ်သူမှ ကြည့်မရဖြစ်မှာပါ။ အခြားသူများရဲ့အမြင်ကလည်း သူ့ဟာနဲ့သူတော့မှန်တယ်ထင်တာချည်းပဲလေ။ အဲဒါကြောင့် အားလုံးဟာ သူ့အမြင်နဲ့သူတော့ ဟုတ်နေတာပါလားဆိုတဲ့အတွေးလေးနဲ့ သူတို့အတွေးတွေကို ပျက်ရယ်မပြုဘဲ လေးစားသင့်ပါတယ်။
အခုဖော်ပြထားတဲ့အချက်လေးတွေထက် စာဖတ်သူတို့ ထင်တဲ့အချက်လေးတွေရှိရင် မန့်မှာ ရေးသွားပေးပါအုံး။ စာဖတ်သူအချင်းချင်း ဖလှယ်လို့ရတာပေါ့။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။