ကျောင်းထုတ်ခံရရင် ဘဝကြီးဆုံးပီလား???
ကျွန်တော်တို့ရဲ့ဘဝမှာ ကျရှုံးမှုတွေအများကြီး ကြုံခဲ့ဖူးမှာပါ။ ခုထိလည်း ကြုံနေဆဲဖြစ်နေအုံးမှာပါ၊ နောင်လည်း ကြုံနိုင်သေးတာပါပဲ။ အရေးကြီးတာက ကျရှုံးမှုတွေတိုင်းမှာ ပြန်လည်ထူမတ်နိုင်ဖို့ပါ။ ကျွန်တော်တို့ရဲ့ဘဝမှာ အထူးသဖြင့် ငယ်ငယ်လေးတည်းက မိဘတွေဆုံးမနေကျစကား ရှိပါတယ် “ကျောင်းမှန်မှန်တက်ပြီး ပညာတတ်ကြီးဖြစ်အောင်ကြိုးစား…..” ဆိုတဲ့စကားပါ။ ကျွန်တော်တို့ကလေးဘဝတည်းက အမြဲရင်းနှီးနေတာက ကျွန်တော်တို့ဘဝမှာ ကျောင်းစာကြိုးစားမှ ပညာတတ်ဖြစ်မယ်၊ အဲဒါသည်သာ ပညာဖြစ်ပြီး၊ ထိုပညာကသာ ကျွန်တော်တို့ရဲ့ဘဝကို မြှင့်တင်ပေးလိမ့်မယ်၊ ဆိုတဲ့အတွေးပါပဲ။ ထိုအတွေးမျိုးကို များသောအားဖြင့် မိဘတိုင်းလိုလိုက သားသမီးတွေကို ပြောနေကျဖြစ်မှာပါ။ ဘာကိုမှ မသိနားမလည်သေးတဲ့ကလေးဘဝမှာတော့ ကျောင်းမှန်မှန်တက်မယ်……စာကြိုးစားမယ်…….ဆရာဝန်ကြီးဖြစ်မှ၊ အင်ဂျင်နီယာကြီးဖြစ်မှ အောင်မြင်မယ်လို့ ယုံကြည်နေခဲ့ကြတာပေါ့။ တစ်ချို့သောမိဘတွေက သားသမီးကိုနားလည်စွာနဲ့ သူတို့အိပ်မက်ကို သူတို့ကိုယ်တိုင် မက်ခွင့်၊ ပုံဖော်ခွင့် ပေးတတ်ကြပါတယ်။ တစ်ချို့သောမိဘတွေကတော့ အထက်ကပြောခဲ့သလို ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ စသည်ဖြင့် သူတို့ချမှတ်ပေးထားတဲ့ အိပ်မက်လို့ထင်နေတဲ့ အိပ်မက်အတုအယောင်ကိုသာ ကလေးတွေရဲ့ခေါင်းထဲရိုက်ထည့်ပြီး ကြီးပြင်းစေတတ်ကြပါတယ်။ ဒီနေရာမှာ မိဘများကို အပြစ်ပြောချင်တာမျိုးမဟုတ်ဘဲ အိပ်မက်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြတာကို ပြောချင်တာပါ။ မိဘတိုင်းကတော့ သားသမီးတိုင်းကို အကောင်းဆုံးတွေသာ ဖြစ်စေချင်တာမို့ အကောင်းဆုံးထင်တာကိုသာ ဖြစ်စေချင်ကြတာပါ။ အဲဒီ့နေရာမှ စတင်ပြီး မိဘနဲ့သားသမီးကြားက ကွဲလွဲမှုတွေ စဖြစ်နိုင်တော့တာပါပဲ။ ကျောင်းမှန်မှန်တက်မှ၊ ကျောင်းမှာ အမှတ်ကောင်းမှ ထင်နေတဲ့မိဘများက သားသမီးကျောင်းကထွက်ရတဲ့အခါ စေတနာဇောနဲ့ ဆူပူအပြစ်တင်တဲ့အခါ သားသမီးတွေမှာ ကျောင်းကထွက်ရတာသည် ဘဝကြီးတစ်ခုလုံး ဆိုးရွားစွာပျက်စီးသွားပြီလို့ ခံစားရလာနိုင်ပါတယ်။ အလိုလိုမှ ကျောင်းကနေထွက်ရတဲ့အတွက် စိတ်ဖိစီးသည့်အချိန်မှာ မိဘကပါ ဆူပူတာမျိုးကြုံလာတဲ့အခါ မကောင်းသောအကျိုးဆက်တွေ တန်းစီပြီးဖြစ်လာနိုင်ပါတယ်။ အရေးကြီးဆုံးက ကျောင်းက ထွက်ရခြင်းသည် ဘဝကြီးတစ်ခုလုံး ဆိုးရွားစွာ ပျက်စီးခြင်း၊ ပြန်လည်မတည်ဆောက်နိုင်တော့ခြင်းမျိုး လုံးဝမဟုတ်ဘူးဆိုတာပါပဲ။ ဘဝဆိုတဲ့ကျောင်းမှာ အောင်မြင်ဖို့သာ အရေးကြီးပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ပညာတွေကို ရှာမှီးနိုင်ဖို့ အရေးကြီးပါတယ်။ ကျောင်းထွက်ရတဲ့အခါ……..ဘာဆက်လုပ်မလဲဆိုတဲ့ အမေးမျိုးကို ကြားဖူးကြမှာပါ။ ကျောင်းထွက်ရတဲ့အခါ လူငယ်လေးတွေမှာ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတာမျိုး ဖြစ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ လူငယ်လေးတွေကို ငယ်စဉ်ကတည်းက ဘာကြီးဖြစ်ရမယ်….ဆိုပြီး တိုက်တွန်းထားကြတဲ့အတွက် မှန်းထားတာကြီးကမဖြစ်လာဘဲ ဘာဆက်လုပ်ရမှန်းမသိတော့တာမျိုးဖြစ်တတ်တာပါ။ အဲဒါရဲ့ ပြဿ နာက ဘဝနဲ့ပတ်သက်တဲ့ရည်မှန်းချက်မချမှတ်ထားလို့ပါ။ မိဘသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်တစ်ခုကို ပုံသေကားချလမ်းကြောင်းအတိုင်းသွားတယ်မဖြစ်လာတဲ့အခါ ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး။ ပုံသေကားချလမ်းကြောင်းကြောင့် ကိုယ်တကယ်ချစ်ခင်မြတ်နိုးတဲ့ အိပ်မက်သည် ဘာလဲဆိုတာ မသိကြတော့ပါဘူး။ အဲဒီ့တော့ အခု သင်ကျောင်းထွက်လိုက်ရပြီဆိုပါစို့……. ၁) ရည်မှန်းချက်ပန်းတိုင်က ဘာလဲ သိအောင်လုပ်ပါ။ သင်ကိုယ်တိုင်က ကျောင်းထွက်လိုက်ရလို့ စိတ်ဓာတ်ကျနေမှာ အမှန်ပါပဲ။ ဒါပေမယ့် အဆိုးထဲကအကောင်းပါပဲ၊ သင့်ရဲ့ကိုယ်ပိုင်အိပ်မက်ကို အခုမှ သင်တည်ဆောက်ခွင့်ရတာလို့တွေးပါ။ ပြီးတော့ သင့်အိပ်မက်ကို သင်ရှာဖွေပါ။ သင့်အိပ်မက်ဆိုတာက ထိုအလုပ်တစ်ခုကို ဘယ်တော့မှ မရိုးနိုင်ဘဲလုပ်ချင်နေတာမျိုး၊ ဒါမှမဟုတ် သင်အရမ်းသဘောကျနှစ်သက်တဲ့အလုပ်ကို သင်ကိုယ်တိုင်တည်ဆောက်ချင်နေတာမျိုးပါ။ ဥပမာ၊ သင်က ကဗျာတွေရေးနေရရင်ကို ပျော်နေတယ်ဆိုရင် သေချာပါတယ် အဲဒီ့အလုပ်က သင့်အိပ်မက်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင်က အသံကောင်းတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ သင့်ပတ်ဝန်းကျင်က လူတိုင်းကပြောတယ်၊ သင်ကိုယ်တိုင်လည်း သီချင်းတွေဆိုနေရရင်ကို မောရမှန်းမသိဘူးဆိုရင်တော့ သေချာပါတယ် အဲဒါက သင့်ရဲ့အိပ်မက်ဖြစ်နိုင်ပါတယ်။ ၂) သင့်အိပ်မက်ကို ကိုယ်တိုင်ပုံဖော်နိုင်ဖို့ နည်းလမ်းကို ရှာဖွေပါ။ စဉ်းစားပါ။ သင်ရဲ့အိပ်မက်ကို သိပြီဆိုတဲ့နောက်မှာ သင်တကယ်လုပ်ချင်တာမျိုးလား၊ တကယ်ပဲ တစ်ဘဝလုံးမှာ မညည်းမငြူလုပ်နိုင်ပြီး ထိုအလုပ်မှာ စိတ်နှစ်ရလေ ပိုပြီးပျော်ရွှင်ရလေဖြစ်မယ်ဆိုရင် သေချာပါတယ်၊ အဲဒါက သင့်ရဲ့အိပ်မက်အစစ်အမှန်ပါပဲ။ သင့်ကိုသင်ပြန်မေးပြီး သေချာပြီဆိုရင် နည်းလမ်းရှာပါ။ သင်က ကုမ္ပဏီပိုင်ရှင်ဖြစ်ချင်တာဆိုပါစို့……စီးပွားရေးနဲ့ပတ်သက်တာတွေ သင်လေ့လာရမယ်၊ ဘာသာစကား၊ စီမံခန့်ခွဲမှု စသည်ဖြင့် တဆင့်ခြင်း သင်ယူဖို့သင်တွေးရပါလိမ့်မယ်။ ၃) အခက်အခဲတွေ ကြုံရတိုင်းလက်မလျှော့ပါနဲ့။ ကမ္ဘာပေါ်မှာ ကျောင်းဆက်မတက်ဖြစ်တော့ဘဲ အောင်မြင်နေတဲ့သူတွေအများကြီးပါ၊ ကိုယ်တိုင်က ဖြစ်ချင်တာက ကုမ္ပဏီပိုင်ရှင်ပါ၊ ငွေကြေးဥစ္စာမပြည့်စုံလို့ အရင်းအနှီးမရှိလို့ ဒီအိပ်မက်လုံးဝမဖြစ်နိုင်ပါဘူး လို့ ဘယ်သူပြောပြော ကိုယ်တိုင်ကဖြစ်အောင်လုပ်မယ့်စိတ်ထားပြီး ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်က လက်လျှော့လိုက်ရင်တော့ ဘာမှဖြစ်လာမှမဟုတ်ပါဘူး။ ကျောင်းထွက်ရလို့ လမ်းဘေးရောက်ရတယ်ဆိုတာက ကျောင်းထွက်ပြီးတာနဲ့ ဘဝအတွက် ဘာရည်မှန်းချက်ပန်းတိုင်မှ မသတ်မှတ်ဘဲ ကိုယ်တိုင်က လေလွှင့်ပစ်လိုက်လို့ပါ။ ကျောင်းထွက်ပြီး အောင်မြင်လာသူတွေရဲ့ သမိုင်းကြောင်းတွေ လိုက်ဖတ်ကြည့်လိုက်ပါ၊ ကျောင်းထွက်ပြီး လေလွှင့်နေခဲ့ရင် အောင်မြင်သူတောင်ဖြစ်လာမှမဟုတ်ပါဘူး။ အဲဒီ့တော့ သင်မှတ်ထားရမှာက ကျောင်းထွက်ရတိုင်း ဘဝမပျက်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင်ကဖျက်မှ ပျက်တာပါ။ ကျောင်းထွက်ရတာနဲ့ ဘဝပျက်ရတာ လုံးဝမသက်ဆိုင်ပါဘူးဆိုတာပါပဲ။ ၄) ဘယ်သူဘာပြောပြော ကိုယ်လုပ်ချင်တာသာ တစိုက်မတ်မတ်လုပ်ပါ။ ဆိုလိုချင်တာက ကိုယ်ဖြစ်ချင်တာက ဘာလဲဆိုတာသိပြီ၊ ကိုယ်သွားမယ့်လမ်းကြောင်းကို တစ်ဆင့်ချင်း ဘယ်လိုသွားမလဲဆိုတာကို ရှာနိုင်ပြီ၊ ဆက်ပြီးလုပ်ဆောင်သွားဖို့ပဲရှိတာကို အပျက်သဘောမျိုး ဘယ်သူဘာပြောပြော ဂရုမစိုက်ပါနဲ့ပြောချင်တာပါ။ ကျောင်းကတော့ထွက်လိုက်ရပြီ….ဒါပေမယ့် ဘာလုပ်ရမှန်းမသိဘဲ ဘယ်သူဘာပြောပြောဂရုမစိုက်တာမျိုးကတော့ မိုက်မဲတာဖြစ်သွားတတ်ပါတယ်။ ဒီနေရာမှာပြောချင်တာကတော့ ကိုယ့်ရဲ့ပန်းတိုင်က ကိုယ့်အတွက်တော့ ကမ္ဘာကြီးတစ်ခုလိုခံစားရပေမယ့် အများအမြင်မှ ဘာမှအရာမရောက်တဲ့အရာမျိုးဖြစ်နေတာမျိုးဆိုရင် ကိုယ့်ရဲ့ပန်းတိုင်နဲ့ပတ်သက်ပြီး အပေါစားဆန်ဆန်စကားမျိုးကို နားမယောင်ဖို့ ပြောချင်တာပါ။ ဥပမာ သင်ကကုမ္ပဏီပိုင်ရှင်ဖြစ်ချင်တယ်။ အရင်းအနှီးကလည်း တပြားမှမရှိပါဘူးဆိုရင် သင့်ပတ်ဝန်းကျင်ကလူတွေက သင့်ရည်မှန်းချက်ကိုလှောင်ပြောင်ရယ်မောတာမျိုး၊ မဖြစ်နိုင်ပါဘူး…..လို့ ပြောတတ်တာမျိုး သင်ကြုံရမှာပါ။ အဲဒီ့အခါ ဘာအတွက်ကြောင့်မှ သူတို့စကားကိုနားမယောင်ပါနဲ့။ သင်တကယ်ဖြစ်ချင်ရင် တကယ်ဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေအများကြီးပါ၊ သင်ရှာဖွေနိုင်ဖို့နဲ့ တကယ်လုပ်နိုင်ဖို့ပဲလိုတာပါ။ entrepreneurs တွေဘယ်လိုလုပ်အောင်မြင်လာသလဲ…..။ တကယ်မလုပ်ဖူးသေးတဲ့သူတွေ၊ လုပ်ဖို့လည်း စိတ်ကူးမရှိတဲ့သူတွေကတော့ မဖြစ်နိုင်ဘူးပဲပြောတတ်ကြတာပါ။ တကယ်လုပ်ပြီး တကယ်ဖြစ်သွားတဲ့သူတွေကျတော့ အားလုံးအံ့အားသင့်သွားကြရတာပါပဲ။ အဲဒီ့တော့ ကိုယ်သွားမယ့်လမ်းကြောင်းမှာ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ၅) ဇွဲရှိရှိ ကြိုးစားပါ ပန်းတိုင်သတ်မှတ်တာက ကိုယ်သွားမယ့်လမ်းကြောင်းကိုသတ်မှတ်တာပါ၊ ဘာဆက်လုပ်မလဲ….ကိုယ့်ပန်းတိုင်နဲ့နီးစပ်ရာကို ရှာဖွေတာက ကိုယ်သွားမယ့်လမ်းကြောင်းကို စပြီးခြေလှမ်းလှမ်းလိုက်တာပါပဲ။ တစ်လှမ်းခြင်းကစလို့ ပန်းတိုင်ထိရောက်အောင်တော့ ကျားကုတ်ကျားခဲသွားရမှာက ကိုယ့်ရဲ့ဇွဲ၊ လုံ့လ၊ ဝီရိယ စိတ်ဓာတ်နဲ့ဆိုင်တာပါ။ ကျောင်းတက်ခြင်းမတက်ခြင်း၊ အဆင့်မြင့်ဘွဲ့ယူခြင်းမယူခြင်းကတော့ ဘဝရဲ့တစ်စိတ်တစ်ဒေသအဖြစ်သာ ပါဝင်ပတ်သက်နေတာပါ။ တကယ်လို့များ သင်တက်နေတဲ့ကျောင်းက သင်ရည်မှန်းချက်အတွက် တက်နေတဲ့ကျောင်းဖြစ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒါဆိုရင်တော့ ဒီလိုရည်မှန်းချက်ကိုရောက်အောင်ပို့ဆောင်ပေးမယ့် ကျောင်းမျိုးကိုတော့ ကျားကုတ်ကျားခဲအောင်မြင်အောင် ကြိုးစားရမှာ သင့်တာဝန်ပေါ့။ တစ်ခါ ကျရှုံးသွားတဲ့အခါ သင့်ရဲ့ဇွဲက မလုံလောက်သေးလို့….တွေးပါ၊ နှစ်ခါကျရှုံးလည်း မလုံလောက်သေးပါလား….။ အခါခါ မလုံလောက်နိုင်ဘူးဆိုတာမရှိပါဘူး။ နောက်ဆုံးတော့ ဇွဲဆုရသွားတာချည်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဇွဲရှိရှိကြိုးစားရမှာ သင့်တာန်ပါ။ ၆) အောင်မြင်အောင် လုပ်ပါ။ ဘယ်အလုပ်မဆို အိပ်မက်ကိုတော့ အကြီးကြီးမက်ပါ။ သေးသေးလေးက စတွေးပြီးလုပ်ဆောင်ပါ။ အဆုံးထိအောင်မြင်အောင် လုပ်ဆောင်မယ့်စိတ်ကိုမွေးပါ။ လမ်းတစ်ဝက်မှာတင် ကျရှုံးမှုတွေကြောင့် အရှုံးပေးတော့မယ်ဆို ကိုယ့်ရည်မှန်းချက်က ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ ပြောခဲ့ဖူးတဲ့သူတွေကို မြင်ယောင်ကြည့်လိုက်ပါ။ တကယ်ပဲ သင်လက်လျှော့တော့မှာလား။ သူတို့ပြောခဲ့တဲ့စကားတွေက အမှန်တွေဖြစ်လာတော့မှာလား။ ဘယ်တော့မှ အရှုံးမပေးဘူးလို့ ပြန်တွေးပြီး ပြန်စတင်ပါ။ အောင်မြင်မှုကို မြင်ယောင်ပါ။ တကယ်ဖမ်းဆုပ်နိုင်အောင်လုပ်ပါ။ သင်တကယ်အောင်မြင်သွားတဲ့အခါ သင့်ကိုမဖြစ်နိုင်ဘူးပြောတဲ့သူတွေ ဘာပြောမှာပါလိမ့်။ အဲလိုတွေးလိုက်တာက သင့်ကို လဲကျနေရင်တောင် ပြန်ထလာစေနိုင်ပါတယ်။ ကျောင်းထွက်ရမှတော့ ဘဝပျက်ပြီပေါ့……လို့ အပြောခံဖူးလား။ အဲဒါက မမှန်ကြောင်းကို သင်ကစပြီး လုပ်ပြလိုက်ပါ။ သူတို့တွေအံ့အားသင့်သွားအောင်ပေါ့။ အဲဒီ့အခါ သင်နိုင်သွားပါပြီ။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျောင်းကထွက်ခြင်းကြောင့် ဘဝကြီးတစ်ခုလုံး မပျက်စီးနိုင်ပါဘူးဆိုတာပါပဲ။ အထက်မှာပြောထားတဲ့ ခေါင်းစဉ်လေးတွေအတိုင်း ကျင့်သုံးသွားရင် ကျောင်းကထွက်ပေမယ့်လည်း တစ်နေ့မှာ သင်က အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါသေးတယ်။ ကဲ….သင်ရည်မှန်းချက်ကို ရောက်အောင် သွားနိုင်ဖို့ ဒီနေ့ပဲစတင်ပြီး ခြေလှမ်းစလှမ်းလိုက်ပါတော့။ #BAWA101